NUG အစိုးရအဖွဲ့ကို အရှေ့တီမောသမ္မတ သီးသန့်လက်ခံတွေ့ဆုံ

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အရှေ့တီမောနိုင်ငံ သမ္မတ José Ramos-Horta (ဟိုဆေးရာမို့စ်ဟော်တာ) က ဇူလိုင်လ ၂ ရက်နေ့မှာ သီးသန့်လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှတ်တမ်း ဗီဒီယိုကို သမ္မတဟိုဆေးရာမို့စ်ဟော်တာက ထုတ်ပြန်တာပါ။

ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ NUG အစိုးရအဖွဲ့ဟာ အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တရားဝင် ဖိတ်ကြားခံခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ NUG အစိုးရအတွက်တော့ နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုမှာ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအဖြစ် ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရတာလည်း ဖြစ်ပါတယ်။

"အရှေ့တီမောနဲ့ ကျွန်မတို့မှာ သမိုင်းကြောင်းအရ တူညီတဲ့ အတွေ့အကြုံတွေရှိကြပါတယ်။ အခုထိ ကျွန်မတို့က ရုန်းကန်နေရဆဲပါ။ ကျွန်မရဲ့ ဘဝကိုပဲကြည့်... ကျွန်မဟာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုအရှေ့တီမောရဲ့ ခေါင်းဆောင်တွေဟာဆိုရင်လည်း တစ်ချိန်က တော်လှန်ရေးသမားကြီးတွေပါပဲ။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အတွေ့အကြုံတွေ အများကြီးပါပဲ။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ထိ ရုန်းကန်နေရဆဲပါပဲ"

သီးသန့်တွေ့ဆုံချိန်အတွင်း မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေတာတွေကို ပြောဆိုခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

"မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်နေတာတွေကို ကျွန်မတို့ဆွေးနွေးကြပါတယ်။ သမ္မတဟိုဆေးရာမို့စ်ကလည်း ကျွန်မတို့ကို အားပေးပါတယ်။ ထောက်ခံပါတယ်။ နိုင်ငံတကာစာမျက်နှာမှာ ကျွန်မတို့ ဘယ်လိုအလုပ်လုပ်ကြမလဲ၊ ကျွန်မတို့ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ နိုင်ငံတကာကို ဘယ်လိုသတင်းစကားပေးကြမလဲဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်"

အရှေ့တီမောနိုင်ငံဟာ ၁၁ နိုင်ငံမြောက် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင် းအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့နိုင်ငံဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ ကနဦးဆုံးဖြတ်ထားပါတယ်။

သမ္မတဟိုဆေးရာမို့စ်ဟော်တာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကပြည်သူတွေကို ယူကရိန်းလို ဘာကြောင့် မကူညီသလဲဆိုပြီး သူဟာ ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂညီလာခံမှာ အခုလို မေးခွန်းထုတ်ထားပါတယ်။

"မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ် သစ္စာဖောက်ခံထားရတယ်လို့ ခံစားနေကြပါတယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည် အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကြတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက်အသေခံနေကြပါတယ်"

ဒီလိုပြောဆိုချက်ကြောင့် မြန်မာပြည်သူတွေရဲ့ အားပေးထောက်ခံတာလည်း ရခဲ့ပါတယ်။ အရှေ့တီမောနိုင်ငံအစိုးရ ကျမ်းကျိန်ပွဲကို တက်ရောက်ခွင့်မရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဆီယံအရေး လေ့လာသုံးသပ်သူ ကိုကြည်စင်ကတော့ ...

"တီမောအစိုးရက ကျမ်းကျိန်ပွဲကို တရားဝင်ဖိတ်ခေါ်တာက ဒီနှစ်အတွက် သံတမန်ရေးအရ အကြီးမားဆုံး တစ်ခုရတယ်လို့ ပြောရမယ်။ အောင်မြင်မှုလို့ ပြောရမယ်။ စစ်ကောင်စီကိုယ်စားလှယ်ကလည်း သွားတက်ခွင့်မရဘူးဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမဲ့ တီမောအစိုးရအနေနဲ့ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တယ်ဆိုတဲ့ စကားထွက်မလာသေးတာ စိတ်ဝင်စားဖို့ကောင်းတယ်။ မြန်မာနိုင်ငံလိုမျိုး အစိုးရကိုယ်စားပြုခွင့် အငြင်းအခုံဖြစ်နေတဲ့အခါမျိုးမှာ တရားဝင်ကြေညာချက်နဲ့ ထုတ်ပြန်ပြောဆိုမှ အဆင်ပြေမယ်၊ သိသာထင်ရှားတဲ့အရာဖြစ်မယ်"

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရအဖြစ် NUG ရော၊ စစ်ကောင်စီကပါ အပြိုင်ကြိုးစားနေကြတာပါ။

စစ်ကောင်စီဟာ ကုလသမဂ္ဂမှာလည်း ကိုယ်စားပြုခွင့်မရ၊ အာဆီယံညီလာခံတက်ခွင့် ပိတ်ပင်ခံရပြီး အနောက်နိုင်ငံတွေရဲ့ ဖယ်ကျဉ်ဒဏ်ခတ်ပိတ်ဆို့တာ ခံထားရပါတယ်။

NUG ကတော့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရထားပြီး အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံမှာ ရုံးခန်းဖွင့်ခွင့်ရထားပါတယ်။

NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိအမှတ်ပြု ထုတ်ပြန်ကြေညာတာ မရှိသေးပေမဲ့ စစ်ကောင်စီထက် NUG က သံတမန်ရေးအသာစီးရထားတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ရှု့မြင်ပါတယ်။