စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာမှု ပိုများလာ

RFA Burmese
2024.03.29
စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လူငယ်တွေ ပြည်ပထွက်ခွာမှု ပိုများလာ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ရှိ ခရီးသွားများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက လူငယ်အများစုဟာ ပြည်ပနိုင်ငံတွေကို ရရာအလုပ်တွေနဲ့ ထွက်ခွာနေကြတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေအပြင် စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ UAE နိုင်ငံ ဒူဘိုင်းမြို့တွေကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတာပါ။

ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်လမ်းတွေကနေ နေ့စဉ် လူနှစ်ရာနီးပါး ဝင်ရောက်နေတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေကိုရောက်လာတဲ့ လူငယ်အများစုဟာ အသက် ၁၉ နှစ်ကနေ ၃၀ ကြားဖြစ်တယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသား မချို (အမည်လွှဲ) က ပြောပါတယ်။

"ကျွန်မတို့ စက်ရုံက အဆောင်လည်းပေးတော့ တော်တော်များများကို ရောက်လာကြတယ်။ အများစုက လူငယ် အမျိုးသားတွေ။ တချို့တွေဆို တက္ကသိုလ် ဒုတိယနှစ် တက်နေတာတဲ့။ ရပ်ကွက်က နာမည်စာရင်းကောက်လို့ ပွဲစားကို ပိုက်ဆံပေးပြီး ရောက်လာတာပြောတယ်။ နေ့စဉ်နဲ့အမျှ ထိုင်းကိုဝင်လာကြတာ"

ထိုင်းနိုင်ငံကို နယ်စပ်လမ်းတွေကနေ တရားမဝင် ဝင်ရောက်မယ်ဆိုရင် ပွဲစားခအဖြစ် ကျပ်သိန်းငါးဆယ်ကနေ သိန်းကိုးဆယ်အထိ ပေးနေရတယ်လို့ဆိုပါတယ်။

အစိုးရချင်းသဘောတူစာချုပ် (MOU) နဲ့ တရားဝင်အလုပ်လာလုပ်မယ်ဆိုရင် အနည်းဆုံးတစ်နှစ်နီးပါးကြာမြင့်လို့ လူငယ်အများစုဟာ တရားမဝင်လမ်းကြောင်းကိုပဲ ရွေးချယ်နေကြတာပါ။

စင်ကာပူနိုင်ငံကိုလည်း ငွေအကုန်အကျသက်သာတဲ့ Non Traditional Source (NTS) Permit နဲ့ ဝင်ရောက်လာတာ ပိုများလာတယ်လို့ စင်ကာပူနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုအကြာ နေထိုင်နေတဲ့ ကိုမင်းထောက RFA ကို ပြောပါတယ်။

"NTS ပါမစ်ဆိုပြီး မြန်မာကိုပါ သုံးခွင့်ပေးလိုက်တော့ အဲဒါနဲ့လာကြတာများတယ်။ ဘာတွေများလဲဆိုတော့ စတိုးဆိုင်ဈေးရောင်း၊ Delivery၊ ကုန်စုံဆိုင် Cashier၊ သန့်ရှင်းရေးနဲ့ အဲကွန်း အလုပ်တွေပေါ့နော်။ အလိမ်လည်း ခံကြရတယ် ကြားတယ်။ သူတို့ကျတော့ လူကဒီကိုလာပြီး အလုပ်လာရှာစရာမလိုဘူး။ ဟိုကနေ အင်တာဗျုးပြီးရင် ပါမစ်တင်လိုက်ရင် ITA Letter နဲ့ပေါ့။ ပြောရရင် ဒါတွေက လစာ သိပ်တော့မများကြဘူး"

တရုတ်နိုင်ငံကိုလည်း လူငယ်အများအပြား ဝင်လာကြပြီး အများစုဟာ အလုပ်အကိုင်မရှိဘဲ လမ်းဘေးမှာ ဖြစ်သလိုနေကြရတယ်လို့ တရုတ်နိုင်ငံ ထိန်ချုံးမြို့ကို ရောက်နေတဲ့ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့နေရာမှာတင် အနည်းဆုံးတစ်နေ့ကို ဆယ်ယောက်လောက် ဝင်လာတဲ့သူရှိတယ်။ မြန်မာဘက်ကို ပြန်တဲ့သူမရှိတော့ အလုပ်ကရှားတယ်။ ဒီလိုပဲ ရရာအလုပ်ဝင်လုပ်ကြတာ။ တစ်ရက်ကို ယွမ်ငါးဆယ်ရတဲ့ အောက်ခြေသိမ်းအလုပ်ပါ ဝင်လုပ်ကြတာ။ တချို့လာတဲ့သူတွေဆိုလည်း အလုပ်မရှိလို့ တိုက်ကြိုတိုက်ကြားထဲ တာလပတ် (ကိုးကာ) တွေနဲ့ နေနေကြတယ် "

