အရှေ့တီမော အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ၊ NUG မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်
2023.07.01
အရှေ့တီမော ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ ဇူလိုင် ၁ ရက်နေ့က ကျင်းပတဲ့ ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ဖို့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရကို အရှေ့တီမော သမ္မတ၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Jose Ramos-Horta က တရားဝင်ဖိတ်ကြားခဲ့ပါတယ်။
ဒီလီမြို့တော်ရှိ သမ္မတနန်းတော်မှာ ပြုလုပ်တဲ့ အဲဒီကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့် တို့ တက်ရောက်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြု ဖိတ်ကြားခြင်းမရှိဘဲ NUG ကို ဖိတ်ကြားခဲ့တဲ့အတွက် ဒါဟာ NUG အတွက်အောင်ပွဲတစ်ခုဖြစ်သလို ကမ္ဘာ့နိုင်ငံအများအပြားရဲ့ ဆန့်ကျင်ဥပေက္ခာပြုမှုတွေကို ရင်ဆိုင်နေရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအတွက်တော့ ဒါဟာ နောက်ထပ် ထိခိုက်နစ်နာမှု တစ်ခုလို့ ဆိုနိုင်ပါလိမ့်မယ်။
NUG ကို ချက်သမ္မတနိုင်ငံအစိုးရက ပထမဆုံးအသိအမှတ်ပြုခဲ့ပြီး အခုအရှေ့တီမောနိုင်ငံက ဒုတိယအသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲမှာတော့ အရှေ့တီမောဟာ NUG ကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က အခုလို NUG ကို အရှေ့တီမောက အသိအမှတ်ပြုလိုက်တာဟာ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတဲ့ မြန်မာပြည်သူတစ်ရပ်လုံးကို အသိအမှတ်ပြုလိုက်တာပဲလို့ ပြောပါတယ်။
“ဒါကတော့ တကယ်အစစ်အမှန်တော်လှန်ရုန်းကန်ရတဲ့ သူချင်းတော့ သိကြတာပေါ့ဗျာ၊ တစ်ယောက်တန်ဖိုးတစ်ယောက်သိကြတာပေါ့ အခုအခမ်းအနားက တကယ့်လွတ်လပ်တဲ့နိုင်ငံတစ်ခုရဲ့ အခမ်းအနားနော်၊ အဲ့အခမ်းအနားမှာ NUG ရဲ့ဝန်ကြီးကိုဖိတ်ပြီးတော့ တစ်ခမ်းတနားဖိတ်ပြီးတော့တက်စေတယ်။ ပြီးတော့မိန့်ခွန်းမှာပါ နာမည်တွေနဲ့တစ်ကွဖော်ပြပေးတယ်ဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးရဲ့ အောင်မြင်မှုကို ပြနေတာပါပဲ”
အရှေ့တီမောနိုင်ငံဟာ ပေါ်တူဂီရဲ့ ကိုလိုနီနိုင်ငံအဖြစ်ကနေ ၁၉၇၅ ခုနစ်မှာ လွတ်မြောက်ခဲ့ပေမဲ့ ထပ်မံပြီး အင်ဒိုနီးရှားအစိုးရ လက်အောက်ကျရောက်ခဲ့ရာကာ ၂ဝဝ၂ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်လာခဲ့တာပါ။ အခုလို စွန့်လွှတ်ပေးဆပ်မှုများစွာနဲ့ လွတ်လပ်ရေးရသွားတဲ့ နိုင်ငံတစ်ခုက ဘဝတူမြန်မာပြည်သူတွေကို စာနာစိတ်ထားပြီး ထောက်ခံလိုက်တာဖြစ်လို့ ဒါဟာ နွေဦးတော်လှန်ရေးအတွက် နိမိတ်ကောင်းတစ်ခုလည်းဖြစ်တယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။
“အခု အရှေ့တီမောနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်ဖြစ်နေတဲ့သူတွေဟာ တစ်ချိန်ကတောထဲမှာ ပင်ပင်ပန်းပန်းနဲ့ အဆင်းရဲခံပြီး တော်လှန်ခဲ့ကြတာ၊ အဲ့ဓာတ်ပုံတွေနဲ့ ပြန်တက်နေတာတွေ့ကြပါလိမ့်မယ်၊ ဘယ်သူတွေက ယုံနိုင်ကြမှာလဲ၊ ဒီလောက်အင်အားကြီးတဲ့ စစ်တပ်ကြီးကို အရာရာရင်ဆိုင်ပြီးတော့ လွတ်လွပ်ရေးရသွားတယ်ဆိုတာမျိုးကို၊ ဒါကျွန်တော်တို့အတွက် သိပ်ကောင်းတဲ့ နမူနာရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ်၊ တော်လှန်ရေးမှာ ယုံကြည်မှုနဲ့ အရာရာကို ကျော်ဖြတ်ပြီးတော့ အောင်ပွဲယူနိုင်တယ်ဆိုတာကို ပြနေတာပါပဲ”
