သံတွဲမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့အခက်အခဲ

0:00 / 0:00

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ ခရီးသွားလာရေးအတွက် ကန့်သတ်ချက်တွေရှိတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးတွေမှာ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံသားကတ် လျှောက်ထားဆဲအဆင့်မှာ ခရီးသွားထောက်ခံစာရဖို့ အခက်အခဲရှိသလို နိုင်ငံသားကတ် ရပြီးသားသူတွေမှာလည်း ခရီးသွားလာတဲ့အခါ ခွဲခြားဆံဆက်ခံရတာတွေ ရှိနေပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သံတွဲမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေရဲ့အခက်အခဲ

(ကျော်လွင်ဦး)

■ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ဟာ ကမ္ဘာကျော်တဲ့ ငပီလီ ကမ်းခြေအနီးမှာရှိပြီး ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာနဲ့ ခရစ္စယာန်ဘာသာဝင်တွေ ရောနှောနေထိုင်တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။

ဒါပေမဲ့ သံတွဲမြို့က အစ္စလာမ်ဘာသာဝင်တွေအဖို့ ဒီဒေသကနေ အပြင်သွားလာဖို့ကတော့ အခြားဘာသာဝင်တွေနဲ့ မတူဘဲ အခက်အခဲတွေများစွာရှိနေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

သံတွဲမြို့မှာနေထိုင်တဲ့ မအေးမြတ်သူဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်မှာ အဝေးသင် မြန်မာစာတတိယနှစ်တက်ဖို့အတွက် သံတွဲမြို့နယ် လဝကမှာ ခရီးသွားထောက်ခံစာ လျှောက်ခဲ့ပါတယ်။

မအေးမြတ်သူဟာ ၁၀ တန်းအောင်ပြီး တောင်ကုတ်ဒီဂရီကောလိပ်မှာ ဥပဒေအထူးပြုဘာသာရပ် သင်ကြားခွင့်ရရှိ ခဲ့ပေမယ့် ရခိုင်ပဋိပက္ခတွေဖြစ်ပွားပြီး လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေရှိနေတဲ့ တောင်ကုတ်မှာ ကျောင်းမတတ် ရဲတာကြောင့် ရန်ကုန်ရှိ ဒဂုံတက္ကသိုလ်အဝေးသင်ဌာနမှာ မြန်မာမှုအဓိကဘာသာရပ် လျှောက်ထားပြီး ဒုတိယနှစ် အထိ တက်ရောက်ခဲ့ပါတယ်။

ဒုတိယနှစ်မှာ မြန်မာမှုအထူးပြုဘာသာရပ်ကနေ မြန်မာစာအထူးပြုကို ပြောင်းလဲခဲ့ပါတယ်။ မအေးမြတ်သူဟာ ရန်ကုန်ကို ကျောင်းတတ်ဖို့အတွက် ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ခရီးသွားထောက်ခံစာ ပုံစံ ၄ ကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာ အဝေးသင်တတ်ဖို့ စာသင်ရက်တွေနီးကပ်ပေမယ့် တစ်လကျော်ကြာတဲ့အထိ ခရီးသွားလာခွင့် မရသေးတဲ့အတွေက် အခက်အခဲဖြစ်နေတာကြောင့် သူ့အဖြစ်အပျက်ကို ကူညီပေးဖို့ လူမှုစာမျက်နှာကနေ အကူညီတောင်းခဲ့ပါတယ်။

မအေးမြတ်သူက သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း RFA ကို အခုလို ပြောပြပါတယ်။

"လျှောက်လိုရှိရင် တစ်ပတ်လောက်ကြာမယ်၊ သမီးတို့လည်း တပတ်လောက်ဆိုရင် စောင့်နိုင်သေးတယ်ပေါ့၊ ကျောင်းကလည်း နည်းနည်းပဲနောက်ကျမယ်လေ၊ ကျူရှင်လည်း နည်းနည်းပဲနောက်ကျမယ်၊ စောင့်နိုင်သေး တယ်ဆိုပြီး လျှောက်လိုက်တယ်၊ လျှောက်လိုက်တဲ့အခါမှာ အခုတစ်ပတ်ပြည့်တဲ့အခါ ပြန်သွားတဲ့အခါမှာ မကျသေးဘူးတဲ့၊ မကျသေးဘူးဆိုလို့ရှိရင် ပြည်နယ်ဦးစီးမှူးဆီ ဖုန်းဆက်ပေးပါ ပြောတဲ့အခါမှာကျတော့လည်း ဖုန်းဆက်သွယ်ပေးမယ့်လူ မရှိဘူး၊ တစ်လနီးပါးရှိသွားပြီ ဘာတစ်ခုမှအကြောင်းမပြန်ဘူး၊ စိတ်ထဲမှာကတော့ ဆုံးရှုံးသွားပြီလို့ သတ်မှတ်ထားတယ် ဒါပေမဲ့ ဖြေလို့ရသေးရင်တော့ သွားဖြေချင်သေးတယ်"

