PDF တွေကို စစ်ကောင်စီ မက်လုံးပေးကမ်းလှမ်း

RFA Burmese
2023.05.10
PDF တွေကို စစ်ကောင်စီ မက်လုံးပေးကမ်းလှမ်း နေပြည်တော် PDF တပ်ရင်း (၈၀၃) တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
NAY PYI TAW PDF-Battalion 804

PDF တွေအပါအဝင် အကြမ်းဖက်အဖွဲ့တွေထဲရောက်နေသူတွေ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြဖို့နဲ့ လူပုဂ္ဂိုလ်လုံခြုံရေးအတွက် တရားမဝင် လက်နက်ကိုင်ဆောင် ထားသူတွေ လက်နက်လိုင်စင် လျှောက်ထားကြဖို့ စစ်ကောင်စီက မေလ ၉ ရက် နေ့စွဲနဲ့ ကြေညာချက်နှစ်စောင် တစ်ပြိုင်တည်းထုတ်ပြန်လိုက်ပါတယ်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေနဲ့အတူ ပါလာမယ့် လက်နက်ခဲယမ်း အမျိုးအစားပေါ် မူတည်ပြီး ဆုကြေးငွေ ကျပ် ၂ သိန်းကနေ ကျပ် ၇၅ သိန်းအထိ ပေးအပ် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လူသတ်မှု၊ မုဒိမ်းမှု၊ သူတစ်ပါးအပေါ် ထိခိုက်နစ်နာမှု စတဲ့ ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့သူတွေဆိုရင်လည်း တရားရုံးမှာ အမှုရင်ဆိုင်ရာမှာ ဖြစ်ပေမယ့် ပြစ်မှုအတိုင်းအတာပေါ်မူတည်လို့ ဥပဒေကြောင်းအရ လိုအပ်တဲ့ ဖြေလျှော့မှုတွေ လုပ်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် လူပုဂ္ဂိုလ်လုံခြုံရေးအတွက် လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် လိုင်စင် လျှောက်ထားသူတွေကို အဲဒီ လက်နက်ခဲယမ်းတွေ ဘယ်လိုရသလဲဆိုတာ အသေးစိတ် စစ်ဆေးမှာမဟုတ်ဘဲ ကိုင်ဆောင်ခွင့်မူနဲ့ ကိုက်ညီသူတွေကို လိုင်စင် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒီကမ်းလှမ်းချက်ကို လက်ခံမှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က အသက် ၁၉ နှစ်အရွယ် ကိုနွေဦး (အမည်လွှဲ) က ပြောပါတယ်။

"PDF တွေကို ဥပဒေဘောင်အတွင်း အလင်းဝင်လာဖို့ဖိတ်ခေါ်တာက သူတို့ကိုယ်တိုင် ဥပဒေကို လက်တစ်လုံးခြားနဲ့ အလွဲသုံးစားလုပ်နေတာ။ အဲဒီထုတ်ပြန်ချက်က တလွဲပါပဲ။ ဒီကောင်တွေရှိနေသမျှ ကာလပတ်လုံးက တိုင်းပြည်က ရစရာမရှိအောင် စုတ်ပြတ် နေမှာ။ ဒါကြောင့် သူတို့ကို အမြစ်ပြတ်အောင် ကျွန်တော်တို့က တိုက်ရမှာပဲ။ ဘယ်တော့မှ လက်နက်ချမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့က သူတို့ကို ပြည်သူ့ထံ အလင်းဝင်လာဖို့အထိ ထုတ်ပြန်နိုင်အောင် တိုက်မှာ"

ကိုနွေဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ပညာရေးကို သပိတ်မှောက်ထားတဲ့ CDM ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလော စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နယ်လှည့် စစ်ကြောင်းထိုးတာတွေ နည်းပါးပြီး လေကြောင်းကိုသာ အဓိက သုံးနေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကိုကြည့်ရင် မြေပြင်မှာ စစ်ကောင်စီတပ်ရဲ့အင်အား လျော့နည်းလာတာ သိသာနေတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဘက်က PDF တွေကို တောက်လျှောက်နှိမ်နင်းလာရာကနေ အခုလို ရုတ်တရက်အလင်းဝင်ဖို့ ဖိတ်ခေါ်လိုက်တာဟာ တော်လှန်ရေးကို ပုံဖျက်ရုံသက်သက် ကြေညာချက်ပဲလို့ Yangon UG Association က တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

