ရိုဟင်ဂျာတွေကို နှိမ်နင်းတဲ့ကာလမှာ ကိုယ်တိုင်ပါဝင်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သားနှစ်ယောက် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး International Criminal Court ကို ရောက်သွားတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်မယ့် လမ်းစပေါ်လာတယ်လို့ ရှေ့နေတွေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာမွတ်စလင်အပေါ်ပြုလုပ်တဲ့ စစ်ဆင်ရေးကာလအတွင်း လူအစုအပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်ဆိုပြီး ထွက်ဆိုခဲ့ကြတဲ့ မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်းနှစ်ခုက တပ်သား မျိုးဝင်းထွန်းနဲ့ ဇော်နိုင်ထွန်းတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အခု နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကို ရောက်ရှိနေပြီလို့ နိုင်ငံတကာ သတင်းတွေမှာ အကျယ်အပြန့်ဖော်ပြနေပါတယ်။ သူတို့ကို ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ သက်သေအဖြစ် ထွက်ဆိုခိုင်းဖွယ်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ ဦးမင်းလွင်ဦးက RFA ကိုပြောပါတယ်။
"ဒီစစ်သားနှစ်ယောက်ကို တရားပြသက်သေအနေနဲ့ ထားပြီးတော့ ဒီအမှုမှာ ကျူးလွန်တဲ့သူတွေ ဘယ်သူတွေပါတယ်။ အမိန့်ပေးတဲ့သူ စေခိုင်းတဲ့သူ ဘယ်သူဖြစ်တယ်။ ဒါတွေကို သူတို့ကို ဖော်ခိုင်းပြီးမှ အမှုစစ်လို့ရမှာကိုး။ ICC မှာ စစ်ဆေးဖို့ရန်အတွက် နည်းနည်းနီးစပ်လာတာပေါ့။ ကံသေကံမ ပြောလို့မရဘူး ဘာလို့လဲဆိုတော့ မြန်မာက Rome Statue မှာ လက်မှတ်မထိုးထားဘူး။ ဘင်္ဂလားဒေ့ရှ်က လက်မှတ်ထိုးထားတဲ့အတွက် ဒါ ICJ က ဆက်ဆိုင်တယ်ဆိုပြီး ပြောလို့ရမယ့် အခြေအနေမျိုးရှိတာကိုး ။ ဒါပေမဲ့ ICC ခေါ်မယ်ဆိုရင် ကျနော်တို့ လက်မှတ်မထိုးထားတဲ့အတွက် မြန်မာက သွားစရာကို မလိုတာ။ ဟိုကတောင်းလာရင်လည်း သူက ဘာအချက်အလက်မှ ထုတ်ပေးမှာမဟုတ်ဘူး။ ခု ဒီနှစ်ယောက်ကနေပြီး ဘယ်မှာဘယ်လို မြှုပ်ထားတယ် ဖော်ပေးပါဆိုပြီး တောင်းဆိုလည်း မြန်မာအစိုးရက လက်ခံမှာမဟုတ်ဘူး"
မြန်မာနိုင်ငံကို သဟိဂ်မြို့မှာပဲရှိတဲ့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ မြန်မာတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာရှိတဲ့အတွက် အခု ICC မှာ ထွက်ဆိုဖွယ်ရှိတဲ့ စစ်သားနှစ်ဦးရဲ့ ကဏ္ဍက ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်မလဲလို့ ဦးမင်းလွင်ဦးကို မေးခဲ့ပါတယ်။
"ICJ အမှုက စတင်စွဲဆိုတင်ကတည်းက ကိုယ့်မှာရှိတဲ့ သက်သေစာရွက်စာတမ်းအချက်အလက်တွေအကုန်လုံး တင်ပြပြီးတော့မှ ခိုင်လုံတယ်ထင်လို့ တရားရုံးက နှစ်ဖက်ကို ခေါ် ကြားနာတာ၊ အဲဒီမှာ နောက်တိုးသက်သေဆိုတာမျိုးက ရာဇဝတ်မှုမှာပဲ ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ထွက်ချက်တွေကို နောက်တိုးသက်သေခံထွက်ချက်အနေနဲ့ တင်ပြဖို့ တောင်းဆိုမယ်ဆိုရင်တော့ ဖြစ်နိုင်တဲ့အနေအထားရှိတယ်"
