ဖားကန့်မှာ အရပ်သားကိုးဦးသတ်ဖြတ်ခံရမှု ကေအိုင်အို စုံစမ်းနေ

RFA Burmese
2023.03.01
Share on WhatsApp
Share on WhatsApp
ဖားကန့်မှာ အရပ်သားကိုးဦးသတ်ဖြတ်ခံရမှု ကေအိုင်အို စုံစမ်းနေ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဆားမှော်ကျေးရွာက မအင်ဒေါင်နန်လွမ် (ဝဲဘက်) နဲ့ မဖောင်မားခေါန်ဘူတို့အား တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဒေသခံ ပြည်သူကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတ်ဖြတ် မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ဒီသတ်ဖြတ်မှုမှာ ကေအိုင်အေတပ်သားတွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေရှိနေပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးကောင်း၊ ဖားကန့်မြို့နဲ့ နမ္မတီးမြို့တွေက အဖွဲ့ဝင် ၂၇ ဦး ပါဝင်တဲ့ အရပ်ဘက် အမှုမှန်စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာ  စတင်စစ်ဆေးခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မိုးညှင်းမြို့နယ်၊ ဆားမှော်ကျေးရွာက မအင်ဒေါင်နန်လွမ် အသက် (၂၇) နှစ်နဲ့ မဖောင်မားခေါန်ဘူ အသက် (၂၈) နှစ်၊ ဗန်းမော်မြို့က ဦးလဇွမ်တူးလွမ့် အသက် (၅၅) နှစ်၊ ဦးလဇွမ်ထွယ်ရှောင် အသက် (၃၅) နှစ်၊ ဦးမြင့်ထွေး အသက် (၅၀)၊ ကိုထွန်းယုံနဲ့ ကိုဖိုးလေ အသက်(၂၇) နှစ်နဲ့ အသက် (၅၀) ဝန်းကျင်အရွယ် ဦးကျော်စိုး၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ လမ်းခွရွာက အသက် (၄၀) ကျော် ဦးယောဟန်တို့ ဖြစ်ပါတယ်။

အဲဒီအထဲက အသက် ၅၅ နှစ်အရွယ် ဦးလဇွပ်တူးလွမ့်ဟာ ဗန်းမော် နှစ်ခြင်းခရစ်ယာန် အသင်းတော် ဂျေအင်းနယ်က ဘုရားကျောင်းဆောက်လုပ်ရေး ကော်မတီခေါင်းဆောင် တစ်ဦး ဖြစ်သလို အသက် ၄၀ ကျော်အရွယ် ဦးယောဟန်ဟာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လှုပ်ရှားနေသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးလဇွမ်တူးလွမ့်၊ ဦးလဇွမ်ထွယ်ရှောင်၊ ဦးယောဟန်နှင့် ကိုထွန်းယုံ (ဝဲမှယာ) တို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)
ဦးလဇွမ်တူးလွမ့်၊ ဦးလဇွမ်ထွယ်ရှောင်၊ ဦးယောဟန်နှင့် ကိုထွန်းယုံ (ဝဲမှယာ) တို့အား တွေ့ရစဉ်။ (Photo: Citizen Journalist)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတော့ သတ်ဖြတ်မြှုပ်နှံထားတဲ့ရုပ်အလောင်းတွေကို လဝါးကျေးရွာနားက ခုနစ်ပေခန့်ရှိတဲ့ ကျင်းတစ်ခုမှာ ခုနစ်လောင်းနဲ့ နောက်ကျင်းတစ်ခုမှာ နှစ်လောင်းစီ ခွဲပြီးမြှုပ်နှံထားတာကို တွေ့ရှိခဲ့ကြပါတယ်။ ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့မှာပဲ လဝါးကျေးရွာမှာ မီးရှို့သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတ်ဖြတ်မှုမှာ ကေအိုင်တပ်သားတွေ ပါဝင်ပတ်သက်နေတယ်လို့ အမည်မဖော်လိုတဲ့ အမှုမှန်စုံစမ်း စစ်ဆေးရေးကော်မတီ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