"နည်းနည်းတော့ ဟာသဆန်တယ်ပေါ့နော်။ ကျွန်တော့်အမြင်အရ ပြောရရင်တော့ သူတို့အာဏာသိမ်းကတည်းက တရားဥပဒေစိုးမိုးရေးက မရှိတော့ဘူး။ ဥပဒေဆိုတာ ဘာလဲဆိုတာ ပြန်မေးရမှာ၊ အဲဒီလိုအနေအထားမျိုးမှာ ဥပဒေဘောင်အတွင်း ဝင်ပါဆိုတာ ရတဲ့နည်းနဲ့ တော်လှန်ရေးကို ပုံဖျက်တာပဲ။ သူတို့ ဖြေလျှော့ပေးမယ် ပြောတာက အခြေအနေမဟန်လို့ လေသံပျော့လာတာပဲ"

PDF လူငယ်တွေ လက်နက်နဲ့ အလင်းဝင်ရင် ဆုကြေးငွေတွေပေးမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ မက်လုံးပေး စည်ရုံးမှုဟာ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

"သူတို့ ဖြေလျှော့ပေးမယ်ပြောတာက အခြေအနေမဟန်လို့ လေသံပျော့လာတာပဲ"

စစ်တပ်အရာရှိဟောင်းတွေနဲ့စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ မြေပြင်က လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းချက်တစ်ခုပဲလို့ ပြောပါတယ်။

"လက်နက်ကိုင်လမ်းစဉ်အနေနဲ့လည်း သူတို့အနေနဲ့ဆက်သွားဖို့ လွယ်မှာမဟုတ်ဘူး။ ဒါတကယ်လုပ်နေတဲ့သူတွေ ပိုပြီးသိပါတယ်။ အဲလိုအချိန်မျိုးမှာ ဒါပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မြေပြင်ကလက်နက်ကိုင်ပဋိပက္ခတစ်ခုကို ဒါပြန်လည်ရှင်းဖို့အနေနဲ့ ပြန်ခေါ်လိုက်တာ။ အဓိကကတော့ တချို့ကျတော့လည်း ကိုယ်တိုင် ဘာမှမသိဘဲနဲ့ ခံယူချက်တစ်ခု၊ စိတ်ခံစားမှုတစ်ခုနဲ့ သွားတဲ့သူတွေရှိတယ်။ အဲလိုလူမျိုးတွေအတွက် ကတော့ ပြန်ဝင်နိုင်ဖို့အတွက် အခွင့်အရေးပေးတာပါပဲ။ ဒီသဘောပဲ"

အခုလိုပြန်လည်ခေါ်ယူနေတာက အပြုသဘောအားဖြင့်ပြောရင် ဒီထက် အပြုသဘောဆောင်တာ မရှိတော့ဘူးလို့လည်း သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်မှာ PDF တွေကို မနိုင်တော့လို့ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့ ပြောပါတယ်။

