ပရဟိတဆေးခန်းတွေ တိုက်ခိုက်ခံရမှု ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု အားကောင်းတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ အခမဲ့ဆေးကုပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပရဟိတဆေးခန်းတွေ တိုက် ခိုက်ခံရတာဟာ စစ်ပွဲတွေမှာ လိုက်နာရမယ့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှား သူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု အားကောင်းတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဆရာဝန်နဲ့ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်ရှိပြီး အားလုံးနီးပါးက စစ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ CDM ဝန်ထမ်းတွေဟာ မြို့နယ်ဆေးရုံကို သပိတ်မှောက်ထားပြီး မင်းတပ်မြို့နယ်ထဲက ၂၅ ခုတင်ဆံ့ ဝမ္မသူးကျေးရွာ တိုက်နယ်ဆေးရုံနဲ့ အခြားနေရာတချို့မှာ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အခမဲ့ဆေးကုပေးခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ CDM ဝန်ထမ်းတွေရဲ့ ဝမ္မသူးတိုက်နယ်ဆေးရုံနဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ မင်းတပ်မြို့နဲ့ မိုင် ၃၀ အကွာ ရှစ်ကျေးရွာက ဒေါက်တာအငြိမ်းရဲ့ အခမဲ့ဆေးခန်းတွေကို စစ်ကောင်စီတပ်သားတွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။
အဲဒီဆေးခန်းတွေမှာ ဒဏ်ရာရတဲ့ ဒေသခံကာကွယ်ရေးတပ် CDF တပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတယ်လို့ ယူဆတာကြောင့် အခုလို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်တယ်လို့ မင်းတပ်မြို့ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
“ကျန်းမာရေး ဝန်ထမ်း ၁၀၀ ကျော်ရှိတဲ့ထဲက CDM ဝန်ထမ်း မလုပ်တဲ့ဟာ ၁၀ ယောက် တောင် မပြည့်ဘူး။ ကျန်တဲ့ အယောက် ၁၀၀ ကျော်ကတော့ CDM ဝင်ပါတယ်။ အခုလို ဖျက်ဆီးခံရတဲ့ ဆေးခန်းတွေက ရိုးရိုးပြည်သူတွေ သာမက CDF တွေကိုပါ ကုသပေး တယ်လို့ သူတို့ထင်သလား မသိဘူး။ အဲလိုဟာမျိုးကြောင့် ဆရာမအငြိမ်း ဆေးခန်းနဲ့ ဝမ္မသူးတိုက်နယ် ဆေးခန်းကို ဖျက်ဆီးတာ ဖြစ်ပါတယ်”
ဝမ္မသူးတိုက်နယ်ဆေးရုံက မီးစက်အကြီးတစ်လုံး၊ ခွဲစိတ်ခန်းသုံးတဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့ လူနာခုတင်အပါအ၀င် ဆေးရုံသုံးပစ္စည်းအားလုံးကို စစ်ကောင်စီတပ်သား တွေက တစ်ခုမကျန် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စစ်တပ်က အခုလို ဝင်ရောက်ဖျက်ဆီးမယ်ဆိုတာကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ကတည်းက ကြိုတင်သတင်းရတာကြောင့် ဝမ္မသူးတိုက်နယ် ဆေးရုံက စေတနာ့ဝန်ထမ်း CDM ဆရာမတွေရော ဒေသခံရွာသားတွေပါ ကြိုတင်တိမ်း ရှောင်ခဲ့တဲ့အတွက် အဖမ်းခံရတာမျိုးတော့ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မင်းတပ်မြို့ပေါ်က ဆေးရုံမှာ ဝန်ထမ်းတွေ CDM လုပ်ထားတာကြောင့် စစ်ကောင်စီရဲ့ စစ်တပ်ဆရာဝန်တွေနဲ့ အစားထိုးလည်ပတ်နေပေမယ့် အဆင်ပြေမှု မရှိဘဲ အခုလို တိုက်နယ်မြို့လေးက ဝမ္မသူးဆေးရုံမှာတော့ လူနာတွေ စည်ကားနေတဲ့အပေါ် မကျေနပ် တာကြောင့် လာရောက်ဖျက်ဆီးခဲ့တာလို့လည်း အမည်မဖော်လိုတဲ့ ဝမ္မသူးကျေးရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူတွေကို ကူညီပေးနေတာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာကို သူက မကြိုက်ဘူး၊ မင်းတပ်မြို့ပေါ်က ဆေးရုံကို သူက တတ်နိုင်သလောက် ပြန် Run နေ တာရှိတယ်၊ သူတို့မှာ လုံလောက်တဲ့ ဝန်ထမ်းမရှိတော့ သူတို့ရဲ့ စစ်ဆေးဆရာဝန်တွေနဲ့ Non-CDM ဝန်ထမ်းတချို့ပေါ့နော် တစ်ယောက်၊ နှစ်ယောက် သုံးယောက်နဲ့ပေါ့လေ တတ်နိုင်သလောက် ပြန် Run နေတယ်၊ တချို့လူနာတွေဆိုရင် သူတို့ မင်းတပ်ဆေးရုံမှာ မကုနိုင်လို့ ဝမ္မသူးဆေးရုံကို လွှဲရတဲ့အခြေအနေ ရှိတယ်၊ ကျွန်တော်တို့ ပြည်သူတွေကို ကူညီနေတာ၊ ကုသပေးနေတာ ပြည်သူအချင်းချင်း စည်းလုံးကြတာကို မကျေနပ်လို့ ဒီလိုလုပ်တာလို့ ကျွန်တော် ယူဆတယ်”
