တရုတ်ရောက် မြန်မာအလုပ်သမား ခြောက်သောင်းကျော် နေရပ်ပြန်ဖို့ အခက်တွေ့နေ

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021-08-19
Share

တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ ကိုဗစ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ အားလုံးနီးပါး ရပ်တန့် နေတဲ့အတွက် အဲဒီဒေသတွေမှာ သွားပြီးအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ခြောက်သာင်းကျော်ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး နယ်စပ်ဂိတ်တွေကိုလည်းပိတ်ထားလို့ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ အဲဒီအလုပ် သမားတွေက ပြောပါတယ်။

 မြန်မာနယ်စပ်အနီးက ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေဟာ အလုပ်ကိုင်အခွင့်အလမ်းကောင်းလို့ မြန်မာနိုင်ငံက အလုပ်သမားတွေ အားထားနေရတဲ့မြို့တွေဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်ပထမလှိုင်းစဖြစ်တဲ့ ၂၀၂၀ နှစ်ဦးပိုင်းကစပြီး ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ မကြာခဏ ဆိုသလို ကျန်းမာရေးစစ်ဆေးတာ၊ အသွားအလာထိန်းချုပ်တာတွေကြောင့် အလုပ်နားရတာတွေရှိခဲ့ပါတယ်။

 ၂၀၂၁ ဧပြီလနောက်ပိုင်းမှာတော့ အလုပ်တွေပုံမှန်မလုပ်ရတော့ဘဲ အိမ်တွေမှာပဲနေရတယ်လို့ ရွှေလီမှာ တစ်နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်ပြန်ချင်နေတဲ့ မမိုးပွင့်က RFA ကို ပြောပါတယ်။

“ကျွန်မတို့က အခုကဂိတ်ပေါက်တွေက ပိတ်တော့ ပစ္စည်းတွေကမဝင်တော့ သူဌေးတွေက လစာမပေးနိုင် တော့ဘူးလေ။ လစာမပေးနိုင်တော့ စားစရိတ်ပဲတစ်ရက်ကို ဆယ့်ငါးကျပ်(တရုတ်ယွမ်)ပေးတော့ အိမ်ပြန် ချင်တာပေါ့၊ လစာမရမယ့်အတူတူဆိုပြီးမှ။ ဒါပေမဲ့ ကျွန်မတို့က ကုန်ဈေးနှုန်းတွေက ဈေးကြီးတော့ မလောက်ဘူးလေ။ အိမ်ခန်းငှားတွေကျတော့လည်း အလုပ်မရှိတော့ပြန်ချင်ကြတာ။ အခုပြန်တဲ့သူ တော် တော်များတယ်။ အားလုံးပြန်ကုန်ကြပြီး ကျွန်မတို့စက်ရုံဆိုရင် ကျွန်မတို့နှစ်ယောက်ပဲ ကျန်တော့တာ၊ လော့ဒေါင်းစချထဲက အကုန်ပြန်သွားကြတာ။ နေရပ်ပြန်ဖို့အတွက်ကိုတော့ စက်ရုံသူဌေးဆို စက်ရုံသူဌေး၊ အိမ်ရှင်ဆိုရင် အိမ်ရှင်နဲ့ သွားပြီး ရဲစခန်းမှာဖောင်ဖြည့်ရတာ။ ဖောင်ဖြည့်ပြီးမှ သူတို့သွားဆိုမှသွားရတာ။ တစ်ပတ်လောက်တော့ စောင့်ရတယ်ပြောတာပဲ။ ကွာရတင်းကတော့ ရောဂါတွေ့တဲ့တိုက်တန်းတွေမှာ ဆိုရင် ဝင်ရတယ်။ ရွှေလီမှာက ကျယ်ဂေါင်မှာတော့ အကုန်ဝင်ရတယ်”

