စစ်ကောင်စီဖယ်ရှားရေး တော်လှန်အဖွဲ့အားလုံးနဲ့ ပူးပေါင်းမယ်လို့ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.07.19
စစ်ကောင်စီဖယ်ရှားရေး တော်လှန်အဖွဲ့အားလုံးနဲ့ ပူးပေါင်းမယ်လို့ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြ ပြောကြား ဗိုလ်မှူးချုပ် စောနယ်ဒါးမြ။
Photo: Kaw Thoo Lei Army

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက Kaw Thoo Lei Army ကို ထူထောင်လိုက်ကြောင်း ဇူလိုင် ၁၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးအတွက် ဖြစ်တယ်လို့ မနေ့က ညဦးပိုင်းမှာ RFA ကို သူက ပြောပါတယ်။

"Kaw Thoo Lei Army ကတော့ စစ်တိုက်ဖို့ပဲ ဖွဲ့စည်းထားတယ် နိုင်ငံရေးနဲ့ မပတ်သက် ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ KNU အောက်မှာ နေ့လို့ရှိရင် တိုက်ရင် ပြဿနာရှိတယ်။ အခုကြည့် NCA နဲ့ သူတို့ လုပ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ အလုပ်လုပ်တဲ့အခါ ပြဿနာရှိတာပေါ့။ အခုတော့ အပြင်မှာထွက်ပြီး Kaw Thoo Lei Army ကြေညာလိုက်တယ်။ နောက်ပိုင်းဆိုရင် လုပ်စရာရှိတဲ့အလုပ်ကို အေးအေး ဆေးဆေး လုပ်လို့ရမယ်"

KNU ခေါင်းဆောင်ပိုင်းမှာ NCA ကိုလက်ခံပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသူတချို့ ရှိနေပေမယ့် စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ ကရင်တော်လှန်ရေးအဖွဲ့တွေနဲ့ သူလက်တွဲထားတယ်လို့ ပြောပါတယ်။

"ရန်သူနဲ့ သွားပြီး စီးပွားရေးတွေလုပ်တယ် အထဲမှာသူတို့ အိမ်တွေရှိတယ်။ ကျနော်တို့ လူထု အတွက်လည်း သူတို့နားမထောင်ဘူး။ ဒီလူကြီးတွေကတော့ ရှိနေတာပေါ့။ သူတို့ က ရန်သူနဲ့ အဆက်အသွယ်အမြဲတမ်းရှိနေတယ်။ ဒါပေမဲ့ ရှိနေတဲ့ KNU တွေနဲ့က တော့ တွဲလို့ရပါတယ်။ ရန်သူကို ရှေ့တန်းမှာတော့ တွဲပြီးတော့ တိုက်တာပဲ။ အလုပ် ကတော့ တွဲလုပ်ရမှာပဲ Kaw Thoo Lei Army မှာတော့ အားလုံးပါတာပေါ့။ DKBA တချို့လည်းပါတယ်၊ KNLA တချို့ပါတယ်။ KNDO တချို့လည်းပါတယ်။ ဘယ်လိုဖြစ် ဖြစ်ပေါ့ ရည်မှန်းချက်ကတော့ ရန်သူကို တိုက်ဖို့ပဲ"

NUG အပါအဝင် စစ်ကောင်စီကို အမြစ်ဖြတ်ဖယ်ရှားမယ့် တော်လှန်ရေးအဖွဲ့အားလုံးနဲ့ ပူးပေါင်းမယ်လို့လည်း ဆိုပါတယ်။

“NUG နဲ့ ပူးပေါင်းတာကတော့ ပူးပေါင်းရမှာပေါ့။ NUG တို့၊ PDF တို့ အားလုံး ရန်သူကို တိုက်ဖို့ပဲ အနာဂတ်အတွက်ကောင်းမှာပဲ အားလုံးအတွက် ကောင်းမှာပဲ”

