မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ ရပ်တန့်
2023.06.02
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ဆွေးနွေးပွဲကို မူလက ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားကြောင်း မိုင်းလားအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဇွန်လ ၁ ရက်နေ့က RFA ကို ပြောဆိုခဲ့ပေမယ့် ဇွန်လ ၂ ရက် ဒုတိယမြောက်နေ့မှာပဲ ဆွေးနွေးပွဲရပ်တန့်သွားပြီ ဖြစ်ပါတယ်။
စစ်ကောင်စီ ဆွေးနွေးချင်တဲ့ အချက်တွေကို နားထောင်ရုံမျှသာ နားထောင်ပြီး မိမိတို့ဘက်က ပြန်လည်မဆွေးနွေးတဲ့အတွက် ဆွေးနွေးပွဲပျက်သွားခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တအာင်းတပ်မတော် TNLA နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
အခုလို တွေ့ဆုံမှုဟာလည်း တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုအပါအဝင် လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာကြောင့် လက်ခံတွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ စစ်တပ်က ဆွေးနွေးချင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဇွန်လ ၁ ရက်နေ့က RFA ကို ပြောထားပါတယ်။
“ပါတီစုံဒီမိုကရေစီ နိုင်ငံရေး စနစ်ခိုင်မာရေး ကိစ္စ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိစ္စ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ဖော်ဆောင်နိုင်ရေး ကိစ္စပေါ့နော်၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေကို သူတို့ဘက်ကနေ အဓိကထားပြီးတော့ ဆွေးနွေးသွားတာ ရှိတယ်ဗျ၊ ကျွန်တော်တို့ဘက်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှတော့ ဆွေးနွေးစရာတော့ မရှိပါဘူး။”
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးနဲ့ ရခိုင်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေ အကူအညီတွေ အမြန်ဆုံးရရှိရေးတွေကိုပဲ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
CDM ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်တပ်ရဲ့အခြေအနေဟာ အဆိုးဝါးဆုံးအခြေအနေတစ်ခုကို ရောက်နေပြီလို့ ပြောပါတယ်။
“လက်ရှိအချိန်အထိ တိုက်ပွဲအတွင်း အညံ့ခံတာတွေ ရှိတယ်၊ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း အခုအထိ ရှိနေတုန်းပဲပေါ့၊ ဒါဟာ တပ်တွင်းစည်းလုံးမှု ပြိုကွဲတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်၊ သူတို့အနေနဲ့ တပ်တွင်းစည်းလုံးမှုကို မတည်ဆောက်နိုင်တဲ့အချိန်မှာ တော်လှန်ရေးဘက်ကို ဖြိုခွဲဖို့ နောက်ပြီးတော့ သွေးထိုးဖို့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေ လုပ်လာတာကိုလည်း ကျွန်တော်တို့ အခုနောက်ပိုင်း တွေ့ရတယ်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်သော်ငြားလည်း ဒီတွေ့ဆုံမှုဟာ မအောင်မြင်တဲ့ တွေ့ဆုံမှုတစ်ခုလို့ ကျွန်တော်အနေနဲ့ မှတ်ယူတယ်၊ ဒါကြောင့်မို့လို့ပေါ့နော် စစ်တပ်ရဲ့ အခြေအနေဟာ အဆိုးရွားဆုံး အခြေအနေတစ်ခုကို ရောက်နေတာပဲ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ကတော့ မြင်တယ်။”
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ဆွေးနွေးပွဲမှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ဖက်ဒရယ် ကိစ္စတွေ ဒီမိုကရေစီတွေ အဲဒါတွေ လာပြောမနေနဲ့ လောလောဆယ် ရခိုင်ရေဘေးကိစ္စတွေ ပြောမယ် လူသားချင်းစာနာထောက်ထားမှုတွေ ပြောမယ် ကျန်တဲ့ဟာတွေ မပြောဘူး ဒါမှန်ကန်တဲ့ ဆုံးဖြတ်ချက် ရှိရုံတင်မက အင်မတန်အမျှော်အမြင် ရှိရာရောက်တယ်လို့ စစ်တပ်ကတော့ တစ်သက်လုံး လိမ်စားလာသူတွေ ဆိုတော့ ပေါ့ပေါ့တန်တန်ပဲ သူတို့ကတော့ ငါတို့လည်း ဆက်လိမ်ရင် လွယ်လွယ်ကူကူ ရအုံးမယ်ဆို ဖြစ်နေတာပေါ့ ခံရပေါင်းများတဲ့အခါကျတော့ စစ်တပ်က ဘာခြေလှမ်းလှမ်းရင် ဒီဘက်ကလည်း ဒီတို့တစ်လှမ်းလှမ်းရင် သုံးလှမ်းလောက် မြင်နေပြီ တိုင်းရင်းသားဘက်ကလည်း၊ တိုင်းရင်းသားတွေကို လိမ်တဲ့ နည်းနဲ့ ညာတဲ့နည်းနဲ့ စည်းရုံးမယ် သူတို့အာဏာ သက်ဆိုးရှည်ပြီးဖို့ပဲ၊ လုပ်မယ်ဆိုတဲ့ဟာတွေ ကျရှုံးသွားတယ် မအောင်မြင်ဘူးဆိုတာတွေ ပြဆိုရာရောက်တာပေါ့၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ ညီညွှတ်မှုဟာ ဆက်ရှင်သန်နေတယ် ပြိုကွဲမသွားဘူး၊ စစ်တပ်ရဲ့ အကြံအစည်ဟာ မအောင်မြင်ဘူး ဆိုတာကိုတော့ ဒီနေရာမှာ ပြဆိုရာ ရောက်ပါတယ်။”
ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း ပါဝင်ခဲ့ပေမယ့် ဘာတွေဆွေးနွေးသွားတယ်ဆိုတာကို တိတိကျကျမသိရပါဘူး။
စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာတော့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်တပ်တို့ ပထမနေ့က မပြီးပြတ်သေးတဲ့ ဆွေးနွေးချက်တွေကို ဇွန်လ ၂ ရက်နေ့မှာ ဆက်ပြီးဆွေးနွေးကြကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
တွေ့ဆုံဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးကနေ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ စစ်အာဏာရှင်စနစ်တိုက်ထုတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ဒီနှစ်စပိုင်းမှာ ထုတ်ပြန်ထားပါတယ်။