တော်လှန်ရေးအောင်မြင်ဖို့ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကျွမ်းကျင်သူတွေတိုက်တွန်း

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2023.01.21
တော်လှန်ရေးအောင်မြင်ဖို့  ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ကျွမ်းကျင်သူတွေတိုက်တွန်း ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော်(BPLA) သင်တန်းဆင်းပွဲ အခမ်းအနား။
BPLA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်တာကာလအတွင်းမှာ PDF လို အာဏာသိမ်း ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံအနှံ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြားမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာပြီး၊ စုစည်းညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုအချို့ ရှိလာခဲ့ပေမယ့် ဒီတိုက်ခိုက်ရေးအဖွဲ့တွေ အားလုံးပေါင်းစည်းပြီး ဖက်ဒရယ် တပ်မတော် တစ်ရပ်ပေါ်ထွက်လာဖို့ အထိ လက်တွေ့မကျသေးတဲ့အကြောင်း၊ အထူးသဖြင့် တိုက်ခိုက်ရေးအဖွဲ့တွေအကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေသေးတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က Stimson Center က အွန်လိုင်းကနေ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံ၊ ဂျော့ဝါရှင်တန် တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခနဲ့ မြန်မာ့အရေးသုံးသပ်သူ Christina Fink က လက်ရှိအာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုရဲ့ အားသာချက် အာနည်းချက်တွေကို လေ့လာသုံးသပ်ရာမှာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အတိတ်က တော်လှန်ရေးအင်အားစုတွေနဲ့ နှိုင်းယှဉ်ရင် စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေ ရှာဖွေရာမှာပိုပြီး အောင်မြင်မှုရတယ်လို့ ဆိုနိုင်ကြောင်း၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပြင်ပက ထောက်ပံ့မှုကို မှီခိုမနေဘဲ ရှိသမျှနဲ့ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ အခြေအနေရှိလာတဲ့ အကြောင်းနဲ့ လက်ရှိ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေကလည်း အရင်က တိုင်းရင်းသားဒေသတွေမှာပဲ အဓိကလှုပ်ရှားခဲ့ပေမယ့်၊ အခုတစ်ကြိမ်မှာ ဗမာလူအများစု ဒေသတွေအထိပါ ပျံ့နှံ့လာပြီး၊ စစ်ကောင်စီအနေနဲ့ ဒေသတစ်ခုပြီး တစ်ခု ထိန်းချုပ်မှု မရှိတော့တဲ့ အခြေအနေ ဖြစ်လာနေတဲ့အကြောင်း ပြောသွားပါတယ်။

လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေ ကြုံနေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့လည်း Christina Fink က အခုလို သုံးသပ်ပါတယ်။

“စိန်ခေါ်မှုတစ်ခုက စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနိုင်တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က သူတို့မှာ ဒီလို လုပ်နိုင်တဲ့ စွမ်းရည် မရှိခဲ့ပါဘူး။ သူတို့ ရုရှားနဲ့ တရုတ်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူထားသလို၊ စစ်သင်တန်းတွေလည်း ရရှိခဲ့ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေ တော်တော်လေး အင်အားလျော့နေတဲ့ အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုသုံးလာပါတယ်။ ဒါ့အပြင် ပြည်သူတွေကြားမှာ သူတို့ကို အားပေးထောက်ခံမှု မရှိသလောက် ဖြစ်နေတာကိုလဲ သိတဲ့အတွက် စိတ်ဓာတ်ရေးရာ အရလည်း ကျဆင်းနေပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ လေတပ်စွမ်းရည်ကို အကောင်းဆုံး အသုံးချနေပါတယ်။ သူတို့ လုပ်နေတာ တစ်ခုက PDF တပ်တွေကို စစ်ရေးသင်တန်းပေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဌာနချုပ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်လာတာပါ။ ဒီလိုနည်းနဲ့ ဗမာ တော်လှန်ရေး အဖွဲ့တွေကို တိုင်းရင်းသား အဖွဲ့တွေနဲ့ ခွဲထုတ်ဖို့ ကြိုးစားနေတာပါ။ နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့ NLD ပါတီ အပါအဝင် အရပ်သား ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ နှစ်ဘက်လုံးမှာ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်အချို့ ရှိနေတာပါ။ ဒါကြောင့်လည်း အဖွဲ့အားလုံးကို ခေါင်းဆောင်မှုတစ်ခုတည်းအောက်မှာ စုစည်းဖို့ အလွန်ပဲ ခက်ခဲနေပါတယ်။ ဒါကြောင့်လဲ အခုအချိန်မှာ တော်လှန်ရေးအဖွဲ့အားလုံးဟာ အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှုရှိတဲ့ ကွန်ယက် အဖွဲ့အနေနဲ့ ရပ်တည်ကြတာက ပိုပြီး လက်တွေ့ကျပါလိမ့်မယ်။ ဒီကနေမှ တဖြည်းဖြည်းချင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားဖို့ ဖြစ်ပါတယ်။”

လက်ရှိတော်လှန်ရေးလှုပ်ရှားမှုတွေ အောင်မြင်မှုရဖို့ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ လိုအပ်တဲ့အကြောင်း Woodrow Wilson Center က မြန်မာ့အရေး သုံးသပ်သူ ဦးရဲမျိုးဟိန်းက ပြောပါတယ်။

“စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အားလုံးဟာ လက်ရှိ ရှိနေတဲ့ မူဘောင်တွေအတွင်းမှာ၊ ခိုင်မာတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု စနစ်တစ်ခုကို အမြန်ဆုံး တည်ဆောက်သွားဖို့ လိုတယ်လို့ ထင်ပါတယ်။ NUG နဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ ညှိနှိုင်းဆွေးနွေးပြီး၊ ကျယ်ပြန့်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု စနစ်တစ်ခု ဖန်တီးဖို့ လိုပါတယ်။ ဒါမှလည်း အခုရှိပြီးသား C3C၊ J2C နဲ့ အနာဂတ် စစ်ရေး မဟာမိတ်ဖွဲ့ ဆောင်ရွက်မှုတွေအတွက် မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့မှာ စစ်တိုင်းဒေသ ငါးခု ဖန်တီးခဲ့တဲ့အကြောင်း၊ Central Command and Coordination Committees ခေါ် C3C၊ J2C ခေါ် Joint Command and Coordination နဲ့ Alliance Relation Committee စတာတွေကို ဖန်တီးတည်ထောင်ခဲ့ပြီး၊ အသစ်တည်ထောင်တဲ့ PDF အဖွဲ့တွေနဲ့ ရှိပြီးသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ဆံရေးတိုးတက်ဖို့ ဆောင်ရွက်ခဲ့တဲ့အကြောင်း ဦးရဲမျိုးဟိန်းက ပြောပါတယ်။

NUG ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုတည်ဆောက်ပြီး၊ ပူးပေါင်းမှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေရှိမှသာ လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းက လွတ်မြောက်နိုင်မှာ ဖြစ်တဲ့အကြောင်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် sequencing လုပ်ပြီး တည်ဆောက်သွားဖို့ ဦးရဲမျိုးဟိန်းက အကြံပြုပါတယ်။

“အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ၊ ပြီးပြည့်စုံတဲ့ စုစည်းညီညွတ်မှုဖြစ်ဖို့ မျှော်လင့်တာက လက်တွေ့မကျပါဘူး။ ဒါကြောင့်မို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ်တကျလုပ်ပြီး တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။”

ဒါ့အပြင် ဗမာခေါင်းဆောင်တွေအနေနဲ့လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို နားလည်ဖို့ အရေးကြီးတယ်လို့လည်း Christina Fink က သုံးသပ်ပါတယ်။

“၂၀၁ဝမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်ခဲ့ပေမယ့် NLD အနေနဲ့ ပါဝင်ခွင့် မရခဲ့ပါဘူး။ NLD အာဏာရလာတဲ့ ကာလအတွင်းမှာတော့ သူတို့ရဲ့ ဆောင်ရွက်ချက်က မကောင်းခဲ့ပါဘူး။ သူတို့က တိုင်းရင်းသားတွေရဲ့ လိုလားချက်နဲ့ တိုင်းရင်းသားအဖွဲ့ အချင်းချင်းကြား ဆက်ဆံရေး အခြေအနေတွေကို ကောင်းကောင်းသဘောမပေါက်ပါဘူး။ NLD ပါတီဟာ ပြည်နယ်ဝန်ကြီးချုပ် ရာထူးကို တိုင်းရင်းသားပါတီက ခန့်အပ်စေချင်တဲ့သူကို မရွေးချယ်ခဲ့တာကြောင့်လည်း ပါတယ်။ ဒီရာထူးအတွက် NLD ပါတီဝင် တိုင်းရင်းသားကိုပဲ ခန့်အပ်တဲ့အတွက် NLD ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေစေပါတယ်။ ဒါကြောင့် ပြည်နယ်တွေမှာ၊ အထူးသဖြင့် ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ယုံကြည်မှု ပျက်ပြားသွားစေပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အင်အားစုတွေ အနေနဲ့ စစ်ရေးအရကော နိုင်ငံရေးအရပါ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ဆိုရင် အတိတ်က လုပ်ရပ်တွေတင်မဟုတ်ပဲ မကြာသေးခင်က လုပ်ရပ်တွေကြောင့် ဖြစ်လာတဲ့ မယုံကြည်မှုတွေကိုပါ ကျော်လွှားနိုင်ဖို့ လိုနေပါတယ်။“

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ် အင်တာဗျူးတစ်ခုမှာ ပြောခဲ့သလိုပဲ၊ လက်ရှိအချိန်မှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ လမ်းပြမြေပုံတစ်ခု ရေးဆွဲဆောင်ရွက်ဖို့ လိုနေပါပြီ လို့ Christina Fink သုံးသပ်ပါတယ်။

အခုအချိန်မှာ မတူကွဲပြားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေ စုစည်းညီညွတ်မှု ရှိစေဖို့နဲ့ အနာဂတ်မှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ဆိုတဲ့ တူညီတဲ့ ပန်းတိုင်တစ်ခုကို သွားနေတာ သေချာစေဖို့ အားလုံးလက်ခံတဲ့ လမ်းပြမြေပုံတစ်ခု လိုအပ်နေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။