မမိုးပွင့်ဟာ နမ္မတူမြို့ဇာတိဖြစ်ပြီး ကိုဗစ်ကပ်ရောဂါမဖြစ်ခင် ၂၀၂၁ ထဲက ရွှေလီမှာရှိတဲ့ ဒယ်အိုးစက်ရုံမှာ တစ်လကို တရုတ်ယွမ်ငွေ ၁၆၀၀ နဲ့ အလုပ်လုပ်ခဲ့တာပါ။

အခုနှစ် ဇူလိုင်လကစလို့ စက်ရုံလည်းပိတ်ထားရသလို လခလည်းမရတော့တာကြောင့် ရွှေလီမြို့ကနေ နမ္မတူကိုပြန်ဖို့ စောင့်နေတာပါ။ ရွှေလီမှာနေရင် အိမ်ခန်းခ တစ်လကို တရုတ်ယွမ် ၈၀၀ ဝန်းကျင်၊ မြန်မာ ငွေနဲ့ဆိုရင် နှစ်သိန်းကျော် ကုန်ကျသလို  စားစရိတ်လည်း တစ်ရက်ကို တရုတ်ယွမ်ငွေ ၆၀ လောက်ကုန် တာကြောင့် အလုပ်မရှိသူတွေ စားဝတ်နေရေးခက်ခဲနေပါတယ်။

"ပိုက်ဆံမပေးရင် ထမင်းမကျွေးဘူးဆိုပြီး ညီမတို့ကို ထမင်းနှစ်ရက် မကျွေးဘူး။ ပြန်လာချင်နေကြတဲ့သူတွေလည်းရှိတယ်။"

ရွှေလီရောက် ကျောက်ပန်းတောင်းက ကိုကျော်စိုး ကလည်း အလုပ်မရှိတဲ့အပြင် တစ်ရက်ခြားတစ်ခါ ကျန်းမာရေး စစ်ဆေးခံနေရတာကြောင့် ရတဲ့နည်းနဲ့ နေရပ်ပြန်ချင်နေပါတယ်။

တချို့ကျတော့လည်း ခိုးပေါက်ကပို့ရင် ပိုက်ဆံအများကြီးကုန်တာပေါ့။ ရှေ့ကလူတွေပြန်တာ ယွမ် ၃၅၀ လောက်ကုန်တယ်တဲ့။ စက်လှေဂိတ်နဲ့ မူဆယ်ကြား အဲမှာကျတဲ့စရိတ်ပေါ့။ ကျွန်တော်ကတော့ ဘယ်က ပို့ပို့ ရောက်ပြီးတာပဲ၊ မြန်မာနိုင်ငံရောက်ပြီးတာပဲ ကုန်လည်းကုန်ပါလေ့စေတော့ ဘာမှမတတ်နိုင်တော့ ဘူး။ ပစ္စည်းလည်းရှုံး ရှုံးပါစေပဲ ဒီအတိုင်းပြန်တာနားအေးတယ်။ အဆင်မှမပြေတော့တာ။ ဒီမှာနေလည်း တစ်နေ့တစ်နေ့အာခေါင်ပဲစစ်နေတာ။ ခဏနေရင်တောင် အာခေါင်စစ်တော့မှာ။ တစ်ရက်ခြားတစ်ခါ စစ်တယ် လော့ဒေါင်းချရင် တစ်ရက်ခြားတစ်ခါစစ်တယ်။ အခုကမနေ့ညနေတစ်ခါစစ်တယ်။ ဒီနေ့တစ်ခါ စစ်တယ် သူတို့စစ်တဲ့နေရာရှိတယ်။ အဲဒီမှာ သွားစစ်ရတာ

