စစ်ကောင်စီရဲ့လေယာဥ်အသုံးပြုမှု နိုင်ငံတကာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ

RFA Burmese
2025.01.15
စစ်ကောင်စီရဲ့လေယာဥ်အသုံးပြုမှု နိုင်ငံတကာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ တိုက်လေယာဉ်တချို့အား တွေ့ရစဉ်။
Myanmar Military

ထိုင်း၊ တရုတ်နဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာမှာ ရေဘေး၊ မီးဘေး၊ လေဘေး ဆိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရတဲ့ပြည်သူတွေကို ကယ်တင်နိုင်ဖို့အတွက် လေယာဥ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပေမဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီဟာ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက်ပဲ လေယာဥ်တွေကို အသုံးပြုနေတယ်လို့ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ဝေဖန်ထောက်ပြနေပါတယ်။

ဒီရက်ပိုင်း အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့က လူနေရပ်ကွက်တွေ မီးအကြီးအကျယ် လောင်နေတာကို လေယာဥ်တွေသုံးပြီး မီးငြှိမ်းသတ်နေတာကို တွေ့ကြတဲ့အခါ စစ်ကောင်စီရဲ့ လေယာဥ်အသုံးပြုပုံနဲ့ အမေရိကန်အစိုးရရဲ့ လေယာဥ်အသုံးပြုပုံကို နှိုင်းယှဉ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေတာတွေ လူမှုကွန်ရက်စာမျက်နှာမှာ တော်တော်တွေ့ရပါတယ်။

“စစ်ကောင်စီဟာ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ဖို့အတွက်ပဲ လေယာဥ်တွေကို အသုံးပြုနေပါတယ်

တရုတ်နိုင်ငံမှာလည်း ရှီဇန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ အမည်ပြောင်းထားတဲ့ တိဘက်ဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ငလျင် အကြီးအကျယ် လှုပ်ခဲ့လို့ လူတစ်ရာကျော်သေပြီး အိုးအိမ်တွေ ပျက်စီးရတဲ့ဖြစ်ရပ်မှာ ကူညီကယ်ဆယ်ရေးအတွက် လေယာဥ်တွေ သုံးခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ လေယာဥ်တွေကို ပြောင်းပြန် အသုံးပြုနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း ဝေဖန်ပါတယ်။

“အခု အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့မှာ မီးအကြီးအကျယ် လောင်နေရာမှာ လေယာဥ်တွေနဲ့ မီးငြှိမ်းသတ်ရေးတွေကို သုံးနေတယ်။ တရုတ်ပြည်ကနေ ပြီးတော့ ဒီငလျင်ဘေး ဖြစ်တဲ့အချိန်မှာ သူတို့ရဲ့စစ်တပ်၊ သူတို့ရဲ့ လေယာဥ်ပျံတွေ အသုံးပြုပြီးတော့ ပို့ဆောင်ရေးတွေ လုပ်တယ်။ ကျွန်တော်တို့နိုင်ငံမှာက ပြောင်းပြန်။ ဆိုတော့ ဘာပြလဲဆိုတော့ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်မှုတွေကို ပြနေတယ်”


ဆက်နွှယ်သောသတင်းများ

နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၂ ဦးသေဆုံး

စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီးသုံးစွဲမှု ပိုများလာ

ရခိုင်မှာ နိုင်ငံရေးဆွေးနွေးဖို့ ထုတ်ပြန်ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကြုံနေရ


မနှစ်က ဖြစ်ခဲ့တဲ့ ရာဂီမုန်တိုင်းဘေးမှာလည်း ထိုင်းစစ်တပ်က ရဟတ်ယာဥ်တွေသုံးပြီး လူတွေကို ကူညီကယ်ဆယ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေ ထောက်ပြခဲ့၊ အားကျခဲ့ကြပါတယ်။