အလားတူ သံတွဲမြို့မှာရှိတဲ့ နိုင်ငံသားကတ် လျှောက်ထားဆဲ အစ္စလာမ်ဘာသာဝင်တွေဟာ သံတွဲကနေ တခြားမြို့တွေမှာ ဆေးကုသဖို့အတွက်ဆိုရင်လည်း ခရီးသွားထောက်ခံစာတွေ လိုအပ်တယ်လို့ သိရပါတယ်။

သံတွဲမြို့ အမှတ် ၁ ရပ်ကွက်မှာနေထိုင်တဲ့ မဘုတ်ဆုံခေါ် မမိုမိုနိုင်ဟာ ရန်ကုန်မှာ မျက်စိကုသဖို့အတွက် လူဝင်မှုကြီးကြပ်ရေး (လဝက) မှာ ပြီးခဲ့တဲ့ လပိုင်းတုန်းက ခရီးသွားလာခွင့် လျှောက်ထားခဲ့ပါတယ်။

ဒီခရီးသွားလာခွင့်အတွက် ရပ်ကွက်ထောက်စာ၊ ရဲစခန်းထောက်ခံစာတွေ၊ အိမ်ထောင်စုစာရင်းတွေနဲ့ လျှောက်ထား ခဲ့ပြီး ၂ လကျော်ကြာပြီးမှ ရရှိခဲ့ပါတယ်။

ခရီးသွားထောက်ခံစာဟာ ရက် ၃၀ ပဲပေးတဲ့အတွက် ရက်ကျော်နေထိုင်ပါက အဖမ်းခံရနိုင်တာကြောင့် ဆေးကုဖို့ အချိန် မလုံလောက်ဘဲ ဆေးရုံတွေမှာ သောက်ဆေးနဲ့ ရက်မြန်မြန်နဲ့ပြီးအောင် ကုသဖို့ တောင်းပန်ခဲ့ရတယ်လို့ မဘုတ်ဆုံက ပြောပါတယ်။

"မမီရင်လည်း ရန်ကုန်ဆေးရုံကြီးမှာ ကျမက ဘယ်လို ပြောရလဲဆိုရင် ၁ လနဲ့ မကောင်းဘူးထင်ရင်လည်း ဆရာဝန်တွေကို အသနားခံပြီး ကျမ ပြောခဲ့တယ်၊ ဒီစာရွက်နဲ့ လာတဲ့အတွက် ၁ လထက်ပိုနေရင် ကျမမှာ အန္တရာယ်ရှိတယ်၊ ကျမ အဆင်မပြေလို့ သောက်ဆေးလေးနဲ့ ကျမကို ပြန်လွှတ်ပေးပါ အဲ့လိုမျိုး ပြောပြီး ကျမ ပြန်လာခဲ့တယ်"

မဘုတ်ဆုံလို နိုင်ငံသားစစ်ဆေးရေးကတ် လျှောက်ထားဆဲသူတွေ၊ မရှိသေးတဲ့သူူတွေဟာ ကျန်းမာရေအတွက် ဆေးကုသချင်ပေမယ့် ခရီးသွားထောက်ခံစာလုပ်ရမှာ အချိန်တွေကြာတာ၊ အခက်အခဲတွေရှိတာကြောင့် ခရီးမသွားနိုင်တော့ပဲ သံတွဲမှာတင် သေဆုံးတဲ့လူတွေလည်း ရှိတယ်လို့ ဒေသခံအစ္စလာမ်တွေက ပြောကြပါတယ်။

ခရီးသွားလာခွင့်ရဖို့ ကျန်းမာရေး၊ ပညာရေးအပြင် ခက်ခဲတာတွေကြောင့် လူမှုရေး၊ စီးပွားရေးနစ်နာတာတွေလည်း အများကြီးရှိတယ်လို့ သံတွဲ အစ္စလာမ်ဘာသာဝင်တွေက ပြောပါတယ်။

သံတွဲမြို့နယ် ဇာဒီပြင်ရွာသား ဦးအုန်းလွင်ဟာလည်း အစိုးရဝန်ထမ်းဖြစ်ပေမယ့် အစ္စလာမ်ဘာသာဖြစ်ခဲ့တဲ့အတွက် ခရီးသွားလာခွင့် မရတာကြောင့် နှစ်ချီပြီး ဒုက္ခရောက်ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

