မြန်မာစစ်တပ်ရဲ့လက်နက်ဝယ်ယူမှုနဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု
2023.05.23
လူမျိုးတုံး သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားရက်စက်တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ တရုတ်နဲ့ရုရှားဆီက အဓိကရရှိနေတာဖြစ်သလို စင်ကာပူ၊ ထိုင်းနဲ့အိန္ဒိယတို့လည်း ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)ရဲ့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာသစ်တရပ်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ အဲဒီလက်နက်အရောင်းအဝယ်မှာ လုံးလုံးလျားလျား ပါဝင်ပတ်သက်နေကြသလို တားဆီးပိတ်ပင်မှုကလည်း လျော့ရဲ၊ အရှောင်အတိမ်းတွေကလည်း ကျွမ်းကျင်ကြကြောင်း ဖော်ပြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး တွမ်အင်ဒရူး က “ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအထောက်အထားတွေ အများအပြားရှိပေမဲ့ စစ်ဗိုလ်ချုပ်တွေကတော့ နောက်ဆုံးပေါ် ခေတ်မီစစ်ရေးလက်နက်တွေ၊ တိုက်လေယာဉ်အစိတ်အပိုင်းတွေ၊ ပြည်တွင်းလက်နက်ထုတ်လုပ်ရေး ကိရိယာတွေ၊ လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေကို ဆက်လက်ရရှိနေကြောင်း၊ အဲဒီလက်နက်ပစ္စည်း တွေကို ဖြည့်တင်းပေးနေသူတွေဟာ ဈေးကွက်ရဲ့ရှေ့တန်းက ကုမ္ပဏီတွေကို အသုံးပြုနေတာဖြစ်ပေမဲ့ စည်းကမ်းတင်းကြပ်မှု လျော့ရဲနေကြောင်း၊ ဒါပေမဲ့ သတင်းကောင်းကတော့ - အခုအခါ အဲဒီလက်နက်တွေကို ဘယ်သူက ဖြည့်တင်းပေးနေတာလဲ၊ တရားရေးဌာနမှာရှိနေသူတွေ ဘယ်သူတွေလဲဆိုတာ သိဖို့ပဲလိုကြောင်း၊ အခုအခါ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလက်နက်စီးဆင်းမှု ရပ်တန့်ဖို့ အတွက် ရှေ့ကိုဆက်ပြီး လှမ်းဖို့သာ လိုအပ်ကြောင်း "ပြောဆိုပါတယ်။
ဒီအပေါ် တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂပြောခွင့်ရသူ စတီဖင် ဒူဂျာရက် Stephane Dujarric က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့အလုပ်ဟာ အလွန်အရေးကြီးပြီး သူတို့နဲ့ သူတို့ရဲ့အစီရင်ခံစာတွေဟာ လွတ်လွတ်လပ်လပ် ရှိနေရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီး အလေးအနက်စိုးရိမ်ဖွယ် အနေအထားနဲ့ ကြုံတွေ့နေရချိန်မှာ အရပ်ဘက်ပြည်သူတွေအပေါ် အာဏာပိုင်တွေရဲ့အကြမ်းဖက်မှုတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဆက်လက်အကျဉ်းချခံနေရကြောင်း၊ မိမိတို့ရဲ့ရပ်တည်ချက်က ရှင်းလင်းကြောင်း၊ အစီရင်ခံစာနဲ့ပတ်သက်လို့ကတော့ အထူးတုံ့ပြန်စရာမရှိကြောင်း ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချလွှဲပြောင်းပေးနေတာတွေ တားဆီးရေးအတွက် ဆော်ဩနေချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအပေါ် လက်ရှိချမှတ်ထားတဲ့ လက်နက်နဲ့နိုင်ငံခြားငွေ ဆက်လက်ပိတ်ဆို့ဖို့ တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။
သတင်းတွေအရကတော့ ရုရှားနဲ့တရုတ်ဟာ မြန်မာစစ်တပ်ကို အဆင့်မြင့် လက်နက်စနစ်တွေ အဓိကပံ့ပိုးပေးနေရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းခဲ့ချိန်ကစလို့ နိုင်ငံ့ဘဏ္ဍာထဲက ဒေါ်လာ သန်း ၄ဝဝ ကျော်နဲ့ သန်း ၂၆ဝ ကျော်ဖိုး သုံးစွဲခဲ့ပါတယ်။
ဒါပေမဲ့ စင်ကာပူပြင်ပက လက်နက်ပွဲစားတွေက မြန်မာစစ်တပ်ရဲ့ ကပစ ခေါ် လက်နက်စက်ရုံတွေ လည်ပတ်ရေးမှာ အဓိကကျနေကြောင်းလည်း တွမ်အင်ဒရူးက ပြောပါတယ်။
ဒါ့ပြင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ စင်ကာပူကနေ အမေရိကန်ဒေါ်လာ ၂၅၄ သန်း မြန်မာနိုင်ငံတွင်းကို တင်ပို့ခဲ့ကြောင်း၊ လက်နက်ပွဲစားတွေဟာ စင်ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး စင်္ကာပူအစိုးရကတော့ သူ့ရဲ့မူဝါဒဟာ မြန်မာနိုင်ငံကို လက်နက်တွေလွှဲပြောင်းပေးနေတာကို တားဆီးရေးဖြစ်တယ်လို့ ပြောဆိုကြောင်း၊ တကယ်လို့သာ လက်နက်တွေနဲ့ တခြားပစ္စည်းတွေအားလုံး မြန်မာ စစ်ကောင်စီကို စင်ကာပူက ထောက်ပံ့နေတာ ရပ်ဆိုင်းလိုက်မယ်ဆိုရင် အကျိုးဆက်အနေနဲ့ စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေလည်း သိသိသာသာလျော့ကျ သွားဖွယ်ရှိကြောင်းလည်း ဖော်ပြပါတယ်။