မြဝတီမြို့ကုန်သွယ်ရေးဇုန်အပါအဝင် နေရာငါးခုမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.03.25
Share on WhatsApp
Share on WhatsApp
မြဝတီမြို့ကုန်သွယ်ရေးဇုန်အပါအဝင် နေရာငါးခုမှာ တိုက်ပွဲပြင်းထန်နေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ဖြစ်ပွားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တိုက်ပွဲများကြောင့် မီးလောင်နေသည်ကို အဝေးမှ မြင်ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အပါအဝင် နေရာငါးခုမှာ မတ်လ ၂၅ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။

မြဝတီ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်းမကြီး၊ ကော့ကရိတ်လမ်း၊ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲဖြစ်ပွားနေတာလို့ KNLA နဲ့ ဒေသခံတွေက ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေဘက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ သုံးပြီး တုံ့ပြန်နေတာပါ။

တိုက်ပွဲအတွင်းပါဝင်တဲ့ KNLA တပ်ဖွဲ့ဝင်တစ်ဦးကတော့ ကျုံဒိုးမြို့က အမှတ် ၅၄၆ တပ်နဲ့ ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ လို့ RFA ကို ပြောပါတယ်။

"ကျုံဒိုးမြို့က ၅၄၆ တပ်ကိုရော၊ ရဲစခန်းကိုရော ဝိုင်းဝန်းပစ်တာပေါ့နော်။ မြို့ထဲအထိ ဝင်ပစ်တယ်။ မနက် ၈ နာရီလောက်ကနေ စဝင်တာ။ ၁၂ နာရီလောက်အထိက ကျုံဒိုးမြို့ထဲမှာ ကလေးတွေ ရှိတုန်းပဲပေါ့။ အဲဒီအချိန်ထိကတော့ ရဲစခန်းကိုတော့ သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိဘူး။ မြေပြင်ကနေပဲ ပြန်ဆုတ်လာတယ်။ ၁၂ နာရီအထိ ကတော့ တိုက်ပွဲ မပြီးဆုံးဘူး။ ကော့ကရိတ်ဘက်ခြမ်းမှာဆိုရင်လည်း လမ်းမှာ ဖြတ်ပြီးတော့ အကုန်နေရာယူထားတယ်။ တပ်ဘက်က ထိခိုက်ဒဏ်ရာရမှုရှိတယ်။ လေယာဉ်ကတော့ ကျုံဒိုးမှာ မြို့ပတ်ဝန်းကျင်ကို နှစ်ကြိမ်လာပစ်သွားတယ်”

ပူးပေါင်းတပ်ဖွဲ့မှာ Lion၊ ကော်ဘရာ၊ ကျားဖြူ၊ ဒေါန၊ ဂဠုန်၊ ကျားသစ်နက် စစ်ကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

"တပ်ဘက်က ထိခိုက်ဒဏ်ရာရမှုရှိတယ်။ လေယာဉ်ကတော့ ကျုံဒိုးမှာ မြို့ပတ်ဝန်းကျင်ကို နှစ်ကြိမ်လာပစ်သွားတယ်"

နေ့လယ် နှစ်နာရီအထိ ကျုံဒိုးကနေ KNLA တပ်တွေပြန်မဆုတ်ရသေးဘဲ တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ကျုံဒိုးမြို့က အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။

တိုက်ပွဲကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်နဲ့ မြဝတီမြို့ထဲကိုဝင်တဲ့ မဲကနယ်တံတားကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီလို့ မြဝတီမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဒီဘက်ကတော့ စစ်ကောင်စီတပ်ဖွဲ့နဲ့ BGF တွေပေါ့နော်။ ဟိုဘက်ကတော့ ကျနော်တို့လည်း အတိအကျ မသိဘူး။ သူတို့ကတော့ အဓိကကတော့ ကုန်သွယ်ရေးဇုန် ကိုပဲ အဓိက ပစ်မှတ်ထားတာလေ။ ကုန်သွယ်ရေးဇုန်ကို ဝင်စီးတယ်လို့ ကြားတယ်။ သင်္ဃန်းညီနောင် ရဲစခန်းကိုလည်း ဝင်ပစ်တယ်လို့ ကြားတယ်။ အခုလောလောဆယ် တော့ ကျနော်တို့ ကုန်သွယ်ရေးဇုန်နဲ့ မြဝတီမြို့ထဲနဲ့ ဝင်တဲ့ မဲကနယ်တံတားကိုပေါ့၊ အခုလက်ရှိ လုံးဝ အာဏာပိုင်အစိုးရဘက်ကနေ ပိတ်ထားတယ်။ အဝင်အထွက် လုံးဝ လုပ်လို့မရဘူးပေါ့နော်"

နေ့လယ်ပိုင်းအထိ ကုန်သွယ်ရေးဇုန်ပတ်ဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး အဆောက်အအုံပျက်စီးမှုတွေရှိတယ်လို့ သူက ပြောပါတယ်။ ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲဖြစ်တာက ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြဝတီရဲစခန်းရှေ့ကိုလည်း စစ်တပ်ကပိတ်ဆို့ထားပြီး မြို့ထဲမှာ လုံခြုံရေးတွေ ပိုချထားပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်။ (Photo: Citizen Journalist)
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့သည့် မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်။ (Photo: Citizen Journalist)

မြဝတီမြို့အနီးတိုက်ပွဲတွေပြင်းထန်နေပေမယ့် မြိုထဲမှာတော့ ပုံမှန်လှုပ်ရှားသွားလာ နေကြတယ်လို့ မြဝတီမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"မြဝတီမှာက မြို့တွင်းဖြစ်တာမဟုတ်ဘူး။ ကုန်သွယ်ရေးဇုန်ကို လာဝင်ပစ်ပြီးတော့ သွင်းကုန်ရုံးကို မီးရှို့သွားတာပေါ့။ နောက်တောင်ပိုင်းလမ်းပိုင်းမှာတော့ တချို့နေရာတွေ မှာက မိုင်းခွဲတာလား လက်နက်ကြီးကျတာလားမသိဘူး။ လမ်းတွေက ပျက်နေတယ်။ မြဝတီရယ်၊ ကော့ကရိတ်ရယ်၊ ကျုံဒိုးရယ် တစ်ပြိုင်တည်းချနေတယ်လို့လည်း သိရတယ်။ ဟိုဘက် (ကုန်သွယ်ရေးဇုန်)မှာတော့ ရဟတ်ယာဉ်နဲ့ပစ်တယ်လို့လည်း သိရပါတယ်။ မြို့ထဲမှာတော့ အေးဆေးပဲ ရှင်လောင်းတောင် လှည့်နေတာ။ မြဝတီမြို့ထဲမှာတော့ ဘာမှမဖြစ်ဘူး"

ဒါပေမဲ့ တိုက်ပွဲကြောင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကိုတော့ ဒီမနက် ပိတ်ထားတယ် လို့ သူက ပြောပါတယ်။ မြဝတီမြို့မှာ မတ်လ ၂၄ ရက်ကပဲ ညမထွက်ရအမိန့် ထုတ်ပြန် ခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

မြဝတီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော် ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။