စောင့်ကြည့်ရေးစင်တာကို အပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တစ်ရက်ကို စားစရိတ် တရုတ်ယွမ်ငွေ ၆၀ ပေး ရပြီး မပေးနိုင်သူတွေကတော့ ခေါက်ဆွဲဗူးတွေပဲ စားရတယ်လို့ ရွှေလီမြို့ပြင် သီးသန့်စောင့်ကြည့်ရေးစင်တာ မှာ ရက်ပေါင်း ၂၀ ကျော်နေထိုင်ခဲ့တဲ့ မတင်ဇာနွယ် က ပြောပါတယ်။ သီးသန့်စောင့်ကြည့်ရေး စင်တာတွေမှာ ရောက်နေပြီး အိမ်ပြန်ချင်နေတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းဝန်းကျင်အထိ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ကွာရတင်းစင်တာမှာ သွားနေတာ ၂၈ ရက် သော့ခတ်ထားတယ်၊ ညီမတို့က အခန်းကျဉ်းထဲမှာပဲနေရ တာ။  သူတို့ စစချင်း ကြူဝင်ဖို့လာခေါ်တော့ ညီမတို့ကို ၁၄ ရက်လို့ပြောတယ်။ စားစရာလည်း ဘာမှ ပူစရာမလိုဘူး ငါတို့ကျွေးမယ်။ ပိုက်ဆံလည်း ပေးစရာမလိုဘူး ညီမတို့ကို အဲလိုပြောတာ။ ဟိုရောက်တဲ့ နေ့ကတော့ ထမင်းမစားရဘူး။ အဲနေ့တစ်ရက် သူတို့မပို့ဘူး။ နောက်တစ်နေ့ သူတို့ထမင်းပို့တယ် လေး ငါးရက်နေတော့ သူတို့ ပိုက်ဆံကောက်တယ်၊ ပိုက်ဆံကောက်တော့ ညီမတို့ပြောတာ ပိုက်ဆံပေးစရာ မရှိဘူး။ ငါတို့အလုပ်မရှိတာ လေးငါးလရှိပြီ နင်တို့လည်းသိတာပဲဆိုပြီး ပြောတော့ ပိုက်ဆံမပေးရင် ထမင်းမကျွေးဘူးဆိုပြီး ညီမတို့ကို ထမင်းနှစ်ရက် မကျွေးဘူး။ ပြန်လာချင်နေကြတဲ့သူတွေလည်းရှိတယ်။ စာအုပ်ရှိသူတွေ အပြည့်အစုံရှိပြီး မပြန်ချင်တဲ့သူတွေကျတော့ အတင်းပြန်ပို့တယ်။ မပြန်ချင်တဲ့သူတွေ ကျတော့ ကျူစင်တာထဲမှာပဲ ထားထားတယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲ သူတို့ပိုက်ဆံတောင်းတယ် မပေးရင်အော်တယ် ငေါက်တယ်။ ထမင်းမကျွေးဘူးဆိုပြီးထားတယ်၊ အဲလိုမျိုးပေါ့

မတင်ဇာနွယ်ဟာ ရွှေလီမြို့က အထည်ချုပ်စက်ရုံမှာ ဆယ်နှစ်လောက်အထိ အလုပ်လုပ်ခဲ့ပြီး  သြဂုတ်လ ၁၆ ရက်က မြန်မာနိုင်ငံ မူဆယ်ဘက်ကို  ပြန်ထွက်လာနိုင်ခဲ့တာပါ။

myanmar-return.jpg
(တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ နေရပ်ပြန်မြန်မာနိုင်ငံသားတွေ သြဂုတ် ၅ ရက်နေ့က တွေ့ရစဥ်)

တရုတ်နယ်စပ် ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန် စတဲ့နယ်စပ်မြို့တွေမှာ ကိုဗစ်စာင့်ကြည့်ရေးစင်တာတွေကို မြို့ပြင်မှာထားပြီး နေရပ်ပြန်လိုသူတွေ၊ ကပ်ရောဂါကူးစက်နေတဲ့  မြန်မာနိုင်ငံသားတွေကို သီးသန့်ထား ပါတယ်။

