ချင်းပြည်နယ်ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ
2023.03.23

ပလက်ဝမြို့နယ်ကလွဲပြီး တစ်ပြည်နယ်လုံး စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေတယ်လို့ ဒေသခံတွေနဲ့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
မတ်လ ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ကို ချောဆွဲခံထားရတဲ့ အရပ်သား ၁၂ ဘီးကားတွေအပါအဝင် သံချပ်ကားနှစ်စီး၊ စစ်ကားအစီး ၃၀ နဲ့အတူ အင်အား ၂၀၀ ကျော်တက်လာပြီး မတ်လ ၁၉ ရက်နေ့မှာ ဖလမ်းမြို့ကို ရောက်လာပါတယ်။
ချင်းတော်လှန်ရေးတပ်တွေ လမ်းမှာ အကြိမ်ကြိမ်ပစ်ခတ်တာနဲ့ မိုင်းဆွဲ တိုက်ခိုက်တာကြောင့် ပုံမှန် လေးနာရီသာ သွားရတဲ့ခရီးကို အဲဒီစစ်ကြောင်း ၁၁ ရက် ကြာခဲ့ပြီး ကလေး- တီးတိန်-ဖလမ်း လမ်းမကြီးတစ်လျှောက် ရွာတွေက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တပ်ချိန်းတာဖြစ်နိုင်သလို ရိက္ခာနဲ့ လက်နက်ခဲယမ်း အားဖြည့်တာလည်း ဖြစ်နိုင်တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပြောရေးဆိုခွင့်ရှိသူ ကိုကျုံးငိုက်က RFA ကို ပြောပါတယ်။
“မတ်လ ၉ ရက်နေ့ကနေစပြီး ချင်းပြည်နယ်မြောက်ပိုင်းကို ကားအစီး ၃၀ ကျော်နဲ့ တက်လာတယ်။ အရှေ့မှာ ခြေလျင်နဲ့အယောက် ၇ဝ ကျော်တက်လာတယ်။ ရှေ့ပြေးအနေနဲ့ပေါ့။ နောက်ပြီးတော့ ဒီ ၁၂ ဘီးကားလိုမျိုးတွေကို ချောဆွဲလာတာတွေရှိတယ်။ သူတို့ကတော့ ရိက္ခာရယ်၊ လက်နက်ခဲယမ်းရယ် အင်အားဖြည့်တင်းတာဖြစ်မယ်။ နောက်ပြီးတော့ လူအချိန်းအပြောင်း၊ တပ်အချိန်းအပြောင်း လုပ်တဲ့ပုံစံမျိုးပဲဗျ”
အဲဒီစစ်ကြောင်း မတ်လ ၂၁ ရက်နေ့ ဖလမ်းကနေ ဟားခါးဘက် ဆက်ထွက်ချိန် ရိဒ်လမ်းခွဲအနီးမှာ CNDF ၊ CNA ပူးပေါင်းတပ်တွေ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖလမ်းမြို့ကို တက်လာချိန်ကစပြီး စစ်ကောင်စီတပ်နဲ့ CNO အပါအဝင် ဒေသကာကွယ်ရေး တပ်တွေ နေရာငါးခုမှာ တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ခဲ့ပြီး ၁၂ ဘီးကားတစ်စီး ပျက်စီးသလို စစ်ကောင်စီတပ်သား ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
"မတ်လ ၉ ရက်နေ့ကနေစပြီး ချင်းပြည်နယ်မြောက်ပိုင်းကို ကားအစီး ၃၀ ကျော်နဲ့ တက်လာတယ်။"
မတ်လ ၁၂ ရက်နေ့ကလည်း တီးတိန်မြို့နယ် ကလေး-တီးတိန်-ဖလမ်း လမ်းမကြီးဘေးမှာရှိတဲ့ နယူးဆွမ်ပီးရွာက စာသင်ကျောင်း အဆောက်အအုံတွေကို အဲဒီစစ်ကြောင်းကပဲ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေး-ဖလမ်း ကားလမ်းမတစ်လျှောက် ရွာတွေကတော့ စစ်ကောင်စီတပ် မလာခင်ကတည်းက ဘေးလွတ်ရာ ရှောင်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗားလုံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျမတို့လည်းကြောက်ပြီးတော့ ရှောင်တဲ့အခါကျတော့ အိမ် ၄၀ လောက်တော့ အိမ်ထဲက ပစ္စည်းတွေအကုန်လုံး ယူသွားတာပေါ့။ ဘက်ထရီအိုးတို့၊ ဆိုလာတို့ အိမ်က ကောင်းတဲ့ ပစ္စည်းမှန်သမျှ အကုန်သယ်သွားတာ။ ကျမတို့ရွာ မရောက်ခင် တီးတိန်နယ် နယူးဆွမ်ပီးရွာမှာတော့ သုံးအိမ်လောက် မီးရှို့တယ်။ မနှစ်ကဆို ၃ ကြိမ် ထွက်ပြေးရတယ်။ ဒီနှစ်ကတော့ ပထမအကြိမ်ပဲ။ ကျမတို့ တောင်သူတွေအတွက်တော့ စစ်သားတွေ လာရင်လည်းပဲ ဒုက္ခမပေးပဲ သွားရင်တော့ ပိုကောင်းတာပေါ့ ”