"စစ်တပ်ရောက်ရှိတဲ့ နေရာတိုင်းမှာ ဒီလိုဟာမျိုးလုပ်ခြင်းဟာ ဂျနီဗာကွန်ဗန်းရှင်းကို တမင်သက်သက် ချိုးဖောက်တာဖြစ်ပါတယ်"
ဝမ္မသူး တိုက်နယ်ဆေးရုံဟာ မင်းတပ်မြို့နဲ့ ၁၅ မိုင်အကွာမှာ တည်ရှိပြီး၊ မင်းတပ်မြို့နယ် ထဲက ကျေးလက်နေ ပြည်သူတွေအတွက် အဓိက အားထားရာ ဆေးခန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီဆေးခန်းမှာ CDM ဝန်ထမ်းတွေက ကိုယ်ဝန်ဆောင်တွေ မီးမဖွားနိုင်တဲ့အခါ အရေးပေါ် ခွဲစိတ်ပေးတာ၊ အူအတက်ရောင်တဲ့ လူနာတွေကို အခမဲ့ ခွဲစိတ်ပေးတာနဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရတဲ့ အပြစ်မဲ့ အရပ်သားတွေကို ကုသပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ခေတ်အဆက်ဆက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့တဲ့ ချင်းပြည်နယ်မှာ အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အခမဲ့ ဆေးခန်းတွေ ဖျက်ဆီးခံရတာဟာ ဒေသခံတွေ အတွက် ထိခိုက်နစ်နာတယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန် က RFA ကို ပြောပါတယ်။
“နဂိုကတည်းကိုက ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းလိုအပ်တဲ့ ပြည်နယ်ကို အဲဒီထဲမှာမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆေးခန်းတွေ အခုလိုမျိုး ဖျက်ဆီး ခံရတာက တော်တော်များများတော့ ထိခိုက်တာပေါ့၊ ဆုတ်ယုတ်သွားတာပေါ့”
ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆေးခန်း ဆေးရုံတွေကို ဖျက်ဆီးတာဟာ နိုင်ငံတကာ ရာဇဝတ်မှု ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာဖြစ်ပြီး၊ ချင်းလူ့အခွင့်အရေးအဖွဲ့ အနေနဲ့ ဒီကိစ္စတွေကို ICJ နဲ့ ICC လို နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ကြိုးစားနေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်း ဇအုပ်လိန်းက RFA ကို ပြောပါတယ်။
“သူတို့ ဒီလိုမျိုး လုပ်ရပ်ဟာဆိုလို့ ရှိရင် ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဂျနီဗာကွန်းဗန်းရှင်မှာ ဒီလိုမျိုး ဆေးရုံနဲ့ ကျန်း မာရေး စောင့်ရှောက်မူ အမှတ်သားတွေရှိတဲ့ အဆောက်အအုံပဲဖြစ်ဖြစ်၊ ယာဉ်တွေပဲ ဖြစ်ဖြစ်၊ ဆေးခန်းတွေပဲဖြစ်ဖြစ် အဲလိုမျိုးကို စစ်ဖြစ်တဲ့အချိန်မှာ ရှောင်ကျဉ်ရမယ် ဆိုတဲ့ဟာ တားမြစ်ချက် အတိအလင်း ဖော်ပြထားတာရှိတယ်။ စစ်တပ်ရောက်ရှိတဲ့ နေရာတိုင်းမှာ ဒီလိုဟာမျိုး လုပ်ခြင်းဟာ ဂျနီဗာကွန်ဗန်းရှင်းကို တမင်သက်သက် ချိုးဖောက်တာဖြစ်ပါတယ် ”
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်တစ်စုံတစ်ရာ ရနိုင်ဖို့အတွက် စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မတ်လ ၇ ရက်နဲ့ ၈ ရက် နှစ်ရက် လုံးလုံး ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ချင်းရေးရာအဖွဲ့ချုပ်ရဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောက်မှု ခက်ခဲတာကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို အယောက် ၃ဝ ကျော် ရှိနေပါတယ်။