လာမယ့် ၂၀၂၁ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ့် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာရေးဆိုင်ရာ ပြဿနာတွေကို ကူညီဖြေရှင်းပေးရမှာဖြစ်ပါတယ်။
ကမ္ဘောဒီးယားကို ဝန်ကြီးချုပ်ဟွန်ဆင် အုပ်ချုပ်ခဲ့တာ နှစ်လေးဆယ်နီးပါး ရှိပြီ ဖြစ်ပါတယ်။ အတိုက်အခံတွေ၊ ဝေဖန်သူတွေကို ဖိနှိပ်ချေမှုန်းပြီး အုပ်ချုပ်ခဲ့တာပါ။ အခုအခါ ကမ္ဘောဒီးယားအနေနဲ့ စစ်အုပ်ချုပ်ရေးအောက်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ဖို့ မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ တိုက်ရိုက်ထိတွေ့ဆောင်ရွက်ဖို့ ကြွေးကြော်လာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားကို လာရောက်ခဲ့စဉ်အတွင်း ကြွေးကြော်လိုက်တာပါ။
လေ့လာသူတချို့ကတော့ ကမ္ဘောဒီးယားအနေနဲ့ တရားမဝင်အစိုးရတစ်ရပ်ကို အသိအမှတ်ပြုလိုက်တာ ဖြစ်ကြောင်း ဝေဖန်ကြပါတယ်။ ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံအပြီးမှာ ဝန်ကြီးချုပ် ဟွန်ဆင်က လာမယ့် ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
ဟွန်ဆင်ရဲ့ခရီးစဉ်ဟာ မြန်မာအာဏာသိမ်း စစ်ကောင်စီအတွက် ပထမဆုံး ပြည်ပအစိုးရခေါင်းဆောင်တစ်ဦး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းနဲ့ အလုပ်မလုပ်ရင် ဘယ်သူနဲ့ အလုပ်လုပ်ရမှာလဲလို့ ဟွန်ဆင်က မေးခွန်းထုတ်ပါတယ်။ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတဲ့ နိုင်ငံအတော်နည်းပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအတွက် နေရာရဖို့ နှောင့်နှေးခဲ့ပြီး အရင်အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်း ကသာ သူ့ရဲ့မူလနေရာမှာ ဆက်ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ လပေါင်းအတော်ကြာ ဝရုန်းသုန်းကား အခြေအနေဆိုက်ရောက်ခဲ့ပြီး ဆန္ဒပြပွဲတွေကတဆင့် မြို့ပြလက်နက်ကိုင်တော်လှန်ရေး အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ စစ်တပ်ရဲ့ဖြိုခွင်းမှု ကြောင့် ပြည်သူ ၁၃၀၀ ကျော် အထိ သေဆုံးခဲ့ရပြီး တသောင်းကျော် နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။
ဟွန်ဆင်ကတော့ မြန်မာစစ်ကောင်စီအရာရှိတွေ အာဆီယံညီလာခံတက်ရောက်နိုင်ဖို့ ဖိအားပေးမှာ ဖြစ်ကြောင်း၊ အာဆီယံ မိသားစုဝင်တွေဖြစ်တာနဲ့အညီ စည်းဝေးပွဲတွေ တက်ရောက်ခွင့်ရှိကြောင်း ပြောဆိုပါတယ်။ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်း အာဆီယံညီလာခံကို တက်ရောက်ခွင့်မရခဲ့ပါဘူး။ အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့လို့ဖြစ်ပါတယ်။
အခုတော့ ဟွန်ဆင်အနေနဲ့ လေသံပြောင်းလာပါပြီ။ ပြီးခဲ့တဲ့ နှစ်လလောက်ကပဲ၊ မြန်မာ့လက်ရှိ အုပ်ချုပ်သူတွေအနေနဲ့ အာဆီယံညီလာခံ တက်ရောက်ခွင့်မရခဲ့တဲ့အပေါ် ကိုယ့်ကိုကိုယ်သာ အပြစ်တင်ဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် လာမယ့်နှစ် ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့အခါ မြန်မာအနေနဲ့ ဒီပြဿနာကို ဆက်လက်သယ်ဆောင်လာမှာဦးမှာလား ဆိုတာ မသိရသေးကြောင်း၊ အခုတော့ အာဆီယံ အနှုတ် တစ် အခြေအနေဖြစ်နေပြီး ဒါဟာလည်း အာဆီယံကြောင့်မဟုတ်ဘဲ မြန်မာကိုယ်တိုင်ကြောင့်သာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် က ပြောဆိုလိုက်ပါတယ်။

ဒီအတွင်း နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အနေနဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအပေါ်စုံစမ်းစစ်ဆေးဖို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် MAP ခေါ် မြန်မာနိုင်ငံ တာဝန်ယူ တာဝန်ခံမှု စီမံချက်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ သက်သေအထောက်အထားတွေကို နယ်သာလန်နိုင်ငံ The Hague မြို့ က နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ထံ တင်သွင်းပြီးဖြစ်ကြောင်း သိရပါတယ်။