မင်းတပ်နဲ့ မတူပီဘက်ကိုလည်း မတ်လ ၁၀ ရက်နေ့မှာ မကွေးတိုင်း၊ ပခုက္ကူဘက်က စစ်ကား အစီး ၈၀ နဲ့အတူ စစ်ကောင်စီတပ်သားတွေ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း မင်းတပ်- မတူပီအကြားရွာတွေကို စစ်ကောင်စီတပ်က လေကြာင်းတိုက်ခိုက်မူ ၆ ကြိမ်လုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ ၁၃ ကြိမ်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မတ်လ ၁၆ ရက်နေ့မှာတော့ အဲဒီစစ်ယာဉ်တန်းကို ကျောက်ထုနဲ့ မင်းတပ်အကြားမှာ ပြောက်ကျားရော မိုင်းဆွဲပါ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၃၅ စီးပျက်စီးခဲ့ပြီး သေဆုံးမှုတွေပါ ရှိတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရှိသူ ကိုယောမန်က RFA ကိုပြောပါတယ်။
“မကွေးတိုင်းဘက်ကနေ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကတော့ စစချင်း တက်လာတော့ ကားအစီးရေ ၈၀ ကျော် ရှိတယ်ပြောတယ်။ ကျောက်ထု အမြှောက်တပ်ထဲကို ဝင်သွားတယ်။ အဲကနေ နှစ်နေရာခွဲ ထွက်သွားတယ်။ ထီးလင်းဘက်ကို ၂၈ စီးနဲ့ မင်းတပ်ဘက်ကို ၃၅ စီးတက်လာတယ်။ ထီးလင်းဘက်ကို ထွက်သွားတဲ့ စစ်ကားတွေလည်း လမ်းမှာ အကြိမ်ကြိမ် တိုက်ခိုက်ခံရတာ။ မင်းတပ်ဘက်ကို တက်လာတဲ့ သူတွေကိုလည်းပဲ မင်းတပ် CDF နဲ့ ယောဒေသရော ဝိုင်းဝန်းတိုက်ခိုက်ကြတာပေါ့နော်။ သူတို့အကျအဆုံးတော်တော်များတယ်”
မတူပီ-ပလက်ဝ လမ်းမပေါ်က ထယ်ဘွေးစခန်းကို အင်အားဖြည့်ဖို့လာတဲ့ မတူပီအခြေစိုက် ခလရ (၃၀၄) တပ်က စစ်ကားသုံးစီးပါ အင်အား ၈၀ ခန့်ကို မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မတူမီကာကွယ်ရေးအဖွဲ့တွေ အကြိမ်ကြိမ် တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ မတူပီ ဒေသကာကွယ်ရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံး၊ ဒဏ်ရရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းလူ့အခွင့်အရေးအဖွဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟင်လျန်ကတော့ စစ်ကောင်စီတပ်တွေ ရောက်တဲ့နေရာတိုင်း မီးရှို့တာဟာ တော်လှန်ရေးကို ရှေ့မဆက်နိုင်အောင်နဲ့ ပြည်သူတွေ မထောက်ပံ့နိုင်အောင် လုပ်နေတာလို့ RFA ကို ပြောပါတယ်။
“သူတို့လာတဲ့ရွာတိုင်း၊ ဖြတ်သွားတဲ့နေရာတိုင်းမှာ မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ လုပ်တယ်။ လုပ်တဲ့အခါမှာ ပြည်သူလူထုက ကြောက်လန့်ပြီးတော့ ပြေးရတာတွေ လုပ်ရတာပေါ့။ ပြည်သူလူထုတွေ ငတ်မွတ်မှု၊ ခေါင်းပါးမှု၊ ဒုက္ခသုတ်ခ ရောက်စေတယ်။ အဲဒီရောက်စေတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ပြည်သူလူထုတွေ ဒုက္ခပေးခြင်းအားဖြင့် တော်လှန်ရေးအင်အားစုတွေ အားနည်းလာမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မနိုင်တော့တဲ့အဆုံး ကျတော်တို့ ချင်းပြည်သူလူထုတွေကို ဖိအားပေးပြီးတော့ နည်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်”
စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀၀ နီးပါးရှိပြီး အရပ်သား ၁၂၆ ဦးနဲ့ ချင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၂၃၇ ဦးသေဆုံးခဲ့ပြီလို့ ချင်းရေးရာ အဖွဲ့ချုပ်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ လေးသောင်းကျော်နဲ့ မဏိပူပြည်နယ်မှာ တစ်သောင်းကျော် ထွက်ပြေးခိုလှုံနေကြရပါတယ်။