စစ်ကိုင်းတိုင်း တောင်မွှာရွာမှာ လူ ငါးဦး အသတ်ခံရပြီး ရွာလုံးကျွတ်မီးရှို့ခံရ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.05.24
စစ်ကိုင်းတိုင်း တောင်မွှာရွာမှာ လူ ငါးဦး အသတ်ခံရပြီး ရွာလုံးကျွတ်မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား ၂ဝ၂၃ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့မြင်ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်မွှာကျေးရွာက အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီတပ်က မေလ ၂၃၊ ၂၄ ရက်နေ့တွေမှာ တချို့ကို သတ်ဖြတ်၊ တချို့ကို မီးရှို့သတ်သွားတာလို့ အရာတော်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျောက်ဆူးတပ်ဖွဲ့ ဦးဆောင်သူက RFA ကိုပြောပါတယ်။

“မီးရှို့သတ်ဖြတ်ခံထားရတာ နှစ်ဦး အမျိုးသမီး နှစ်ဦး ယောကျ်ားလေးတစ်ယောက်ကတော့ အသက် ၂၇ လောက်ရှိမှာပေါ့။ ခေါင်းဒဏ်ရာနဲ့ အသတ်ခံရတယ်။ ကျည်ပစ်တဲ့အသံတွေ ကြားပြီးတော့ နှလုံးလေဟပ်ပြီး သေသွားတာက တစ်ယောက်။ ၇၀ လောက် ရှိမှာပေါ့။ တစ်ယောက်ကျတော့ ဓားစာခံခေါ်သွားတယ်။ လမ်းမှာ သတ်ထားခဲ့တယ်ဆိုပြီးတော့ အဲဒါတော့ အတည်ပြုထားတယ်။ လမ်းကြောတစ်နေရာမှာ သတ်ထားတယ်။ လောလောဆယ် အလောင်းတောင် သွားမယူရသေးဘူးဗျ”

အခုချိန်အထိ အမျိုးသမီးသုံးဦး ပျောက်ဆုံးနေပြီး ရွာလုံးကျွတ်လည်း မီးရှို့ခံထားရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူအများစုဟာ သက်ကြီးပိုင်းတွေ ဖြစ်ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၇၀ အရွယ် အမျိုးသား နှစ်ဦးတို့ကို သတ်ဖြတ်သွားတာပါ။

မေ ၂၄ ရက်နေ့ ညပိုင်းအထိ မီးလောင်နေတဲ့ အိမ်တွေကို ငြှိမ်းသတ်ဖို့ ရေမရှိတာကြောင့် အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

မေ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တောင်မွှာကျေးရွာ၊ ကြွေပုဂံရွာ၊ ဝက်ခဲရွာနဲ့ အောင်သာကျေးရွာ၊ ဒုံဒစ်စတဲ့ ရွာငါးရွာက ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း အဲဒီတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မေ ၂၄ ရက် ညပိုင်းအထိ စစ်ကြောင်း ရှိနေသေးတာကြောင့် အသေအပျောက်သိရအောင် ရွာထဲ ဝင်ရောက်ရှာဖွေဖို့ မလွယ်ကူဘူးလို့ အရာတော်ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ခြေက ရွာလုံးကျွတ်ပဲ တောင်မွှာက အိမ်ခြေ ၃၀၀ ကျော်ရှိမယ်ဗျ။ ကြွေပုဂံရွာလည်း အရှို့ခံရတယ်။ ကြွေပုဂံရွာက တောင်မွှာရွာနဲ့ ဆက်ရက်ပေါ့နော်။ သုံးကြိမ်တောင် အရှို့ခံရတာ။ တောင်မွှာရွာကို ၅ နာရီလောက်မှာ စရှို့တယ် ဒီနေ့မနက် တချို့ကလည်း ပြေးရင်းလွှားရင်းနဲ့ အသံကြောင့် သေတယ်။ သူတို့ လှည့်မကြည့်နိုင်ဘူး။ လဲနေခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြေပြင်ဆင်း‌ပြီး လိုက်ရှာဖို့ ဘာဖို့ စစ်ကြောင်းက တစ်ကျော့ပြန်ဝင်လာတော့ အကုန်ပြန်ပြေးလာရတာပေါ့ဗျာ။”

စစ်ကောင်စီ စခတ ၁၀၊ အရာတော်အခြေစိုက်လေ့ကျင့်ရေး တပ် ၅၀၀၄ တွေက စစ်ကြောင်းထိုးတာလို့လည်း သူကပြောပါတယ်။

သေဆုံးပျက်စီးစာရင်းအတိအကျကို မေ ၂၅ ရက်နေ့မှသာ သိနိုင်မယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA ဝါရှင်တန်ဒီစီရုံးကနေ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်က ထုတ်ပြန်ချက်မှာ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းက အရပ်သား ၃၅ဝဝ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။