"သူတို့က ဇန်နဝါရီ ၂၄၊ သူတို့က တခါလည်း အခင်းထဲမှာဝင်လာပြီးတော့မှ PDF နဲ့ ဒီမြေပြင်တပ် KIO ပေါ့နော်။ အခင်းထဲမှာဝင်လာပြီးတော့မှ လာဖမ်းသွားတော့ အဲမှာ ကေအိုင်အေဘက်ကတော့ နှစ်ယောက်ပါတာပေါ့။ အဲမှာ ဖမ်းသွားပြီးတော့မှ ၂၄ ရက်မှာ ခုနစ်ယောက်ကို ဖမ်းသွားတယ်။ ညနေ ၈ နာရီကျော်မှာ ဖမ်းသွားပြီးတော့မှ နောက် မနက်ပိုင်းပေါ့၊ ၂၅ ရက်နေ့မနက်ပိုင်း မိုးမလင်းခင် ၄ နာရီကျော်မှ အဲ ခုနစ်ယောက်ကို သူတို့က သတ်ဖြတ်ခဲ့တယ်။ နောက် ကျန်တဲ့နှစ်ယောက်ကိုတော့ ၂၅ ရက်နေ့ ခုနစ်ယောက်ကို သတ်ပြီး မိုးမလင်းခင် အဲနှစ်ယောက်ကို ထပ်ပြီးဖမ်းခေါ်လာတာ။ အဲနှစ်ယောက်ကိုတော့ ၂၅ ရက်နေ့ ညနေပိုင်း သတ်လိုက်တယ်"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကလည်း အခုရက်ပိုင်း အတွင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ကေအိုင်အေ တပ်သားတွေအပါအဝင် လူ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

လက်ရှိမှာ စစ်ဆေးနေဆဲဖြစ်တာကြောင့် အသေးစိတ်မသိရသေးဘူးလို့ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

"လောလောဆယ်က ကျနော်တို့ကတော့ ဒီစစ်ဆေးမေးမြန်းဖို့ ကော်မရှင် ဖွဲ့စည်းထားတာ ရှိပါတယ်။ သူတို့ရဲ့ စစ်ကြောအစီရင်ခံစာတွေတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး၊ စစ်ဆေးနေတုန်းပဲ။ ဆိုတော့ ဟိုဘက်က လက်ရှိအခြေအနေ တွေကို ပြောဖို့ကတော့ ဘာမှ မရှိသေးဘူးပေါ့။ အဓိက နံပတ်(၁) ကတော့ အရေးယူဖို့ လိုအပ်တာတွေကို စစ်ဆေးဖို့ ကော်မရှင် ဖွဲ့စည်းထားတာရှိပါတယ်။ အဲဒီကော်မရှင်နဲ့ စစ်ချက်တွေ၊ အစီရင်ခံစာတွေ အခုဘာမှ မရောက်သေးပါဘူး။ အဲလောက်အခြေအနေပဲ ရှိတယ်"

စစ်ဆေးခံနေရတဲ့အထဲမှာ ကေအိုင်အေတပ်ရင်း (၂၀) မှာ တာဝန်ယူနေသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်ပေါ် မူတည်ပြီး ဒီသတ်ဖြတ်မှုကျူးလွန်သူတွေဟာ ကေအိုင်အေတပ်သားတွေ လား၊ PDF တပ်ဖွဲ့ ဝင်တွေလား၊ ဒါမှမဟုတ်  ကေအိုင်အေ ဝန်ထမ်းတွေရဲ့ အားနည်းချက်တွေလား၊ အခု အသတ်ခံရတဲ့ ပြည်သူတွေမှာ အပြစ် ရှိသလား ဆိုတာကတော့ သူတို့စစ်ဆေးမှုအပေါ် မူတည်ပြီးတော့ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ ကိုးဦးဟာ  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က လဝါကျေးရွာက ခြံတစ်ခြံမှာ ရှိနေတဲ့အချိန်  ကေအိုင်အေ တပ်ရင်း (၂၀) နယ်မြေက မိုးကောင်း မြို့ပြပြောက်ကျားအဖွဲ့ UG Black K (PDF) အဖွဲ့ နဲ့ KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီးနောက်  သတ်ဖြတ် အလောင်းဖျောက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချိန်က စစ်ကောင်စီတပ်နဲ့ ပူးတွဲအလုပ်လုပ်နေတဲ့ မိုးကောင်းမြို့နယ် SNA ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ကိုးဦးကို ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ UG BLACK K အဖွဲ့ က ဇန်နဝါရီ ၂၉ ရက်နေ့က သူတို့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာကတစ်ဆင့် သတင်းထုတ်ပြန်ခဲ့တာလည်းရှိခဲ့ပါတယ်။  အခုတော့ သူတို့ စာမျက်နှာကနေ ပြန်ဖျက် ထားတာ တွေ့ရပါတယ်။

