မြန်မာ့ကျောက်မျက်လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ နိုင်ငံကြီးတချို့ ပစ်မှတ်ထား

၂ဝ၁၉ ခုနှစ်က မိုးကုတ်မြို့ ကျောက်မျက်ဈေးတစ်ခုတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများ။
၂ဝ၁၉ ခုနှစ်က မိုးကုတ်မြို့ ကျောက်မျက်ဈေးတစ်ခုတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများ။ (Photo: AFP)

ကမ္ဘာတစ်ဝန်း သဘာဝသယံဇာတတွေအပေါ် အလွန်အကျွံအမြတ်ထုတ်မှု၊ နိုင်ငံရေးစစ်ရေး ပဋိပက္ခ၊ ဆင်းရဲ မွဲတေမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို၊ စုံစမ်းဖော်ထုတ်တင်ပြနေတဲ့ Global Witness အဖွဲ့က မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာမသိမ်းခင်ကတည်းက ကျောက်မျက်တူးဖော်မှုလုပ်ငန်းမှာ စစ်တပ် ပါဝင်ပတ်သက်လာခဲ့ပုံအကြောင်း အစီရင်ခံစာတစ်စောင် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိစ္စ အမေရိကန်လွှတ်တော်မှာ ၂၀၂၁ မြန်မာအက်ဥပဒေအဖြစ် ဆိုင်းငံ့ထားပြီး မြန်မာ့ကျောက်မျက်ရတနာအားလုံး အမေရိကန်ကို တင်ပို့ခွင့် ပိတ်ပင်ထားမှာဖြစ်ပါတယ်။ Global Witness အဖွဲ့ရဲ့ မြန်မာဆိုင်ရာစည်းရုံးလှုပ်ရှားသူ တစ်ဦးကတော့ - မြန်မာ့ပတ္တမြား အရောင်းအဝယ်မှာ လူအချင်းချင်း ဆက်နွယ်ပတ်သက်မှု၊ ခင်မင်ရင်းနှီးမှု အဖြစ် ရောင်းဝယ်ကြတာဖြစ်ကြောင်း ဒါပေမဲ့ ကျောက်မျက်တူးဖော်မှုလုပ်ငန်းမှာတော့ အကျင့်ပျက်ခြစားတာတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြောင်း ပြောဆိုပါ တယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နယူးယောက်အခြေစိုက် Harry Winston ကျောက်မျက်ရတနာလုပ်ငန်းက မြန်မာနိုင်ငံကလာတဲ့ ကျောက်မျက်တွေကို ဘယ်အချိန် ဘယ်ကာလက တင်ပို့တယ်ဆိုတာ မသိရဘဲ ဝယ်ယူတော့မှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ အိန္ဒိယ ကျောက်မျက်ရတနာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Vaibhav Global ကလည်း မြန်မာကျောက်မျက်တွေ အပါအဝင် အမည်ပျက်စာရင်းဝင် ရတနာပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ပြီး အဲဒီကျောက်မျက်တွေရဲ့ မူလလာရာ အရပ်ဒေသတွေကို စုံစမ်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ Vaibhav ရဲ့ ရတနာပစ္စည်းတွေဟာ Amazon, Overstock နဲ့ Walmart အပါအဝင် အွန်လိုင်းကပါ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေတာဖြစ်ပါတယ်။

အလားတူ Tiffany၊ Zales၊ Kay စတဲ့ နာမည်ကျော်ကုမ္ပဏီကလည်း မြန်မာနိုင်ငံကလာတဲ့ ကျောက်မျက်ရတနာနဲ့ လက်ဝတ်ရတနာတွေကို မရောင်းချကြောင်း ကြေညာခဲ့ကြပါတယ်။ ဒါပေမဲ့ ခိုသွေးရောင် မိုးကုတ်ပတ္တမြားတွေနဲ့ တခြား အလှဆင်ကျောက်မျက်တွေကိုတော့ ဈေးကွက်မှာ အလွယ်တကူ ရရှိနိုင်ပါတယ်။