ဦးအုန်းလွင်ဟာ သံတွဲမြို့ ကုန်သွယ်လယ်ယာဌာနက ဝန်ထမ်းဖြစ်ပြီး နိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက် ဌာနတွေလျော့ပြီး အခြားဌာနတွေကို ပြောင်းရွေ့တာဝန်ထမ်းစေခဲ့ရာမှာ ဦးအုန်းလွင် ပါခဲ့ပါတယ်။

ကုန်သွယ်လယ်ယာဌာနကနေ သမဝါယမဦးစီးဌာနကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့် တာဝန်ကျရာမြို့ကို သိရှိနိုင်ဖို့ နေပြည်တော်ကို သွားရောက်ခွင့်လျှောက်ထားခဲ့ရာမှာ ၇ နှစ်တိုင် ခရီးသွားလာခွင့် မရခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

"ဦး ဒီကုန်သွယ်လယ်ယာကနေ သမဝါယမ ပြောင်းတဲ့အခါမှာ နေပြည်တော်ရုံးချူပ်သွားဖို့ အဲဒီဟာ ပြည်နယ်ကို တင်ရတယ်၊ ပြည်နယ်က ချမပေးလို့ ဦးမသွားလိုက်ရဘူး၊ မသွားလိုက်ရလို့ လုပ်သက် ၇ နှစ် နေလိုက်ရတယ်၊ ပြီးမှ ကိုယ်ဟာကိုယ် ကြိုးစားပြီး ကိုယ်ဟာကိုယ် ဆက်ယူရတယ်၊ သမ္မတကို တောင်းပန်ပြီး အသနားခံပြီး စာရေးပြီး ဒီနေ့ကိုပြန်ခန့်တယ်၊ သမဝါယမဦးစီးဌာနကို ပြန်ပြောင်းပေးတယ်"

သံတွဲမြို့ခံတွေရဲ့အဆိုအရ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားဆဲဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ သံတွဲမြို့နယ်အတွင်းမှာသာ သွားလာနေထိုင်ခွင်ရှိပြီး အခြားနေရာတွေကို သွားလာခွင့် မရှိပါဘူး။

သံတွဲဒေသခံ မဘုတ်ဆုံက အခုလို ပြောပြပါတယ်။

"ခရီးသွားလာခွင့် လက်မှတ်တင်ရတယ်၊ အဲဒါတင်ဖို့အတွက်ကိုလည်း ကျမတို့မှာ အရမ်းဒုက္ခရောက်တယ်၊ အာမခံ ၂ ယောက်ရှာရမယ်၊ နိုင်ငံသားကတ် ကိုင်ထားတဲ့သူဖြစ်ရမယ်၊ ရပ်ကွက်ထောက်ခံစာပါရမယ်၊ ရဲစခန်းထောက်ခံစာပါရမယ်၊ နောက်ထပ် သန်းခေါင်စာရင်း မိတ္တူပါရမယ်၊ ပြီးတော့ မရူးတာမှန်ကန်ကြောင်း ပါရမယ်၊ အဲဒီလိုမျိုး တောင်းဆိုတယ်၊ ပြီးရင် ရန်ကုန်က ကျမ မိသားစု နေရပ်လိပ်စာ၊ မှတ်ပုံတင်မိတ္တူ၊ လူကိုယ်တိုင် လာရတယ်ပေါ့၊ ကျမ ရန်ကုန်အိမ်က လိပ်စာကို အကုန်အထောက်အထား နိုင်ငံသားကတ် ကိုင်ဆောင်သူဖြစ်ရမယ်၊ သန်းခေါင်စာရင်း မှန်ရမယ်၊ ပြီးရင် ရပ်ကွက်ထောက်ခံစာယူ၊ အဲဒီနောက်မှ ရန်ကုန် လ.ဝ.က ကို လူကိုယ်တိုင် သွားပို့ခိုင်းတယ်၊ အာမခံ ၂ ယောက် လက်မှတ်ထိုးရတာပေါ့၊ အဲဒီကနေမှ ဒီကိုပြန်ကျဖို့အတွက်ကို SP ကို အရင်ပို့တယ်၊ SP ကနေ ကျမတို့ကို ထပ်ခေါ်တယ်၊ ထပ်စစ်တယ်"