တရုတ်နိုင်ငံသားတွေကိုတော့ နေအိမ်တွေနဲ့ ဟိုတယ်တွေမှာပဲ စောင့်ကြည့်ပါတယ်။ အစားအသောက်တွေကို လည်း မြန်မာနိုင်ငံသားတွေထက် တရုတ်နိုင်ငံသားတွေကိုပဲ ဦးစားပေးတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံထဲမှာအလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေဟာ မန္တလေးတိုင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်၊ မကွေးတိုင်း စတဲ့ဒေသက အများဆုံးဖြစ်ပြီး စိုက်ခင်း၊ စက်ရုံ၊ ဆောက်လုပ်ရေး၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု၊ အထည် စက်ရုံ၊ ဈေးဆိုင်တွေမှာ အများဆုံးလုပ်ကြပါတယ်။

မြန်မာနဲ့တရုတ်နိုင်ငံကြား အလုပ်သမားစေလွှတ်မှုဆိုင်ရာကိစ္စမှာ နှစ်နိုင်ငံသဘောတူလက်မှတ် မထိုးထား ပါဘူး။ အလုပ်ရှင်နဲ့အလုပ်သမား နားလည်မှုနဲ့ပဲ အလုပ်လုပ်နေကြပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရတာတွေ လည်း မကြာခဏရှိတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

အခက်အခဲတွေကြုံနေလို့ မြန်မာအလုပ်သမားတွေ အိမ်ပြန်ချင်နေတယ်ဆိုပေမယ့် နယ်စပ်တွေပိတ်ထားလို့ ပြန်ဖို့မလွယ်ပါဘူး။ ကပ်ရောဂါကြောင့် နှစ်နိုင်ငံနယ်စပ် လူဝင်ထွက်ပေါက်တွေ၊ ကုန်တင်ဂိတ်တွေကို ၂၀၂၀ ဧပြီလလောက်ကစပြီး တရုတ်ဘက်ကပိတ်ထားပါတယ်။ အစပိုင်းမှာ မြန်မာနိုင်ငံကို ပြန်မယ့်သူတွေကို ထွက် ခွင့်ပြုခဲ့တယ်ဆိုပေမယ့် အခုနှစ်ဆန်ပိုင်းကစလို့ လူဝင်လူထွက်အားလုံးကို ပိတ်ထားလိုက်လို့  တရားမဝင် ခိုးပေါက်တွေက ပြန်နေကြရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

နယ်စပ်ခိုးပေါက်ဖြစ်တဲ့ ရွှေလီမြစ် စက်လှေ ကူးတို့ဆိပ်အထိ တစ်ဦးကို တရုတ်ယွမ်ငွေ ၃၀၀ ကနေ ၆၀၀ အထိပေးရလို့ အလုပ်လက်မဲ့ မြန်မာနိုင်ငံသားတွေ အခက်ကြုံနေပါတယ်။ မပြန်နိုင်သူတွေကတော့ ခိုးပေါက် အနီးက နယ်စပ် ရှမ်းရွာ၊ တရုတ်ရွာတွေမှာ လနဲ့ချီနေထိုင်နေကြရတယ်လို့ နေရပ်ပြန်လာသူတွေက ပြော ပါတယ်။

မြန်မာနိုင်ငံသားတွေ တရားဝင်ပြန်ခွင့်ရဖို့ မြန်မာနယ်စပ်အာဏပိုင်တွေက တရုတ်အစိုးရကိုတောင်းဆိုခဲ့လို့ ဇူလိုင် ၂၆ ရက်နေ့မှာ မူဆယ်နယ်စပ် နန်းတော်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့တယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောထားပါတယ်။

myanmar-return.jpg
(နေရပ်ပြန်မြန်မာနိုင်ငံသားတွေ မူဆယ်မြို့ နန်းတော်ဂိတ်မှာ ဇူလိုင် ၃၀ ရက်နေ့က တန်းစီနေကြစဥ်) Photo: CJ

