ကျားဖြန့်လုပ်ငန်းက နည်းပညာကျွမ်းကျင်သူတွေကို နေရာရွှေ့ပြောင်း

RFA Burmese
2025.01.24
ကျားဖြန့်လုပ်ငန်းက နည်းပညာကျွမ်းကျင်သူတွေကို နေရာရွှေ့ပြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မြင်တွေ့ရသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မြင်ကွင်း။
RFA

ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမှာ လှုပ်ရှားနေတဲ့ ကျားဖြန့် အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းမယ့်သတင်းတွေကြောင့် တရုတ်လူမျိုးတွေအပါအဝင် ကမ္ဘာအရပ်ရပ်က ငွေလိမ်လုပ်ငန်းကျွမ်းကျင်သူတွေ နေရာရွှေ့ပြောင်းနေတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက RFA ကို ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ လူကုန်ကူးဂိုဏ်းတွေကတစ်ဆင့် အိုင်တီကျွမ်းကျင်သူတွေကို ထိုင်းဘတ်ငွေ သန်းနဲ့ ချီပေးဝယ်ယူပြီး ခိုင်းစေထားသူတွေ ဖြစ်တဲ့အတွက် ဒီလူတွေ အဖမ်းအဆီးမခံရအောင် နေရာပြောင်းနေတာလို့ ငွေလိမ်ဂိုဏ်းတစ်ခုမှာ ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူတစ်ယောက်က ပြောပါတယ်။

"ငွေလိမ်ကျွမ်းတဲ့သူတွေကို ကုက္ကိုတို့၊ ကျောက်ခက်တို့၊ KK Park တို့ကနေ သူတို့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နေရာတွေကို ရွှေ့နေတယ်၊ ဘားအံဘက် ဆင်းတာလည်းရှိတယ်၊ ဘုရားသုံးဆူဘက် ပို့တာလည်းရှိတယ်၊ ထိုင်းဘက် ကူးတာလည်း ရှိတယ်၊ သူတို့ကိုက သူဌေးက ဘတ်ဆယ်သိန်းကနေ ဆယ်သန်းလောက်အထိ ပေးဝယ်ထားရတာမျိုးရှိတယ်၊ အထောက်အထား အစုံရှိတယ်၊ လုံခြုံရေးနဲ့ထားတာပေါ့၊ ထွက်ပြေးလို့တော့မရဘူး၊ စရိတ်ငြိမ်းလစာပေးတယ်၊ လိမ်လို့ရတဲ့ ငွေပမာဏပေါ်မှာ မူတည်ပြီး သူဌေးက ရာခိုင်နှုန်းနဲ့ ခွဲပေးတဲ့ (Bonus) ဆုကြေးထပ်ရတယ်"

အိုင်တီကျွမ်းကျင်သူတွေဟာ လုပ်ငန်းရှင်တွေအတွက် အွန်လိုင်းကနေ လိမ်လည်ပေးရင်း ပိတ်မိနေပါတယ်။ ငွေများများရအောင် လိမ်လည်ပေးသူတွေကို ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီ တစ်ဆင့်ပြီး တစ်ဆင့် ပြန်ရောင်းစားတယ်လို့လည်း ဒီလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေ ကျောက်ခက်ကျေးရွာမှာ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုတွေကို တားမြစ်မိန့်ထုတ်ထားတယ်လို့ ကျောက်ခက် ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

"နှစ်ဆယ်ရက်က ဘားအံမှာ(ရတခ) တိုင်းမှူးနဲ့ မြဝတီက ကရင်နယ်ခြားစောင့် BGF/DKBA လက်နက်ကိုင်အဖွဲ့တွေတွေ့ ကြတယ်၊ အဲဒါပြီးတော့ ဗိုလ်မှူးကြီးစိုင်းကျော်လှ(DKBA) က အမိန့်ထုတ်ပြောတာမျိုးပေါ့၊ ငွေလိမ် တရုတ်တွေ မထားတော့ဘူး၊ ပြောင်းဖို့၊ အလုပ်ရုံတွေ ပိတ်ဖို့ပြောတယ်၊ လူဝယ်တာ၊ ရောင်းတာတွေ လူကုန်ကူးတာတွေ မလုပ်ရဘူး၊ ဖမ်းမယ်၊ ရုံပိတ်မယ်ပေါ့၊ အဲလိုပြောတော့ နေရာပြောင်းကြတာပေါ့ တရုတ်တွေ"


ဆက်နွှယ်သောသတင်းများ

ကျားဖြန့်နှိမ်နင်းရေး မဲခေါင်ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်မယ်လို့ တရုတ်ပြေ

လူကုန်ကူးမှုတွေကို ဖြိုခွင်းဖို့ လုပ်ဆောင်နေကြောင်း BGF ပြောကြား

ကျားဖျန့်လုပ်ငန်းက တရုတ်နိုင်ငံသားတွေ မဲဆောက်မြို့ကို ရွှေ့ပြောင်း


ဒီလိုရွှေ့ပြောင်းနေတာနဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ မြဝတီမြို့အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

အခုရက်ပိုင်းမှာ ခရီးသည်တင်ကားတွေ၊ ပုဂ္ဂလိက စင်းလုံးဌားယာဉ်တွေနဲ့ တရုတ်နဲ့ နိုင်ငံခြားသားတွေ တင်ဆောင်ပြီး သွားလာပြောင်းရွှေ့နေတာတွေ ရှိသလို ကရင်လက်နက်ကိုင်အဖွဲ့အစည်းပိုင် ကားတွေနဲ့လည်း သွားလာရွှေ့ပြောင်းနေကြတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။