စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တစ်ကျော့ပြန် ထိုးစစ်ကြောင့် ထိခိုက်သေဆုံးမှု များလာ

RFA Burmese
2024.10.01
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တစ်ကျော့ပြန် ထိုးစစ်ကြောင့် ထိခိုက်သေဆုံးမှု များလာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က တွေ့ရစဥ်။
Facebook/ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနဲ့ ဘုတလင်မြို့နယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် မြေပြင်တပ်တွေကလည်း စစ်ကြောင်းထိုးစီးနင်းတာတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတာအပြင် မြေပြင်တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတယ်လို့ ဆိုပါတယ်။

ကောလင်းမြို့နယ်ထဲမှာဆိုရင် စက်တင်ဘာ ၃၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခုနစ်ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မနေ့က နေ့လယ် နှစ်နာရီလောက်က ဥက္ကံရွာထဲကို ပေါင် ငါးရာဗုံး ထပ်ချတယ်။ အဲဒီမှာကတော့ ထိခိုက်ပျက်စီးမှုနဲ့ လူတွေလည်း သေဆုံးတယ်။ ဥက္ကံဆိုတာက ကောလင်းမြို့ ပျက်ပြီးတော့ ဈေးအရောင်းအဝယ်တွေ လုပ်တဲ့နေရာပေါ့လေ။ အဲဒီနေရာမှာ လူစည်ကားတဲ့နေရာကို သပ်သပ်ကို ရွေးပြီးပစ်တဲ့ပုံစံမျိုး ဖြစ်တာဆိုတော့။ တစ်ဖက်မှာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာမှာ အားနည်းတဲ့အတွက် ပြည်သူလူထုကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ပဲ ကျွန်တော်က မြင်ပါတယ်”

မနေ့က တစ်ရက်တည်းမှာပဲ ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အင်အား ရှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်ကြောင်းတစ်ခုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ထူးခန့်ဇော် ဓာတ်ပုံ)
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ထူးခန့်ဇော် ဓာတ်ပုံ)

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးပြီး နောက်ထပ် လေးဆယ်ကျော်ကို ဖမ်းဆီးရမိတယ်လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံ ကိုကြွက်ကလေးက ပြောပါတယ်။

“သူတို့ အင်အား ၈၆ ယောက်လောက် ပြန်ထွက်လာတဲ့ဟာကို ကျွန်တော်တို့ တစ်ကြောင်းလုံး အပြတ်သိပ်နိုင်လိုက်တာပေါ့။ စကစဘက်က အကျအဆုံးကတော့ ၃၃ ယောက်ဗျ။ အလောင်းကပေါ့နော်။ ကျွန်တော်တို့ ရေပြီးပြီ။ လက်ရှိ သုံ့ပန်း ဖမ်းထားတာတော့ အားလုံးပေါင်း ၄၄ ယောက်လောက် ရှိမယ်ဗျ။ အဲဒါကိုမှ သူတို့ရဲ့ အနာအဆာတွေ ခြေကျိုး လက်ကျိုးတွေ ဒဏ်ရာရ အကုန်လုံးကို ကျွန်တော်တို့ ကုပေးနေတယ်”

ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သား လေးဆယ်ကျော်ထဲမှာ တပ်ခွဲမှူးနှစ်ဦး၊ သင်တန်းနည်းပြတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ်တွေ ပါဝင်သလို သေဆုံးသူတွေထဲမှာလည်း အသက် ၁၈ နှစ်အရွယ် လူငယ်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ကိုးကြိမ်အထိ တိုက်ခိုက်ခဲ့ပေမဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

