တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသားနှစ်ဦးထံကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပြီးနောက် နယ်စပ်ဂိတ် လူအဝင်အထွက် စစ်ဆေးမှု တင်းကျပ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မယ့် အခြေအနေရှိ နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
တရုတ်ပြည်ထဲကို တရားမဝင်လမ်းကနေ ဝင်ရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးနဲ့ သူ့ရဲ့အလုပ်သမား အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ခဲ့တယ်လို့ ရွှေလီမြို့အုပ်ချုပ်ရေးအဖွဲ့က ကြေညာပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ သွားလာခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ် လိုက်ပြီး အဲဒီမှာနေထိုင်သူတွေအားလုံးကို ကျန်းမာရေး စစ်ဆေးနေတယ်လို့ ကျယ်ဂေါင်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ မနေ့က တစ်ရက်ထဲမှာပဲ ရွှေလီမှာ လူဦးရေသိန်းနဲ့ချီပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ပါတယ်။
တရုတ်ပြည်မကြီးကနေ ရွှေလီကိုသွားတဲ့လမ်းပိုင်းတွေကို ပိတ်ထားပြီး ကျယ်ဂေါင် ရွှေလီ လမ်းပိုင်းတွေကိုလည်း ရောဂါပိုးစစ်ဆေးနေတဲ့ တစ်ပတ်တာကာလအတွင်း ပိတ်ထားမှာဖြစ်လို့ ကုန်သွယ်မှု အကြီးအကျယ် ထိခိုက် ရပ်ဆိုင်းသွားပြီလို့ ပြောလို့ရကြောင်း ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေး အသင်း ဥက္ကဋ္ဌ ကိုဝင်းအောင်ခန့်က ပြောပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံ ကျယ်ဂေါင်ကို ဝင်ရောက်မယ့်ကားတွေကိုပဲ လက်ခံပါတယ်။ ရွှေလီ ကနေ မြန်မာနယ်စပ် ကျယ်ဂေါင်ကို လာမယ့်ကားတွေကိုတော့ ယာဉ်မောင်းတွေကို ကျန်းမာရေး စစ်ဆေးပြီးမှ လာရောက်ခွင့်ပြုမှာဖြစ်တယ်လို့ဆိုပါတယ်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တာဝန်ရှိသူ ဦးတင်ရဲဝင်းကတော့ မူဆယ်ကနေ ကျယ်ဂေါင်မှာ ကုန်ပစ္စည်း တင်ပြီးသား ယာဉ်တွေကတော့ သွားလာခွင့်ရှိနေသေးတယ်လို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ််စပိုး ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် တရုတ်က မြန်မာနိုင်ငံသား ဝင်ထွက်မှုတွေကို အခုနှစ် ဧပြီလောက်ကတည်းက ကန့်သတ်ထားတာပါ။
တရုတ်နိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထွက်ခွာခွင့်ပြုထားပေမယ့် ပြန်ဝင်ရောက်လာမှာကိုတော့ တားမြစ်ထားပါတယ်။
သစ်သီးနဲ့ ကုန်စည်တချို့ကို ဒရိုင်ဘာအစားထိုးစနစ်နဲ့ သယ်ဆောင်ခွင့်ပြုထားတဲ့ ကျင်စန်းကျော့ နယ်စပ် ဂိတ်ပေါက်မှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေကို ပိုမိုတင်းကျပ်လာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
ကပ်ဘေးမတိုင်ခင် မူဆယ်နယ်စပ်ကနေ နှစ်နိုင်ငံကုန်သွယ်မှုဟာ နေ့စဉ် အမေရိကန် ဒေါ်လာ ဆယ့်ငါးသန်းလောက် ရှိနေပြီး ကန့်သတ်ခဲ့ပြီးနောက်မှာတော့ ဒေါ်လာ ခုနှစ်သန်းနဲ့ရှစ်သန်းကြား ကုန်သွယ်မှုပြုနိုင်တော့တယ်လို့ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူက ပြောပါတယ်။
ဒီရက်ပိုင်း တရုတ်ဘက်က ကျန်းမာရေး စစ်ဆေးတာ တင်းကျပ်နေတာကြောင့် ရွှေလီကနေ နယ်စပ်ကို ကုန်ကားတွေ လာလို့မရရင်တော့ ကုန်သွယ်မှုဟာ ဒီထက်ပိုပြီး ကျဆင်းသွားမယ့် အခြေအနေ ရှိနေပါတယ်။
နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်ဖို့ဆိုတာ ရွှေလီမှာ ပိုးတွေ့လူနာ ထပ်တွေ့မတွေ့အပေါ် အများကြီး မူတည်နေပါတယ်။ ရွှေလီမှာ မနေ့ကအထိ လူတစ်သိန်းကျော်ကို စစ်ဆေးရာမှာတော့ ပိုးတွေလူနာ မတွေ့ရသေးဘူးလို့ သိရကြောင်း နယ်စပ်ကုန်သည်တွေက ပြောကြပါတယ်။