ဒါဟာလည်း ထိုင်းနိုင်ငံရဲ့ တော်ဝင် လေတပ်နဲ့ စစ်ကောင်စီရဲ့ ကွာခြားချက် ဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းဘုရင့်တပ်မတော်က လူသားချင်း စာနာထောက်ထားမှုနဲ့ လူတွေကို ကယ်ဆယ်ရေးတွေ၊ ကြက်ခြေနီလုပ်ငန်းတွေ၊ ရေဘေးမီးဘေးနဲ့ အခြားသော မုန်တိုင်း သဘာဝမုန်တိုင်း လိုအပ်ရင် လိုအပ်သလို လေယာဥ်ကိုဖြစ်စေ၊ ရဟတ်ယာဥ်ကိုဖြစ်စေ မဆိုင်းမတွ ထိထိရောက်ရောက်ဖြစ်အောင် ကူညီကယ်ဆယ်နိုင်တာကို တွေ့ရတယ်။ မြန်မာ့တပ်မတော်ကတော့ ပြည်သူလူထုကို မဆိုထားနဲ့ သူတို့ရဲ့လက်အောက်ခံ တပ်မတော်သားတွေသည်ပင်လျှင် အကူအညီလိုရင် ချက်ချင်း ရောက်မလာတာ၊ လုံးဝ ရောက်မလာတဲ့ အခြေအနေမျိုးတွေကို ကြားနေ၊ သိနေ၊ သတင်းတွေမှာ တက်နေတယ်ဗျ”

စစ်ကိုင်းတိုင်းက လတ်တလော ဖြစ်ရပ်တစ်ခုဆိုရင် စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံလုပ် Y 12 ထောက်ပို့လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားပါတယ်။

အခုလို စစ်ကိုင်းတိုင်းမှာ လေယာဥ်တွေသုံးပြီး တိုက်ခိုက်လို့ ပြည်သူတွေဟာ လေယာဥ်သံကြားတာနဲ့ ကြောက်လန့်နေရပြီး ဗုံးခိုကျင်းထဲ ပြေးပုန်းနေရတယ်လို့ စစ်ကိုင်းမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေယာဥ်လာပြီဆိုရင်ကို အခုက အကုန်လုံးကို ကတုတ်ကျင်းထဲမှာကြီးပဲ အကုန်လုံး ပြေးနေရတာ။ ညဆိုလည်း ကောင်းကောင်း မအိပ်ရဘူးဗျာ။ လေယာဥ်နဲ့ ခဏခဏ လာကြဲနေတာဆိုတော့ ဒီဘက်က ပြည်သူတွေကလည်း အကုန်လုံးကို စိုးရိမ်နေတာပေါ့ဗျာ။ တခြားနိုင်ငံမှာ ဆိုလို့ရှိရင်ဗျာ ဒါသူတို့က ပြည်သူတွေအတွက်ကို ကယ်ဆယ်ရေး လုပ်ကြတယ်။ ကျွန်တော်တို့ဆီမှာတော့ မဟုတ်ဘူးဗျ။ ပြည်သူတွေကို ပြန်ပြီးဗုံးကြဲတယ်”

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စန်လွန်ရွှေမှော်ကို စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တွေ့ရစဥ်။ (Kachin News Group Photo)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စန်လွန်ရွှေမှော်ကို စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် တွေ့ရစဥ်။ (Kachin News Group Photo)

စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ခြိမ်းခြောက်ဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို ဖိအားပေးဖို့ လေယာဥ်တွေကို သုံးနေတာလို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

“ပြည်သူလူထုလည်း ကြောက်ရွံ့ပြီးမှ အဲဒီတော်လှန်ရေးဘက်မှာ ကူညီပံ့ပိုးမှု မလုပ်အောင်ပေါ့နော်။ ခြိမ်းခြောက်တဲ့သဘောနဲ့ ပြည်သူလူထုကို ပစ်မှတ်ပြီးမှ ပစ်တာလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ဖို့အတွက် အခုလိုမျိုး စစ်ရေးနဲ့ စစ်အင်အားနဲ့ဖိပြီးမှ ပစ်ခတ်တာလည်း ဖြစ်နိုင်တယ်လို့ ကျွန်တော် သုံးသပ်တာပါ”

လေယာဥ်တွေကို တလွဲအသုံးပြုနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးပြီးလုပ်ခဲ့တဲ့အတွက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ အထိ ၈၅၇ ရာခိုင်နှုန်း တိုးမြှင့်တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘာတစ်ဝန်း လက်နက်ကိုင် အကြမ်းဖက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Action on Armed Violence အဖွဲ့ရဲ့ ဇန်နဝါရီ ၁၀ ရက်သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။