အဲဒီလို ခရီးသွားလာခွင့် ထောက်ခံစာတစ်စောင် ရရှိဖို့အတွက်ဆိုရင် အဆင့်ပေါင်းများစွာ လျှောက်ထားရတာကြောင့် ရက်အတော်ကြာပြီး ဒီခရီးသွားခွင့်စောင့်ရင်း သေဆုံးသွားတဲ့ အစ္စလာမ်တွေလည်း အများကြီးရှိတယ်လို့ အစ္စလာမ် ဘာသာဝင် အတော်တော်များများက RFA ကို ပြောပါတယ်။

သံတွဲကနေ ရန်ကုန်ကိုသွားမယ်ဆိုရင် သမားရိုးကျ တောင်ကုတ်ကားလမ်းကနေ သွားလာခွင့်မရဘဲ ဂွလမ်း ကနေသာ သွားလာခွင့်ရပါတယ်။

၂၀၁၂ ရခိုင်လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ဖြစ်ပြီး ဘာသာရေး၊ လူမျိုးရေးတင်းမာမှုတွေကြောင့် တောင်ကုတ် လမ်းကနေသွားမယ်ဆို ကြောက်ရွံ့ရတဲ့အတွက် ဂွလမ်းကနေ အသုံးများကြပါတယ်။

ဂွလမ်းကနေသွားမယ်ဆိုရင် သံတွဲမြို့အထွက်ဂိတ်၊ ဂွမြို့အထွက်ဂိတ်၊ ရခိုင်နဲ့ ဧရာဝတီတိုင်းနယ်ခြားမှာရှိတဲ့ ဗေဒါဂိတ်နဲ့ ငါးသိုင်းချောင်းမြို့အဝင်မှာရှိတဲ့ ရေနံသာဂိတ် စတဲ့ ဂိတ်လေးဂိတ်ကို ဖြတ်သန်းပြီးမှ သွားလာရပါတယ်။

ခရီးသွားလာခွင့်တောင်းခံရရှိပြီး မှတ်ပုံတင်မရှိတဲ့သူတွေဆိုရင် လမ်းမှာဖြတ်သန်းတဲ့ဂိတ်တွေကို တစ်ဂိတ်ကို ငွေကျပ် ၅ ထောင်ကနေ ၁ သောင်းအထိ ပေးရတယ်လို့ အမည်မဖော်လိုတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

"လမ်းမှာတော့ တစ်ဂိတ်ရောက်ရင် တစ်သောင်းပေး၊ တစ်ဂိတ်ရောက်ရင် တစ်သောင်းပေး အဲဒီလိုတော့ ပေးသွားရတာပေါ့"

နိုင်ငံသားဖြစ်နေပေမယ့် အစ္စလာမ်လို့ နိုင်ငံသားကတ်မှာပါတာကြောင့် စစ်ဆေးရေးဂိတ်တွေမှာ သူတို့ကိုပဲ စစ်ဆေးမေးမြန်းတာ၊ တရားခံတွေလို နိုင်ငံသားကတ်ကိုကိုင်ပြီး လူနဲ့တွဲဓာတ်ပုံရိုက်တာမျိုးတွေ ခွဲခြားဆက်ဆံ တယ်လို့ ကမန်တိုင်းရင်းသားတွေက ပြောပါတယ်။

နိုင်ငံသားကတ်ကိုင်ဆောင်တဲ့ ကမန်နိုင်ငံသားနှစ်ဦးမိဘနှစ်ဦးက မွေးဖွားတဲ့ နိုစို့အရွယ်ကလေးတွေကို ခရီးသွားရာမှာ ရပ်ကွက်ထောက်ခံစာ မပါတာကြောင့် ပြန်လွှတ်တဲ့အထိ ခွဲခြားဆက်ဆံမှုတွေ ရှိတယ်လို့ ကျောင်းတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ခင်အုန်းရွှေက ပြောပါတယ်။

"ကျမတို့ ကမန်တိုင်းရင်းသားတွေကျတော့ နို့တိုက်ကလေးတွေကအစ သန်းခေါင်စာရင်းမှာလည်း ရှိပြီးပြီ။ ရှိရဲ့သားနဲ့ ကျန်းမာရေးအတွက် ဆေးကုဖို့သွားတဲ့ကလေးတွေကို မိခင်နဲ့ တွဲပြီး ဓာတ်ပုံရိုက်ပြီး ဒီက အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ တံဆိပ်ရိုက်ပြီး ထောက်ခံစာယူခဲ့ပါဆိုပြီးရှိတယ်။ ကျမတို့အနေနဲ့ အခွင့်အရေးတွေ တအားဆုံးရှုံးနေတယ်"

ဒီလိုအခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအဖွဲ့တွေလည်း ရှိပါတယ်။

သံတွဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးယဉ်ဝင်းက အခြေအနေအတွေကို အခုလို ပြောပြပါတယ်။