ဇူလိုင်လ ၂၆ ရက်နေ့က သြဂုတ်လ ၁၆ ရက်နေ့အထိ နေရပ်ပြန်မြန်မာနိုင်ငံသား ငါးထောင်နီးပါးရှိခဲ့တယ်လို့ နေရပ်ပြန်လာသူတွေကို ကူညီပေးနေတဲ့ မူဆယ်မြို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ယက် က ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့မှာတော့ နယ်စပ်ပေါက်ကို တရုတ်နိုင်ငံက ပြန်ပိတ် ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ တရားဝင်လမ်းကြောင်းကနေ ပြန်လာခွင့်ရဖို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ထပ်ညှိနှိုင်းဖို့ လိုတယ်လို့ မူဆယ်မြို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ယက် ဥက္ကဋ္ဌ ကိုဌေးက ပြော ပါတယ်။

ပြန်ချင်တဲ့သူတွေကို သူတို့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ အခုလိုပဲပေါ့ တရားဝင်ဂိတ်ပေါက်တွေကနေ ဂုဏ်သိက္ခာ ရှိရှိ ပြန်ခွင့်ရစေချင်တာပေါ့။ ခိုးပေါက်တွေမှာ ထားခဲ့တာမျိုးကျတော့ သူတို့ပစ္စည်းတွေလည်း ယူလို့မရ ဘူးဗျ။ ဒါလည်းတောင်းတော့ တောင်းဆိုပေးနေတာပေါ့နော်။ မြန်မြန်ဆန်ဆန်လွှဲပြောင်းပေးဖို့ပေါ့။ တရုတ်ဘက်က လွှဲချင်ရင်လည်း သုံးရာပဲလွှဲပါ ငါးရာပဲလွှဲပါလို့ မပြောဘဲနဲ့။ အခုဒီမှာက မူဆယ်မှာဆို ဝန်ထမ်းတွေလည်း တချို့ပေါ့စတစ်ဖြစ်နေတာရှိတော့ လူအင်အားမလုံလောက်တာတွေ ဘာတွေရှိတော့ ရှိတဲ့နေရာကနေ ဆွဲထည့်ပြီးတော့ မြန်မြန်ဆန်ဆန် လက်ခံပေးစေချင်တာပေါ့။ အခုကျွန်တော်တို့ မူဆယ် ကနေလွှဲသလို ဝမ်တိန်ကနေ လွှဲလာတယ်ဆိုရင်လည်း ကောင်းတာပေါ့။ ဝမ်တိန်ရှိတယ် ကြူကုတ် ပန်ဆိုင်းရှိတယ်၊ အဲလိုနီးစပ်ရာတွေကနေလွှဲပေးရင် ကောင်းတာပေါ့နော်။ ရွှေလီကသူတွေလည်း ပြန်ချင် နေတာများတယ်။ အခန်းခလည်း ဆက်မပေးနိုင်တော့ဘူး အလုပ်ကမရှိဘူးဆိုတော့ သူတို့အနေနဲ့ စားတာ နဲ့တင် ကုန်နေတာရှိတာပေါ့

မြန်မာနိုင်ငံကို ပြန်ရောက်လာသူတွေကိုတော့ မူဆယ်ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့ တွေက သူတို့မူလနေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးနေပြီး ကျန်နေသူတွေပြန်လာနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်ပေးနေတယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက တရုတ်နိုင်ငံနယ်စပ် ရွှေလီအာဏာပိုင်တွေက အထောက်အထားလက်မှတ် မရှိသူတွေနဲ့ နေရပ်ပြန်ဖို့ လမ်းစရိတ်မရှိသူတွေကို တရုတ်ယွမ်ငွေ တစ်ရာထောက်ပံ့မယ်လို့ ထုတ်ပြန်ထား ပါတယ်။

နေထိုင်ခွင့်စာအုပ်ရှိသူတွေနဲ့ ပေါက်ဖော်ကဒ်ကိုင်ထားသူတွေကိုတော့ စက်ရုံတွေမှာ အလုပ်လုပ်နိုင်ပါတယ်။ အထောက်အထားရှိလို့ မပြန်ချင်လည်းရတယ်ဆိုပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံသားတွေကို နေရပ် ပြန်ဖို့ကိုပဲ တရုတ်အာဏာပိုင်တွေက တွန်းအားပေးနေတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့