"ရှင်းရှင်းလေးပဲ အခုဟာက ဒါမျိုး ထုတ်ပြန်ခြင်းအားဖြင့် ဒါဟာ PDF တွေကို မချေမှုန်းနိုင်တော့ဘူးလို့ သူတို့ ယုံကြည်လက်ခံလာတဲ့ သဘောရှိပါတယ်။ အဲတွက်ကြောင့်မို့ ဒီလို လေပြေသွေးပြီးတော့ ဝင်ရောက်ပါ ဘာညာဆိုပြီး ပြောလာတာပေါ့။ ရှေ့မှာ ဘာတွေပြောခဲ့လဲဆိုတာလည်း အားလုံးသိပြီးဖြစ်တယ်။ ချေမှုန်းမယ်၊ အကုန်လုံးကို အပြတ်ချေမှုန်းမယ်။ PDF တင်မကဘူး၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေပါ အပြတ်ချေမှုန်းမယ်ဆိုတဲ့ စကားပဲ စစ်ခေါင်းဆောင်က ပြောခဲ့တာလေနော်။ ဒီလို လေသံပျော့ပြောင်းလာတယ်ဆိုတဲ့သဘောက သူတို့ ချေမှုန်းလို့မရဘူး။ PDF တွေ တိုင်းရင်းသား အင်းအားစုတွေရဲ့ တော်လှန်ရေး လုပ်နေတဲ့ အနေအထားတစ်ခုကို သူတို့ ဘယ်လိုမှ ချေမှုန်းနိုင်တဲ့ စွမ်းအားမရှိတော့လို့သာလျှင် ပျော့ပြောင်းတဲ့ ဖိတ်ခေါ်မှုမျိုးပေါ့၊ ဒါမျိုးလုပ်လာတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နှစ်နှစ်ပြည့် အစီရင်ခံစာမှာတော့ NUG ဘက်က ပြည်သူ့ ခုခံတော်လှန်စစ်ရဲ့ အကြို ထိုးစစ်ကာလကို ရောက်ရှိနေပြီလို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် (၇) တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Screenshot: People's Defense Force Kalay-Battalion 7 video)
စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် (၇) တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (Screenshot: People's Defense Force Kalay-Battalion 7 video)

NUG အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းပေါင်း ၃၀၃ ရင်းနဲ့ မြို့နယ်ပေါင်း ၂၆၀ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ မြေအောက်တော်လှန်ရေးအဖွဲ့တွေ၊ အထူးတပ်ဖွဲ့တွေကိုလည်း မြို့တွေမှာစိမ့်ဝင်ထားပြီး ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး အဆုံးအသတ်နှစ်အဖြစ် သတ်မှတ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက အခုနှစ်အစပိုင်းမှာ RFA ကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီ အနေနဲ့ NUG ကို ဖြစ်စေ၊ PDF တွေကို ဖြစ်စေ အခုလို စည်းရုံးခေါ်ဆောင် တာဟာ လက်တွေ့အလုပ် မဖြစ်နိုင်ဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ထောက်ပြဝေဖန်ပါတယ်။

"ခေါင်းဆောင်တွေကို လှည့်စားလို့မရသလို အောက်လက်ငယ်သားတွေကိုလည်း လုံးဝလှည့်စားလို့မရဘူးဆိုတာ သေချာတယ်။ တကယ်တမ်းကျတော့ ခေါင်းဆောင်တွေ က နောက်မှပေါ်တာ။ PDF တွေက အရင်ပေါ်တာ။ PDF တွေပေါ်ပြီးမှ NUG က ခေါင်းဆောင် ပေါ်ရတာလေ။ ဒါကြောင့်မို့လို့ အောက်ကလည်း အညံ့စားမဟုတ်ဘူး။ အပေါ်ကလည်း အညံ့စားမဟုတ်ဘူး။ ဒါကြောင့် ဒီတစ်ခါကတော့ ဘယ်လို ဘာပဲပြောပြော မရတော့ဘူးလို့ တွေ့ရတယ်ပေါ့နော်"

စစ်ကောင်စီဘက်က ကြေးမြင့်ပေးပြီးခေါ်နေပေမယ့် တော်လှန်ရေးသမားတွေကတော့ လက်ခံ စဉ်းစားနိုင်စရာ မရှိဘူးလို့လည်း ဦးကြီးမြင့်က သုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်ဟာ ဒီတော်လှန်ရေးမှာရှိနေကြတဲ့ အဖွဲ့အစည်းတွေ အချင်းချင်းအပေါ် သပ်လျှိုသွေးခွဲဖို့ သက်သက်သာ ဖြစ်တယ်လို့လည်း တော်လှန်ရေး အင်အားစုတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေ အပါအဝင် တခြား အဖွဲ့အစည်းတွေအနေနဲ့ လက်နက်အပ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရင် ကြိုဆိုသွားမယ်လို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ပါသေးတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
တောင်ကိုရီးယားမှာ သမ္မတ စစ်အုပ်ချုပ်ရေးကြေညာပြီး လွှတ်တော်က ပယ်ဖျက်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။