"နောက်ဒီလိုမျိုးမဖြစ်အောင်လည်း ကျနော်တို့က ဒါကို သေသေချာချာစုံစမ်းပြီးတော့မှ အရေးယူဖို့မျှော်လင့်ပါတယ်"

ဗန်းမော်မြို့က သတ်ဖြတ်ခံခဲ့ရသူတွေနဲ့ နီးစပ်သူတစ်ဦးကတော့ အခုသတ်ခံလိုက်ရတဲ့ ဗန်းမော်က ပြည်သူတွေဟာ စစ်ကောင်စီနဲ့လက်တွဲသူမဟုတ်သလို အခုအမှုကို အမှုန်မှန် ပေါ်ပေါက်ဖို့လည်း မျှော်လင့်နေတယ်လို့ RFA ကို ပြောပါတယ်။

"ဒလန်ဆိုတဲ့ဟာတော့ မဖြစ်နိုင်ဘူး။ သူတို့က အဲမှာ မြေတောက်ပဲစိုက်ပြီးနေတဲ့သူတွေ ဖြစ်တယ်။ အင်မတန်မှ ရိုးသားတဲ့သူတွေဖြစ်တယ်။ ဒီမှာလည်း ဘာသာရေးမှာလည်း အားကိုးအားထားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ပေါ့နော်။ သူတို့မိသားစု၊ ကျနော်တို့နဲ့ နေထိုင်တာ ဒီမှာ ကျနော်တို့အားလုံး သိပါတယ်။ ဒလန်ဆိုတာ မဟုတ်ပါဘူး။ ဒီလို ဖြစ်စဉ် ဖြစ်ရတာကတော့ အင်မတန်မှ ယူကျုံးမရ ဝမ်းနည်းတာပေါ့။ အာလုံးလည်း ထိတ်လန့်သွားတာပေါ့။ နောက်ဒီလိုမျိုးမဖြစ်အောင်လည်း ကျနော်တို့က ဒါကို သေသေချာချာ စုံစမ်းပြီးတော့မှ အရေးယူဖို့ မျှော်လင့်ပါတယ်လို့”

ကချင်ပြည်နယ်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကလည်း အခုလို ဖြစ်ရပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်နေတာဖြစ်ပြီး ကေအိုင်အိုအနေနဲ့ တာဝန်ရှိတယ်လို့ပြောပါတယ်။

"လူအခွင့်အရေးရှုထောင့်ကနေ ကြည့်ရင်တော့ ဒီဟာတော့ တော်တော်လေးကို အပြစ်ရှိတဲ့အနေအထားကို တွေ့ရတယ်။ ဒေသခံ ပြည်သူလူထုတွေရဲ့အသက်တွေကို တော်တော်လည်း ခြိမ်းခြောက်တဲ့အနေအထားကို တွေ့ရတယ်။ လုံခြုံမှု လုံးဝ မရှိတော့ဘူးဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ပြည်သူလူထုတွေ အားကိုးအားထားတဲ့ KIO သော်လည်းကောင်း PDF သော်လည်းကောင်းပေါ့၊ ကျနော်တို့ အပြစ်မရှိတဲ့ ပြည်သူတွေကို သတ်ဖြတ်တဲ့ဟာက တော်တော်လေးကို စိတ်ခြောက်ခြားဖြစ်စေတယ်။ တအားကို ကြောက်လန့် တုန်လှုပ်စေတယ်။ ဒီလို ဘာကြောင့်ဖြစ်တယ်ဆိုတာက ကျနော်တို့က ကေအိုင်အို၊ ကေအိုင်အေ လူကြီးတွေနဲ့ရော စစ်မြေပြင်မှာ ဦးဆောင် နေတာ ခေါင်းဆောင်တွေနဲ့ရော တာဝန်အပြည့်အဝရှိပါတယ်”

အခုအမှုကို ပွင့်လင်းမြင်သာစွာ ဖြေရှင်းသင့်သလို နစ်နာသွားတဲ့ ပြည်သူတွေကိုလည်း လူသိရှင်ကြား တောင်းပန်သင့်တယ်လို့လည်း ပြောပါတယ်။

သတ်ဖြတ်ခံထားရပြီး နစ်နာတဲ့မိသားစုတွေကလည်း အခုအမှုကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။