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုခေါင်းဆောင် ကိုနန်းလင်းကလည်း အရှေ့တိမောကို ကျေးဇူးတင်ကြောင်းနဲ့ တစ်ခြားနိုင်ငံတွေအနေနဲ့လည်း မြန်မာအရေးအတွက် အဖြေရှာရာမှာ ပြည်သူတွေ၊ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းတွေဘက်က လက်တွေ့ကျကျရပ်တည်သင့်ပြီလို့ ဝေဖန်လိုက်ပါတယ်။
“ကျွန်တော်တို့အနေနဲ့ကတော့ အခုလို မျိုးအရှေ့တီမောရဲ့ NUG ကိုတရားဝင်အသိအမှတ်ပြုပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကိုဖိတ်ကြားတာမျိုးက ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ပြောလိုတယ်၊ ကျွန်တော်တို့ အာဆီယံနိုင်ငံတော်တော်များများက အာဆီယံမူငါးချက်ကို ကိုင်ပြီးတော့ အလုပ်မဖြစ်ဘဲ မြန်မာ့အရေးကို အချိန်ဆွဲနေတဲ့ အနေအထားမှာ အခုလိုမျိုး အရှေ့တီမောလိုနိုင်ငံမျိုးက ကျွန်တော်တို့ပြည်သူတွေကို ကိုယ်စားပြုတဲ့ တော်လှန်ရေးကိုကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုလာတာကို ကျွန်တော်တို့က အင်မတန်ဝမ်းသာတယ်၊ ကြိုလည်း ကြိုဆိုတယ်၊ အာဆီယံနိုင်ငံတွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေးကောင်စီကို ပိုပြီးတော့မှ တရားဝင်ပွင့်ပွင့်လင်းလင်းဆက်ဆံမှုတွေ လုပ်ဖို့အချိန်တန်ပြီလို့ မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံမူငါးချက်နဲ့စစ်တပ်ကို ချော့မြှူဖို့ စားပွဲဝိုင်းပေါ်ခေါဖို့ ကြိုးစားနေတာထက်စာရင် စစ်တပ်ကို ပိုပြီးတော့ ဒဏ်ခတ်ပိတ်ဆို့ဖိအားပေးပြီးတော့မှ တော်လှန်ရေးနဲ့ပြည်သူကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ကို ပိုပြီးပွင့်ပွင့်လင်းလင်းဆက်ဆံခြင်းအားဖြင့် မြန်မာ့အရေးဖြေရှင်းမှုက ပိုပြီးတော့မှထိရောက်လိမ့်မယ်၊ ပိုပြီးတော့မှမြန်လိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်ခင်ဗျ”
မြန်မာ့အရေးလေ့လာသူ ဝါရင့်နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့်ကတော့ ဒါဟာ NUG အတွက် ခိုင်မာတဲ့ထောက်ခံမှုတစ်ခု ရရှိလိုက်တာဖြစ်သလို တော်လှန်ရေးအတွက်လည်း တိုးတက်မှုတစ်ခုဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“ပြည်တွင်းပြည်ပ ထောက်ခံမှုတွေရှိနေရာမှာ ဒါကပိုပြီးတော့ ထင်ရှားတဲ့ ပိုပြီးအားကောင်းတဲ့ ထောက်ခံမှုဖြစ်တယ်၊ ကျွန်တော်တို့ နွေဦးတော်လှန်ရေးသမားတွေအတွက် နိုင်ငံတကာ အောင်ပွဲပေါ့ခင်ဗျာ၊ တီမောသမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့က အောင်ပွဲနီးလာပြီ၊ ပိုစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ကြိုးစားဖို့လိုမယ်”
မနေ့က ကျင်းပတဲ့ အရှေ့တီမောအစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ဟာ အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟိုတာက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို အင်ဒိုနီးရှား၊ ဩစတြေးလျစတဲ့ တခြားနိုင်ငံတကာကိုယ်စားလှယ်တွေနဲ့အတူ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အရှေ့တီမောနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံဖို့ အာဆီယံအဖွဲ့က မူအားဖြင့်သဘောတူထားပြီး ဖြစ်တဲ့အတွက် မကြာခင်မှာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။