လက်ရှိစစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး သူတို့တပ်ဖွဲ့တွေ မကြာခင်က အောင်မြင်စွာ ဝင်ရောက်စီးနင်းခဲ့တဲ့ နယ်စပ်ဒေသရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကိုတော့ ဆက်လက် တိုက်ခိုက်တော့မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ဥကရစ်ထစခန်း ဒီလောက်တိုက်တာ တော်ပြီ။ ရန်သူ သေတာ မနည်းဘူး၊ ပြီးတော့ ရန်သူသေနတ်တွေရတယ် စခန်းထဲမှာလည်း တချို့နေရာတွေ မီးရှို့လိုက်တယ် ဆက်လုပ်လို့ရှိရင်တော့ သူတို့ လေယာဉ်ပျံနဲ့ လာကြဲတယ်၊ လက်နက်ကြီး ထုတယ် ၁၂၀နဲ့ထုတယ်။ ဒီလောက်တိုက်ပြီးပြီဆိုရင်တော့ ကျနော်တို့ အောင်မြင်ပြီပေါ့နော်”

သူ့ရဲ့ တော်လှန်ရေးအတွေ့အကြုံအရ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စိတ်ဓာတ်ပိုင်းအရရော တိုက်ခိုက်စွမ်းရည်ပါ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး မိမိတို့ တော်လှန်ရေးအင်အားစုတွေက အရင်ကထက်စုစည်းမိနေပြီ ဖြစ်တဲ့အတွက် ဆက်လက်ပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်မယ်ဆိုရင် ၂နှစ်အတွင်း စစ်ကောင်စီကို ဖယ်ရှားနိုင်မှာဖြစ်တယ် လို့လည်း ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက RFAကိုပြောပါတယ်။

“တော်လှန်ရေး အခုအခြေအနေက ကျနော်တို့ဘက်က တိုးတက်လာတယ်။ ပြီးတော့ အခုက PDF တချို့နဲ့ နိုင်ငံရေးသမားတချို့နဲ့ NUG အဖွဲ့အစည်းတွေလည်းတိုင်းရင်းသား အဖွဲ့အစည်းတွေလည်း အတွေ့အကြုံတွေ ဖြတ်သန်းမှုတွေ များလာတယ်ပေါ့။ ပြီးတော့ အကြံဉာဏ်လည်း များလာတယ်။ ဒါကြောင့်မို့လို့ ရန်သူ့အခြေအနေနဲ့ ကိုယ့်အခြေအနေ ကို ချိန်ကြည့်ရတဲ့အခါ တိုင်းရင်းသားတွေ အားလုံးနဲ့ ရှိတဲ့ PDF အင်အားတွေကျနော်တို့ စုစုစည်းစည်းတိုက်လို့ရှိရင် ၂ နှစ်မကျော်ဘူး။ အောင်မြင်ရမယ်။ အဲ့ဒါတော့ စုစုစည်း စည်း လုပ်ရင်ရမှာပေါ့။ အခုဟာ သူတို့ စစ်တပ်ဟာ စိတ်ဓာတ်လည်း ကျနေပြီ။ လူသစ် ဝင်လာတာလည်း မရှိဘူး။ တိုက်တဲ့ အခါ ဖမ်းမိတဲ့ ရန်သူတွေက လူငယ်တွေမရှိတော့ ဘူး။ အသက်ကြီး ၅၀ ၊ ၅၀ကျော်တွေပဲ ကြည့်ရတာတော့ သူတို့ တိုက်ခိုက်ရေး အခြေ အနေ အရင်အခြေအနေမရှိဘူး၊ စိတ်ဓာတ်လည်း မရှိဘူး သူတို့ ရည်မှန်းချက်လည်း ကောင်းကောင်းမွန်မွန် မရှိတော့ဘူး။ ရန်သူ့ အခြေအနေက တော်တော်ဆိုးနေပြီ။ သေနတ်ကတော့ ရုရှားတို့၊ China တို့က သူတို့ရပေမယ့်လည်း စိတ်ဓာတ်မရှိတော့ ကျနော်တို့ကို သူတို့တိုက်လို့မရဘူး”

KNU တပ်မဟာ ၆ နယ်မြေမှာ ရောက်ရှိနေတဲ့ YUA (Yangon Underground Associa tion- ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ပေါင်းစု ဗဟိုကော်မတီဝင် ဗိုလ်ဒီပါက သူတို့ PDF တွေအတွက် ဒါဟာ ဝမ်းသာစရာ သတင်းဖြစ်တယ်လို့ ပြောပါတယ်။