လန်ဒန်အခြေစိုက် BHRN မြန်မာလူ့အခွင့်အရေးကွန်ရက် အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းကတော့ မြန်မာ့တပ်မတော်အတွင်းက အမှန်တရား ထုတ်ဖော်လိုသူတွေအတွက် ဒါဟာ လမ်းစပဲလို့ ပြောပါတယ်။
" မြန်မာပြည်ကနေပြီးတော့ နိုင်ငံတကာမှာသွားပြီးတော့ သက်သေခံမယ့်သူတွေအတွက် ဒါလမ်းစတခု ပွင့်သွားပြီလို့ ပြောလို့ရတယ်။ မြန်မာပြည်မှာရှိတဲ့ စစ်ခေါင်းဆောင်တွေ တိုင်းရင်းသားလူနည်းစုတွေကို သတ်ဖြတ်ချင်သလို သတ်ဖြတ်မယ်ဆိုတဲ့ ခေတ် ကုန်သွားပြီဆိုတာ ဒါသက်သေထူတာပဲ။ လက်ရှိ ရခိုင်ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ပစ်တာတို့ အရပ်သားအပေါ်မှာ သတ်ဖြတ်တာ ကျနော်တို့တွေ့နေရတယ် ရွာတွေ မီးရှို့တာတွေပေါ့နော်။ ဒီဟာတွေ ပျောက်ကွယ်မသွားဘူးဆိုတာ ဒီလုပ်ရပ်က သက်သေပြနေတယ်။ မြန်မာစစ်တပ်က လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်နေတယ်။ ဘယ်ဒေသ ဘယ်တိုင်းရင်းသားမဆို လက်နက်ကိုင်တော်လှန်ရင် အရပ်သားတွေကို သတ်တာဖြတ်တာ။ ဒီဟာကို တားဆီးဖို့အတွက် အရေးယူဖို့အတွက် လုံလောက်တဲ့ သက်သေတွေက တဖြည်းဖြည်း နိုင်ငံတကာကို ရလာပြီလို့ ကျနော်တို့ ပြောလို့ရတာပေါ့နော်။ နည်းဥပဒေတွေက ဘယ်လိုရှိလဲဆိုတော့ ဒီလူတွေကို ကိုယ့်သဘောနဲ့ကိုယ် လက်နက်လာချရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝန်ခံရမယ်။ ကျနော်တို့ဒါတွေ ကျူးလွန်ထားပါတယ်။ သူတို့အပေါ်မှာ ဖိစီးမှု ဘာမှမရှိတော့ဘူး။ ဒီမှာလာပြီး သူတို့က လက်နက်လာချတာ ဒီလူတွေက ဖိအားတခုကြောင့်ပြောတာ မဟုတ်တော့ဘူးပေါ့နော်"
ရှေ့နေဦးမင်းလွင်ဦးက အခုလို စစ်သားနှစ်ဦး နယ်သာလန် ရောက်ရှိသွားတဲ့ကိစ္စကြောင့် မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းကို အများကြီး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
"တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိုပြီးအရေးယူဖို့အတွက် ဖိအားတွေ ပေးလာနိုင်တယ်။ ခရီးသွားလာမှုတွေ အခက်အခဲဖြစ်အောင် နိုင်ငံတကာက ကန့်သတ်တဲ့ sanction တွေ ချပေးဖို့အတွက် တောင်းဆိုတာတွေ ဖြစ်လာနိုင်တယ်။ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်တဲ့အထိကို အဆုံးစွန်ရောက်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းတွေ အပေါ်မှာတော့ ထိခိုက်မှုအများကြီး ရှိလာနိုင်တယ်"
အဲဒီ စစ်သားနှစ်ဦးက သူတို့ကို တွေ့သမျှ ရိုဟင်ဂျာတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ ထိပ်ပိုင်းအရာရှိတွေအကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြစ်မှုအားလုံအတွက် အဓိကတာဝန်ရှိသူကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ထိပ်ပိုင်းတပ်မတော်ခေါင်းဆောင်တွေပဲ ဖြစ်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောပါတယ်။