ဒဏ်ရာရ မြန်မာလုပ်သားတွေ နစ်နာကြေးရဖို့ ကြိုးပမ်းနေ
2023.11.18

ထိုင်းနိုင်ငံအတွင်း စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ရင်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရတဲ့ မြန်မာအလုပ်သမားတချို့ ကို အလုပ်ရှင်က တာဝန်ယူတာ၊ တာဝန်ခံတာမရှိတဲ့အတွက် နေရေးစားရေး ခက်ခဲနေကြရပါတယ်။
ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်ကြတော့တဲ့ ဒီမြန်မာအလုပ်သမားတွေဟာ သူတို့ရဲ့ နစ်နာမှုတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးရဖို့ တရားဥပဒေအရ ကြိုးစားနေကြတာပါ။
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က မသွယ်သွယ်အေးဟာ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံကို ရောက်လာခဲ့တာပါ။ သူဟာ ထိုင်းနိုင်ငံ နဲ့ လာအိုနိုင်ငံနယ်စပ် ပူလီလန်က တရုတ်နိုင်ငံသားပိုင် ကျောက်ပြားစက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း ကျောက်ပြားပိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရပါတယ်။
ဆေးရုံကဆင်းပြီးနောက် အလုပ်လဲမလုပ်ရတော့သလို ထိုက်သင့်တဲ့နစ်နာကြေးကိုလည်း အလုပ်ရှင်က မပေးခဲ့ဘူးလို့ ဆိုပါတယ်။
နောက်တစ်ဦးကတော့ ကရင်ပြည်နယ် ဘားအံမြို့နယ်ကနေ အလုပ်လာလုပ်တဲ့ ခွန်သန်းနွေးပါ။ သူက ထိုင်းနိုင်ငံကိုရောက်တာ ဆယ်နှစ်ကျော်ရှိပါပြီ။ သတ္တုလုပ်ငန်း တစ်ခုမှာ နေ့စားလုပ်ရင်း နဲ့ သတ္တုအမှုန်အစတွေကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်၊ အလုပ်လည်း မရှိတော့လို့ နေစရာစားစရာအခက်အခဲဖြစ်နေတဲ့ သူ့ကို အလုပ်ရှင်က ဘာမှတာဝန်မယူခဲ့ဘူးလို့ ပြောပါတယ်။
ဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်လုပ်ကိုင်နေသူတွေ ဖြစ်ကြပါတယ်။ တရားဝင်အလုပ်သမားတွေဆိုရင် လူမှုဖူလုံရေးအတွက် ငွေကြေးပေးသွင်းရပြီး ဒီလိုလူမှုဖူလုံရေးကြေးပေးထားတဲ့ အလုပ်သမားတိုင်း လုပ်ငန်းခွင်နစ်နာမှုဖြစ်ရင် နစ်နာကြေးရရှိရမှာဖြစ်ပါတယ်။
နောက်ထပ် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာကြောင့် အလုပ်ရပ်နားခံရပြီး နစ်နာကြေးမရတဲ့ သူ တစ်ဦးကတော့ မဝင့်ဝင့်ခိုင်ပါ။ ပဲခူးတိုင်း ကညွတ်ကွင်း က ဖြစ်ပြီး ထိုင်းနိုင်ငံကိုရောက်တာ နှစ် နှစ်လောက်ပဲ ရှိပါသေးတယ်။ သူက တာယာစက်ရုံမှာ အလုပ်လုပ်ရင်း မတော်တဆဖြစ်လို့ လက်တစ်ဖက်ဖြတ်လိုက်ရပါတယ်။ သူ့ကို အလုပ်ရှင်က နစ်နာကြေးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးအဆင်မပြေတဲ့အတွက် ထိုင်းနိုင်ငံမှာအလုပ်လာလုပ်ပြီး မိဘကိုထောက်ပံ့နေတဲ့ ကိုအောင်ဇေဖြိုးကလည်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရပြီး ဘာနစ်နာကြေးမှမရဘဲ အလုပ်က ရပ်နားခံခဲ့ရပါတယ်။
ဒီလို ထိခိုက်ဒဏ်ရာရပြီး အလုပ်ရှင်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် သူတို့ရဲ့ ရပိုင်ခွင့်တွေကို ကူညီပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး ကူညီဆောင်ရွက်နေတဲ့ မဟာချိုင်မြို့ က AAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီအလုပ်သမားတွေကို AAC မဟာမိတ်အဖွဲ့က ဖွင့်ထားတဲ့ ဂေဟာမှာ ကူညီစောင့်ရှောက်ထားပြီး သူတို့တွေ ရသင့်ရထိုက်တဲ့ လျော်ကြေးငွေရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဥပဒေအရ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အဖွဲ့ တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။ လက်ရှိအချိန်အထိ AAC မဟာမိတ်အဖွဲ့က အလုပ်သမားဦးရေ တစ်ထောင်ကျော်အတွက် နစ်နာကြေးရအောင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးအခက်အခဲ နဲ့ စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာလာခဲ့ကြတာ အခုဆိုရင် သန်းနဲ့ချီရှိနေပါတယ်။
မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ မတ်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံကို သွားရောက်လုပ်ကိုင်တဲ့ အလုပ်သမား ငါးသန်းကျော်ရှိပြီး ထိုင်းနိုင်ငံမှာ သုံးသန်းခန့်ရှိတယ်လို့ ဆိုပါတယ်။
အလုပ်သမားအရေးလှုပ်ရှားသူတွေကတော့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့် နဲ့ လာရောက်သူ သုံးသန်းခန့်ရှိပြီး အထောက်အထားမရှိသူတွေနဲ့ပါဆိုရင် စုစုပေါင်း မြန်မာနိုင်ငံသား ခြောက်သန်းခန့်ရှိနေတယ်လို့ ပြောကြပါတယ်။