စစ်ကောင်စီပြင်ဆင်နေတဲ့ သင်္ကြန်မဏ္ဍပ်နေရာခြောက်ခု ဗုံးခွဲခံရ

RFA Burmese
2023.04.10
စစ်ကောင်စီပြင်ဆင်နေတဲ့ သင်္ကြန်မဏ္ဍပ်နေရာခြောက်ခု ဗုံးခွဲခံရ စစ်ကောင်စီ ဆောက်လုပ်ထားသည့် ပြည်သူ့ရင်ပြင်မှ သင်္ကြန်မဏ္ဍပ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
RFA

မကြာခင်ကျရောက်မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း စည်စည်ကားကား ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို အတိုက်အခံ အင်အားစုတွေဘက်ကလည်း စစ်ကောင်စီရဲ့ သင်္ကြန်မဏ္ဍပ်တွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိလာနေပါတယ်။

ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်တိုင်း စမ်းချောင်း၊ ဒဂုံ၊ သာကေတ၊ ပြည်သူ့ရင်ပြင်၊ မန္တလေးတိုင်း စျေးချို နဲ့ မော်လမြိုင်မြို့က ဆောက်လက်စမဏ္ဍပ်တွေမှာ ဗုံးခွဲတိုက်ခိုက်ခံရမှု ခြောက်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖောက်ခွဲမှုတွေကြောင့် လူတွေထိခိုက်တာမရှိခဲ့ပေမယ့် ရန်ကုန်မြို့က ဖောက်ခွဲခံရတဲ့ နေရာအနီးဝန်းကျင်မှာ စစ်ကောင်စီက လုံခြုံရေးတွေ တိုးမြှင့်ချထားတာ တွေ့ရတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုရဲမျိုးက RFA ကိုပြောပါတယ်။

" စမ်းချောင်းရဲစခန်းရှေ့က မဏ္ဍပ်နဲ့ ပြည်သူ့ရင်ပြင်အရှေ့က ရေကစားမဏ္ဍပ်တွေမှာ ပေါက်တဲ့ဗုံးက တော်တော် အသံကျယ်ပါတယ်။ ဆောက်လုပ်စ မဏ္ဍပ် အစိတ်အပိုင်း တချို့လည်း ပျက်စီးတာတွေ့တယ်။ ညဘက်ပေါက်ကွဲတဲ့ အခါကျတော့ လူတွေ ဘာတွေတော့ မထိခိုက်ပါဘူး။ ဗုံးပေါက်ပြီး နောက်ပိုင်းကျတော့ လုံခြုံရေးတွေ တိုးချထားတာ တွေ့တယ်။ အရင်ကတော့ စစ်တပ်က တစ်ဦးနှစ်ဦးလောက်ပဲ အစောင့်တွေ့ရတာ။ ဗုံးပေါက်ပြီး နောက်ပိုင်းကျတော့ ညဘက်ဆို ၁၀ ဦးလောက်ရှိပါတယ်"

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်မှာ စစ်ကောင်စီက ဆောက်လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေကိုလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တချို့က အဝေးထိန်းဒုံးနဲ့ ပစ်ခတ်မယ်လို့ သတင်းထွက်ပေါ်နေတာကြောင့် ဧပြီ ၉ ရက်နေ့မှာ မဏ္ဍပ် သုံးခုထက်မနည်းကို ပြန်လည် ဖျက်သိမ်းသွားတယ်လို့ သူကပြောပါတယ်။

ရန်ကုန်မြို့က ဖောက်ခွဲမှုတွေကိုတော့ ရန်ကုန်တိုင်း အခြေစိုက် Dark Shadow (YGN-UG) မြို့ပြပြောက်ကျား အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာလို့ ဧပြီ ၈ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

ဧပြီလ ၁၀ ရက် ဒီနေ့ထုတ် စစ်တပ်ပိုင် မြဝတီသတင်းစာမှာ သင်္ကြန်ကာလအတွင်း ဖောက်ခွဲဖျက်ဆီးရေး ဆောင်ရွက်ဖို့ ကြံစည်နေတဲ့ Special Task Agency-STA အဖွဲ့ဝင် နှစ်ဦးကို ရန်ကုန်တိုင်း အလုံမြို့နယ်အတွင်းမှာ ကြိုတင်ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သူတို့တွေဟာ လမ်းလျှောက်သင်္ကြန်နဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ပြည်သူတွေ ရေမကစားရအောင်အတွက် ထိတ်လန့်ကြောက်ရွံ့အောင်လုပ်ဆောင်ဖို့ ကြံစည်နေကြတာလို့ စွပ်စွဲ ဖော်ပြထားပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ပါရှိပါတယ်။