“ရွာခုနစ်ရွာခန့်က ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ကိုးကြိမ် တိုက်ခိုက်ခဲ့သလို မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်းစစ်ဌာနချုပ်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပေမဲ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က သေဆုံးထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေမဖြစ်ခင် စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာတော့ ဘုတင်မြို့နယ်ထဲက ကျွဲသေချောင်းနဲ့ ကတိုးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဥ် အရပ်သားနှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ အဲဒီရွာတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကူတော်ကိုလာပြီး စစ်ကူပေးတဲ့စစ်ကြောင်းပါ။ သူတို့လာစဥ်ကာလကလည်း အဲဒီနားက ကျွဲသေချောင်းရွာက ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီးတော့ ဘုန်းကြီးကျောင်းက ဘုရားငွေ ခုနစ်သိန်းလည်း ယူသွားပါတယ်။ ကတိုးရွာမှာ ဝင်ပြီးတော့ မီးရှို့ဖျက်ဆီးတယ်။ ပြည်သူတစ်ယောက်နဲ့ ရဲဘော်နှစ်ယောက်ကို ပစ်သတ်ထားခဲ့တယ်။ အဲဒီမှာလည်း သုံးယောက် ဆုံးရှုံးခဲ့ရပါတယ်။ မနေ့ကမှ ပြန်ထွက်လာတဲ့အချိန်ကို တော်လှန်ရေး ရဲဘော်များကနေ လမ်းခုလတ်တစ်နေရာမှာ အကုန်လုံးစုဖွဲ့ပြီးတော့ တိုက်ခိုက်လိုက်တော့ အဲဒီစစ်ကြောင်းက တစ်ကြောင်းလုံး ဖရိုဖရဲတွေ ဖြစ်ပြီးတော့ အကုန် ပျက်စီးသွားတယ်”

လက်ရှိမှာတော့ တိုက်ပွဲတွေကြောင့် ဆယ်ဝ၊ အိုင်ပေါင်းချောင်၊ ကျွဲသေချောင်း စတဲ့ ရွာခုနစ်ရွာခန့်က ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဒီမြို့နယ်တွေလိုပဲ ကန့်ဘလူမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီ ပူးပေါင်းအဖွဲ့တွေက ရွာစဥ်လှည်ပြီး စီးနင်းဝင်ရောက်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေကြောင့် အရပ်သား သေဆုံးမှုတွေ ရှိနေတဲ့ပြင် ဒေသခံတွ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံပါယ်နံ့သာ၊ ရေရှင်ကြီး၊ မှန်နီပင် စတဲ့ရွာတွေကို စစ်ကောင်စီတပ်ရဲ့ စက်တင်ဘာ ၂၇ နဲ့ ၂၈ ရက် နှစ်ရက်တာ စီးနင်းမှုတွေအတွင်းမှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ဒေသခံ ခုနစ်ဦးအထိ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

လက်ရှိမှာ စစ်ကြောင်း ပြန်ထွက်သွားပေမဲ့ တိမ်းရှောင်နေရတဲ့ ဒေသခံ ငါးထောင်ခန့်က ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက ပြန်ခေါက်သွားပြီဆိုပေမဲ့ သူတို့ကနေပြီးတော့ နင်းမိုင်းတွေ ချထားခဲ့မလားဆိုပြီး စိုးရိမ်ကြတာပါ။ စစ်ကြောင်းက မနေ့က ထွက်သွားတယ်။ ဒီနေ့ကတော့ ဝင်ခွင့်မပေးသေးဘူး။ မနက်ဖြန်ဝင်ရမယ်လို့တော့ ကြားထားပါတယ်။ ပြီးတော့ သူတို့က ပြည်သူတွေရဲ့ပစ္စည်းတွေ၊ ရေစုပ်စက်တွေ၊ ဆိုင်ကယ်တွေ၊ ပိုက်တို ပိုက်စကအစ မချန်ပြီးတော့ လှည်းတွေရော၊ နွာတွေရော အကုန်လုံးကို သယ်သွားတယ်”

ကန့်ဘလူမြို့နယ်ထဲက ပင်းတဲရွာနဲ့ မကျီးကုန်းရွာတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ဘုတလင်မြို့နယ်က ရွာတွေစီးနင်းခံရမှု လေးဦး သေဆုံး

လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးမှု သုံးဆနီးပါး မြင့်တက်

အညာဒေသကို စစ်ကောင်စီတပ် ထိုးစစ်ပြင်းထန်လာ


ကန့်ဘလူမြို့နယ်နဲ့ကပ်လျက်ဖြစ်တဲ့ ခင်ဦးမြို့နယ်ထဲ ရှားလွင်ရွာကိုလည်း စစ်ကောင်စီတပ်က စက်တင်ဘာ ၂၅ ရက်နဲ့ ၂၆ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာ ၁ ရက်နေ့က ၂၄ ရက်နေ့အထိ တစ်လနီးပါးအတွင်း လူ ၁၃၀ ကျော် သေဆုံးပြီး ခုနစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။