"ကျန်းမာရေး၊ ပညာရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမှန်ကတော့ တကယ်ဖြစ်သင့်ပါတယ်။ ကလေးတွေက အထူးသဖြင့် ဒီမှာ တက္ကသိုလ်ပညာကို သင်ကြားနေတဲ့သူတွေ။ သူတို့အတွက် တစ်နှစ်ဆိုတဲ့ အတိုင်းအတာ ပျက်ကွက်သွားမယ်ဆိုရင် အခက်အခဲအများကြီးဖြစ်ပါတယ်"

သံတွဲမြို့မှာ အစ္စလာမ်ဘာသာဝင်တွေအဖို့ နိုင်ငံသားစိစစ်ရေးကတ်ရရှိဖို့ ဘယ်လောက်ခက်ခဲပါသလဲ။ RFA က လဝကရုံးက တာဝန်ရှိသူတွေကို တွေဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

မိဘနှစ်ပါးထဲမှ တစ်ယောက်က နိုင်ငံခြားသားဖြစ်နေတဲ့သူဆိုရင် ပုံစံ ၆၅ နဲ့ နေပြည်တော်အထိ တင်ထားရပြီး လျှောက်ထားသူ ၂၀ မှာ ၄ ဦးဟာ နိုင်ငံသားပြုခွင့်ပေးခဲ့တယ်လို့ မြို့နယ် လဝကဦးစီးက ပြောပါတယ်။

ဒီအထဲက မိဘတစ်ဦးက နိုင်ငံကူးပြောင်းနေထိုင်သူ (FRC)နဲ့ မိဘတွေက ရခိုင်ပြည်နယ်မြောက်ပိုင်း ဇာတိဖြစ်တဲ့ သူတွေဆိုရင် မှတ်ပုံတင်လျှောက်ထားတာ နှစ်နှစ်နီးပါးရှိပေမယ့် မှတ်ပုံတင်ပြုလုပ်ခွင့် မရသေးတဲ့သူတွေလည်း ရှိနေ ပါတယ်။

ဒီသံတွဲမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအဖို့ နိုင်ငံသားကတ်ပြုလုပ်ရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သူတွေလိုမဟုတ်ဘဲ လူမျိုးအမည်ရေးသားဖော်ပြမှုကို တစ်စုံတစ်ရာ ကန့်ကွက်တာတွေ မရှိဘူးလို့ သိရပါတယ်။

သံတွဲမြို့က ကျောင်းသူတစ်ဦးဖြစ်တဲ့ မစန္ဒာထွန်းကတော့ သူအတွက် နိုင်ငံသားမှတ်ပုံတင် မရှိတာကြောင့် နစ်နာမှုတွေများစေတယ်လို့ RFA ကို ပြောပါတယ်။

"သမီးတို့က နိုင်ငံသားဖြစ်ရင် တော်ပြီ၊ ဘင်္ဂါလီ+ကမန် ပေးရင်လည်း ပေး။ သမီးတို့မှာ အဲဒီကတ်မရှိလို့ အများကြီးဆုံးရှုံးနစ်နာမှုတွေ ရှိနေတဲ့အတွက် ဘယ်လူမျိုးမှဆိုပြီး မရှိဘူး။ သူတို့အဆင်ပြေတာနဲ့ ပေး။ ကြိုက်သလိုပေး သမီးတို့ လက်ခံမယ်လို့ ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ အခုချိန်ထိ ဘာမှအကြောင်းမထူးသေးဘူး"

ကျန်းမာရေးအရေးကြီးတဲ့ လူနာတွေအတွက်ကိုတော့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေပြီး ပညာရေးပတ်သက် တာတွေကိုတော့ ၁၄ ရက်အတွင်း ဆောင်ရွက်ပေးတယ်လို့ လဝကမြို့နယ်ဦးစီးမှူး ဦးကိုလေးအောင်က ပြောပါတယ်။

RFA က သံတွဲမြို့နယ် လဝကဦးစီးမှူး ဦးကိုလေးအောင်ကို တွေ့ဆုံမေးမြန်းပြီး ညနေပိုင်းမှာ ဒဂုံတက္က သိုလ်ကျောင်းသူ မအေးမြတ်သူကို ခရီးသွားလာခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါကတော့ သံတွဲမြို့မှာရှိတဲ့ နိုင်ငံသားကတ် လျှောက်ထားဆဲ အစ္စလာမ်ဘာသာဝင်တွေ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကိစ္စတွေမှာ ခရီးသွားလာခွင့် ခက်ခဲ့တာကြောင့် မှတ်ပုံတင်ရရှိဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်ခင်ဗျာ။