ကျောက်မျက်နဲ့လက်ဝတ်ရတနာကုန်သည်တွေ အားလုံးကို အရောင်းအဝယ် ဆိုင်းငံ့ထားဖို့ Global Witness အပါအဝင် တခြားအဖွဲ့တွေက တိုက်တွန်းခဲ့ကြပါတယ်။ ကျောက်စိမ်းနဲ့ တခြားကျောက်မျက်တွေဟာ၊ စစ်တပ်ရဲ့ ရန်ပုံငွေအတွက် အရေးအ‌ကြီးဆုံး အရင်းအမြစ်ဖြစ်နေတာပါ။ ဒါပေမဲ့ တရားမဝင်မှောင်ခိုရောင်းချမှုကြောင့် ကျောက်မျက်လုပ်ငန်းရဲ့ အမှန်တကယ် ဝင်ငွေအတိုင်းအတာပမာဏ ဘယ်ရွေ့ဘယ်မျှဆိုတာ အတိအကျမသိရဘဲ ဖြစ်နေပါတယ်။ ကျောက်စိမ်း၊ ပုလဲနဲ့ တခြားကျောက်မျက်တွေက ရတဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ဘီလျံ ချီ ရှိမယ်လို့တော့ ခန့်မှန်းကြပါတယ်။ မြန်မာ့သဘာဝသယံဇာတတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အသက်သွေးကြောပါပဲ လို့ Global Witness အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံတော်အာဏာကို ပြည်သူ့လက်ကနေ အဓမ္မနည်းနဲ့ အကြမ်းဖက်လုယူထားတဲ့ စစ်တပ်ဟာ လူထု ဆန့်ကျင်မှုနဲ့ အကျယ်အပြန့် ရင်ဆိုင်နေရတာပါ။ ပြည်သူကို ညှဉ်းပန်းနှိပ်စက်၊ ဆေးဘက် ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်၊ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ပျောက်ဆုံးနေရပြီး ဖေဖော်ဝါရီလကစလို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြည်သူ အနည်းဆုံး ၁၃၀၀ ကို သတ်ဖြတ်၊ တသောင်းရှစ်ထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

000_1KB5WI.jpg
၂ဝ၁၉ ခုနှစ် စက်တင်ဘာလက နေပြည်တော်တွင် ကျင်းပသော ကျောက်မျက်လေလံပွဲတွင် ပြသထားသော ကျောက်စိမ်းတုံးတစ်တုံးကို ကြည့်ရှုနေသူတစ်ဦး။ (Photo: AFP) (THET AUNG/AFP)

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MECနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့က ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းကို သိမ်းပိုက်ထားပြီး လက်ခွဲလုပ်ငန်းတွေ ချပေးထားပါတယ်။ တခြားကျောက်မျက်ကုန်သည်တွေကတော့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်ဝေခံတွေဖြစ်မယ်လို့ ယူဆကြပါတယ်။ စစ်တပ်နဲ့ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံအစိုးရတွေက ပိတ်ဆို့အရေးယူထားပါတယ်။

ကျောက်မျက်လုပ်ငန်းတစ်ခုတည်းက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄၆ သန်းကနေ ၄၁၅ သန်းအထိ ရရှိမယ်လို့ Global Witness အဖွဲ့က ခန့်မှန်းထားပေမဲ့ တခြား‌ကျောက်မျက် အရောင်းအဝယ်လမ်းကြောင်းတွေလည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက် ၂၀၁၆ခုနှစ်မှာ လုပ်ငန်းလိုင်စင်လဲတာတွေ၊ လိုင်စင်အသစ်ချပေးတာတွေကို ဆိုင်းငံ့ထားခဲ့ပြီး ၂၀၂၀ မှာ လိုင်စင်သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့် တူးဖော်ရေးလုပ်ငန်းတွေမှာ ခွင့်ပြုချက် မပါရှိဘဲ လုပ်ကိုင်နေကြရသလို ဖြစ်နေကြောင်း သိရပါတယ်။