“Kaw Thoo Lei Army နဲ့ပတ်သက်လို့ကတော့ ကျနော်တို့ မျှော်မှန်းချက်ကို ဦးဆောင် ပေးမယ့် တော်လှန်ရေးကို ရှေ့ရောက်သွားအောင် တောင်ပိုင်းတိုင်းကို ဦးဆောင်သွား မယ့် စစ်ဦးစီးချုပ်တစ်ယောက်ပေါ်လာတယ်လို့ ကျနော်တို့က မြင်တယ်ဗျ။ ဗိုလ်ကြီးအရှဲ ဝါးတို့ ဗိုလ်တာဘောတို့၊ ဗိုလ်ဇော်ဝင်းမြင့်တို့၊ နောက်ဗိုလ်စလုံးတို့ ကျနော်တို့ အားကိုးရ တဲ့ ခေါင်းဆောင်တွေပဲ ကျနော်တို့လည်း သူတို့ဆီက ပြန်သင်နေရတယ်။ ဒီလို စစ်မြေ ပြင်မှာ ရဲဘော်တွေကို အထိအခိုက် ကျဆုံးနည်းအောင်လို့ ခေါင်းဆောင်နိုင်တဲ့ ခေါင်း ဆောင်တွေနဲ့ တကယ်ကို ရန်ကုန်တိုင်းကို စစ်ဆင်ရေးလုပ်နိုင်ရင် ဒီတော်လှန်ရေးဟာ အမြန်ဆုံးအောင်သွားနိုင်တယ်။ PDF တွေအကုန်လုံး မျှော်မှန်းချက်ကလည်း ရန်ကုန် တိုင်းနဲ့ ပြည်မကို ဘယ်အချိန် စစ်ဆင်ရေး လုပ်မလဲ။ ကျနော်တို့ စစ်ပညာသင်နေတဲ့ အချိန်မှာလည်း ရန်ကုန်တိုင်းကို ကျနော်တို့ စစ်ဆင်ရေး ဘယ်လိုသွားချင်လဲ ဘယ်လို လုပ်ချင်လဲ ဆိုတာကို လာသင်ရတာကိုး။ ကော်သူလေး အာမီက ရန်ကုန်တိုင်း စစ်ဆင်ရေးတွေ ပြည်မစစ်ဆင်ရေးတွေ လုပ်ပေးနိုင်မယ်ဆိုရင် ဒီက PDF တွေအကုန်လုံးက လည်း ပူးပေါင်းမှာပါ။ မြန်မာတပြည်လုံးမှာရှိတဲ့ PDF တွေပေါ့နော်။ ခေါင်းဆောင် ကောင်း ပေါ်လာရင် ကျနော်တို့ လူငယ်တွေ အကုန်လုံးက အနောက်ကနေ ကောင်း ကောင်းလိုက်မယ်။ COC ကို ကောင်းကောင်းမွန်မွန်နဲ့ စနစ်တကျ လိုက်နာလိုက်မယ် ဆိုရင်တော့ အာဏာရှင်ဆိုတာလည်း မကြာခင် အချိန်မှာ ပြုတ်ကျသွားမှာပါ”

ကရင်ပြည်နယ်မှာ လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုက အရပ်သားတချို့ကို KNDO တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကို ရာထူးတာဝန်တွေက ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကြေညာခဲ့ပါတယ်။ ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြကတော့ ဒါဟာ သူ့ကို လူတချို့က အပြစ်ရှာထုတ်ပယ်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

အခုလို တော်လှန်ရေးအဖွဲ့တစ်ခုထပ်မံဖွဲ့စည်းတာကို ကရင်တိုင်းရင်းသားတချို့က KNU ကရင်အမျိုးသား အစည်းအရုံးအတွင်း နောက်ထပ်ခွဲထွက်မှုတစ်ခုအဖြစ် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း KNU တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ VENOM စစ်ကြောင်းက Kaw Thoo Lei Army နဲ့ ပူးပေါင်းကြောင်း မနေ့က ကြေညာလိုက်ပါတယ်။ အခုလို Kaw Thoo Lei Army ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံးကို RFAက ဆက်သွယ်လို့ မရသေးသလို ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU က သဘောထား တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။