အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလဟာ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လွတ်မြောက်နယ်မြေတွေက ပြည်သူတွေကိုသွားရောက်ကူညီခဲ့တယ်လို့ ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့က သမ္မတရဲ့လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်နေ့ကသွားရောက်ပြီး ဘယ်ဒေသဆိုတာကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။
မုန်တိုင်းသင့်ပြည်သူတွေဆီကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက အကူအညီထောက်ပံ့ငွေတွေ သွားရောက်ပေးအပ်ခဲ့တာဖြစ်တယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကိုပြောပါတယ်။
“ယာယီသမ္မတကြီး ဒူဝါလရှီးလက လွတ်မြောက်နယ်မြေတစ်နေရာ ဆိုင်ကလုန်းမိုခါမုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူလူထုတွေဆီသွားပြီးတော့ တွေ့ဆုံအားပေးစကားပြောကြားခဲ့တယ် ဖြစ်ပြီးတော့ သိပ်မကြာခင်မှာ သွားခဲ့ပါတယ် ပျက်စီးတာတွေ သွားရောက်စစ်ဆေးခဲ့တယ်ပေါ့ သူရောက်တဲ့အချိန်မှာပဲ ဒေသခံလူထုတွေအတွက် လိုအပ်ချက်တွေ အဓိက ကတော့ ငွေရေး၊ ကြေးရေး အကူအညီတွေပေးခဲ့တယ်၊ နောက်ပြီးတော့လည်း အဓိကကတော့ သမ္မတကြီးသွားကြည့်တာက လူထုတွေခံစားရတာကို သူမျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်တယ် လူထုတွေရဲ့အသံကိုလည်း နားထောင်ချင်တယ် သူကိုယ်တိုင် မြင်တွေ့တဲ့အခါကျတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ပိုပြီးထိရောက်အောင် ဘယ်လိုလုပ်ကိုင်လို့ရမလဲ ဆိုတာလည်း သူကိုယ်တိုင်လည်း ကြားသိမြင်တွေ့တာပေါ့နော်။”
နေရာနဲ့သွားတဲ့အချိန်တွေကိုတော့ လုံခြုံရေးအရ ပြောဖို့အဆင်မပြေဘူးလို့ သူကပြောပါတယ်။ ဒါ့အပြင် NUG သမ္မတအပါအဝင် ဝန်ကြီးဌာနတွေက ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ အခြားသောဝန်ကြီးတွေဟာလည်း ၂၀၂၃ ခုနှစ်အတွင်း လွတ်မြောက်နယ်မြေတွေက ပြည်သူတွေ၊ တပ်ရင်းတပ်ဖွဲ့တွေဆီကို သွားရောက်ကူညီအားပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ဒုတိယပတ်လောက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ ပဲခူးတိုင်း ရှေ့တန်းစစ်မြေပြင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို သွားရောက်ခဲ့ပါတယ်။
ဦးလွင်ကိုလတ်သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ ရှေ့ဆက်ဆောင်ရွက်မယ့် အခြေအနေတွေ လုပ်ဆောင်ဖို့ဖြစ်တယ်လို့ ခရီးမှာပါတဲ့ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စစ်ဒေသဦးစီးမှူး ရဲဘော်စောရှားက အခုလို ပြောပါတယ်။
“မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို သွားရောက်အားပေးစကားပြောတဲ့ အခြေအနေတွေရယ် အဓိကက မြေပြင်မှာရှိတဲ့ ပြည်သူလူထုထောက်ခံမှုနဲ့ ပြည်သူလူထုအားပေးမှုနဲ့ ပြည်သူလူထုဝန်းရံမှုနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ ဆက်ဆံရေးအခြေအနေတွေ၊ အနေအထားတွေ အားလုံးလည်း ပါတာပေါ့၊ ဒီအခြေအနေတွေ သွားရောက်လေ့လာတာဖြစ်တယ် အဓိကကတော့ ရဲဘော်တွေရဲ့အားပေးစကားပြောတဲ့ ခရီးစဉ်လည်း ဖြစ်တယ်ပေါ့လေ၊ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ ရောက်ရှိနေတဲ့အနေအထား အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတော့မှ ပြန်ပြီးတော့ စေ့စပ်ဆောင်ရွက်ရမယ့်၊ အစီအမံတွေရေးဆွဲနိုင်ဖို့အတွက် မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ သွားတာဖြစ်တယ်လို့ ဒီလိုပဲ ဖြေပါရစေဗျ။”
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ၂၀၂၃ ခုနှစ်ဟာ စစ်အာဏာရှင်တော်လှန်ရေး အလှည့်အပြောင်းနှစ်အဖြစ် သတ်မှတ်ထားတဲ့အပေါ်မှာလည်း သံသယဖြစ်စရာမရှိကြောင်း ပြည်သူတွေလိုချင်တဲ့ပန်းတိုင်တစ်ခုကို ရောက်တော့မှာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေကို ပုဒ်မတွေအမြောက်အမြားနဲ့ တရားစွဲဆိုထားပြီး နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးတွေကလည်း လက်ရှိပြည်တွင်း၊ ပြည်ပခရီးစဉ်တွေ လှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဇွန်လ ၁ ရက်နေ့က မြို့ပြပြောက်ကျား တော်လှန်ရေးလှုပ်ရှားမှုတွေသာရှိခဲ့တဲ့ ရန်ကုန်မှာ ရန်ကုန်တိုင်းစစ်ဒေသခွဲ ပထမဆုံးတပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရန်ကုန်တိုင်းစစ်ဒေသခွဲဖွဲ့စည်းတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရပါဘူး။
NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲအနေနဲ့လည်း စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ အထိ စစ်ကောင်စီရဲ့ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။