"သူတို့က မစည်ကား စည်ကားအောင် လုပ်ဖို့ ပြင်ဆင်နေတာလို့ ထင်ပါတယ်"

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ Special Task Agency-STA အဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီက ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ရှိနေပေမယ့် စစ်ကောင်စီကတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ သင်္ကြန်ပွဲကာလကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့ ဆင်နွှဲဖို့ ဆက်လက်ပြင်ဆင်နေတာ တွေ့ရတယ်လို့လည်း သေခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ နေထိုင်တဲ့ နေပြည်တော်မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ မြို့တော်ခန်းမရေကစား မဏ္ဍပ်အပြင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်မှာ မဏ္ဍပ်အသေး ၂၀ နီးပါးနဲ့ လမ်းလျှောက်သင်္ကြန်ပါ ပထမဆုံးအကြိမ်ထည့်သွင်းကျင်းပဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့လည်းဆိုပါတယ်။

အခုနှစ်သင်္ကြန်နဲ့ပတ်သက်လို့ ယခင်ကလို ရပ်ကွက်တွေမှာ ကြိုတင်ပြင်ဆင်တာတွေ မတွေ့ရဘူးလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပျဉ်းမနား ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက ဘယ်လိုပုံစံ လုပ်နေလဲဆိုတော့ မြို့တော်ခန်းမရှေ့မှာ မြို့တော်မဏ္ဍပ်ဆိုတဲ့ ပုံစံမျိုးနဲ့ မဏ္ဍပ်ထိုးပြီး သင်္ကြန်ကျင်းပမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်နေတယ်။ ပျဉ်းမနား-တောင်ညိုလမ်းမပေါ်မှာလည်း လမ်းလျှောက်သင်္ကြန် လုပ်နေတာ တွေ့တယ်။ အခုထိတော့ ရပ်ကွက်တွေထဲမှာ သင်္ကြန်လုပ်ဖို့ ဘာသံမှ မကြားရသေးဘူး။ သူတို့က မစည်ကား စည်ကားအောင် လုပ်ဖို့ ပြင်ဆင်နေတာလို့ ထင်ပါတယ်"

အဲဒီမဏ္ဍပ်တွေ အနီးမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက နေ့ညမပြတ် လုံခြုံရေးအပြည့်နဲ့ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဌာနပေါင်းစုံက ဝန်ထမ်းတွေကိုလည်း သင်္ကြန်ပိတ်ရက်တွေမှာ အိမ်မပြန်ကြဘဲ သင်္ကြန်မဏ္ဍပ်တွေမှာ ဝင်ရောက်ရေကစားကြဖို့နဲ့ သက်ဆိုင်ရာဌာနတွေအလိုက် ယိမ်းအကတွေနဲ့ ဖျော်ဖြေတင်ဆက်ကြဖို့ နှုတ်နဲ့ ညွှန်ကြားခံထားရတယ်လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာလည်း သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရတာရှိပေမယ့် စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ပုံမှန်အတိုင်းကျင်းပဖို့ ပြင်ဆင်နေတယ်လို့ မန္တလေးမြို့ခံ တစ်ဦးဖြစ်တဲ့ ကိုမိုးက RFAကို ပြောပါတယ်။

"မနှစ်ကထက်တော့ မဏ္ဍပ်တွေ ပိုများတယ်၊ အခုက ကျုံးရဲ့ပတ်ပတ်လည်မှာရော ရှိနေတယ်။ မနှစ်ကထက် သိသိသာသာပိုလာတာ ဈေးချိုမဏ္ဍပ်ပေါ့၊ ခါတိုင်းနှစ်တွေဆို ဈေးချိုမှာ မဏ္ဍပ်မရှိဘူး။ အခုဈေးချိုဘက်မှာပါ ချဲ့ထွင်ပြီးတော့ စည်စည်ကားကား ဖြစ်အောင် လုပ်နေတာပေါ့။ သူတို့ထောက်ခံသူတချို့နဲ့ မဏ္ဍပ်တွေ ဆောက်နေတယ်လို့ မြင်တယ်။ သူတို့အသိုင်းအဝိုင်းက လူတွေနဲ့ အကုန်ကျခံပြီး မဏ္ဍပ်တွေဆောက်တယ်၊ အဲဒီလိုပဲ မြင်တယ်"

စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ မနှစ်က မန္တလေး လမ်းလျှောက်သင်္ကြန်ကိုတော့ ဒေသခံတွေက သပိတ် မှောက်ခဲ့တာကြောင့် လည်ပတ်သူမရှိဘဲ မစည်ကားခဲ့ဘူးလို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာလည်း မြို့တော်ခန်းမ ရေကစားမဏ္ဍပ်အပြင် မြို့နယ်အလိုက် ဗဟိုမဏ္ဍပ်တွေဆောက်ဖို့နဲ့ ယိမ်းအဖွဲ့တွေဖျော်ဖြေဖို့ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ညွှန်ကြားခံထားရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ဦးတင်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဆောက်လုပ်ထားသည့် အင်းယားလမ်းရှိ သင်္ကြန်မဏ္ဍပ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်ကောင်စီ ဆောက်လုပ်ထားသည့် အင်းယားလမ်းရှိ သင်္ကြန်မဏ္ဍပ်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"အဓိကကတော့ သင်္ကြန်မှာ သူတို့တွေက မစည်စည်အောင် လုပ်မယ်။ ဌာနဆိုင်ရာတွေ အားလုံး ဝန်ထမ်းတွေ အားလုံး ယိမ်းတစ်ဖွဲ့ တစ်ဖွဲ့စီ ထွက်ပေးရမယ်။ နောက်ပြီးတော့ မြို့နယ်တွေမှာဆိုရင် တစ်ယိမ်းတစ်ဖွဲ့ ထွက်ပေးရမယ်။ မြို့နယ်က ဗဟိုထွက်သလို ရပ်ကွက်ပေါင်းစုံကလည်း တစ်ယိမ်းထွက်ပြီး မြို့နယ်မှာ ဖျော်ဖြေပေးရမယ်ပေါ့။ လက်ရှိအနေအထားက လုံခြုံရေးစောင့်တာက တစ်နေ့ကို တစ်သောင်းနှုန်းနဲ့ လူအင်အား ခေါ်ထားတာ တွေ့ရတယ်။ အခုပျော်တယ် ပါးတယ်ဆိုတာက သူတို့တစ်နေ့ကို တစ်သောင်းပေးပြီး ခေါ်ထားတဲ့သူတွေ ယိမ်းအဖွဲ့တွေကို ပိုက်ဆံငါးသောင်း ဝတ်စုံအပြည့် ချုပ်ပေးပြီး စည်ကားအောင် လုပ်ထားတာ၊ မဖြစ်နိုင်တဲ့ အရာကို ဖြစ်အောင်လုပ်နေတာ၊ သင်္ကြန်စည်ကားမလား စောင့်ကြည့်ရမှာပေါ့"

နိုင်ငံရေး အင်အားစုတွေကလည်း နိုင်ငံတစ်ဝန်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် သင်္ကြန်ကို ပါဝင်မဆင်နွှဲဘဲ သပိတ်မှောက်ဖို့ တိုက်တွန်း နှိုးဆော်တာတွေ ရှိနေပါတယ်။

နိုင်ငံအတွင်းက ပြည်သူတွေအချင်းချင်း သွေးခွဲဖို့နဲ့ နိုင်ငံတစ်ဝန်း အခြေအနေတွေ ပုံမှန်ဖြစ်နေပြီလို့ ပြသချင်တဲ့အတွက် စစ်ကောင်စီက သင်္ကြန်ကာလကို စည်ကားအောင် ကြိုးပမ်းနေတာလို့ တ.က.သ ကျောင်းသား ဟောင်းများ အင်အားစုက ကိုနန်းလင်းက ဝေဖန်ပါတယ်။

"ကျေးလက်တွေ၊ အညာဒေသတွေ တိုင်းရင်းသား ဧရိယာတွေမှာ ရွာလုံးကျွတ်မီးရှို့တယ်။ တွေ့သမျှလူကို သတ်ဖြတ်တယ်။ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြနေတာပေါ့။ မြို့ပြတွေမှာတော့ ပုံမှန်ပြန်ဖြစ်နေပြီလို့ ပြချင်တာ။ ပြည်သူအချင်းချင်းကို သွေးခွဲတဲ့ အစီစဉ်ပေါ့။ နောက်တစ်ခုက တိုင်းပြည်ဟာ ပုံမှန်ပြန်ဖြစ် နေပြီလို့ ဝါဒဖြန့်အသုံးချဖို့ အချိန်တိုင်းကြိုးပမ်းနေတာ။ အခုလာမယ့်သင်္ကြန်ကိုလည်း စောစောကပြောထားတဲ့ ဗျုဟာထဲက အစိတ်အပိုင်း တစ်ခုထဲအနေနဲ့ ကြိုးစားလာတဲ့ အနေအထားလို့ မြင်တယ်"

စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေကတော့ သင်္ကြန်ကာလအတွင်း စစ်ကောင်စီနဲ့ ဆက်နွယ်မှုတွေ မလုပ်ဖို့နဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ အသုံးမပြုဖို့ တိုက်တွန်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။