ပြည်သူ့စစ်မှုထမ်းဥပဒေအရ လာမယ့် ဧပြီလကစပြီး တစ်ကြိမ်ကို လူငါးထောင်နှုန်းနဲ့ လစဉ်စုဆောင်းသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသွားများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသွားများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အကျုံးဝင်နေပြီး၊ ပညာရှင်အမျိုးသားဆိုရင် အသက် ၄၅ နှစ်အထိ၊ ပညာရှင် အမျိုးသမီးဆိုရင် အသက် ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသ အာရပ်နိုင်ငံတွေကိုလည်း လူငယ်အမျိုးသားနဲ့ အမျိုးသမီးငယ်တွေ အလုံးအရင်း ဝင်ရောက်လာတယ်လို့ ဒူဘိုင်းမြို့ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

ရရာအလုပ်တွေနဲ့ ဝင်ရောက်လာတာကြောင့် မဆင်မပြေသူတွေ ပိုများနေတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုမင်းခန့်က RFA ကိုပြောပါတယ်။

"တချို့တချို့သော လူငယ်တွေက အဆင်ပြေကြတယ်။ တချို့လူငယ်တွေက အဆင်မပြေကြဘူး။ မြန်မာနိုင်ငံမှာ လေးသိန်းဆိုရင် တိုက်ခန်းကောင်းကောင်း နေလို့ရတယ်။ ဒီမှာဆိုရင် ရှစ်သိန်းကျော်ကျော်လောက်မှ ကိုယ့်ရဲ့ တစ်ကိုယ်ရည်စာ အခန်းကျဉ်းကျဉ်းလေးရတာ။ တချို့အလုပ်မရတဲ့သူတွေဆို သုံးလ၊ ခြောက်လ၊ ခုနစ်လ ဗီဇာသက်တမ်းတိုးရင်း ရုန်းကန်ရင်းနဲ့ နေရတာ"

စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအများအပြား ပြည်ပနိုင်ငံတွေထွက်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကရဲ့ တယ်လီဂရမ်ချန်နယ်ကတော့ စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နဲ့ပြည်ပနိုင်ငံတွေကို လူငယ်တွေထွက်ခွာနေတယ်ဆိုတာ သတင်းအမှားဖြစ်တယ်လို့ မတ်လ ၂၀ ရက်နေ့က ကြေညာထားပါတယ်။

"တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကမ္ဘာကြီးမှာ မြန်မာနိုင်ငံက နောက်ဆုံးမှာ ကျန်ခဲ့လိမ့်မယ်လို့ သုံးသပ်ချင်ပါတယ်"

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) တာဝန်ရှိသူ ဦးအောင်ကျော်ကတော့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်သူများလာလို့ နိုင်ငံအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ်တွေ မရှိတော့ဘူးလို့ သုံးသပ်ပါတယ်။

"စစ်မှုထမ်းရမယ်ဆိုတဲ့ကိစ္စကြောင့် ရှောင်တိမ်းသွားရတယ်။ တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ် သယံဇာတတွေကို ဖျောက်ဖျက်မောင်းထုတ်လိုက်သလို ခံစားရတယ်။ စစ်မှုထမ်းဥပဒေနဲ့ ကင်းလွတ်နေတဲ့ အသက်အပိုင်းခြားတွေပဲ ကျန်တော့မယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ကမ္ဘာကြီးမှာ မြန်မာနိုင်ငံက နောက်ဆုံးမှာ ကျန်ခဲ့လိမ့်မယ်လို့ သုံးသပ်ချင်ပါတယ်"

လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေဟာ တိုင်းပြည်ဝရုန်းသုန်းကားဖြစ်နေတာကို ဖော်ပြနေတာလို့လည်း ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြတဲ့ လူငယ်တွေရဲ့အရေအတွက်ကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းဖို့ရွေးချယ်ခံရသူတွေဟာ သူတို့နေထိုင်တဲ့ သက်ဆိုင်ရာနယ်မြေတွေကိုပဲ ပြန်ကာကွယ်ရမယ်လို့ ပြောဆိုနေပေမယ့် ပြည်သူတွေကတော့ မယုံကြည်ကြပါဘူး။

ဒါကြောင့် ရတဲ့နည်းတွေနဲ့ နိုင်ငံရဲ့ပြင်ပကို တရားဝင်ရော တရားမဝင်ပါ ထွက်ခွာနေကြတာလို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။