မြန်မာနိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်တွေ အလုအယက်ကြိုးပမ်း

RFA Burmese
2023.03.13
မြန်မာနိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်တွေ အလုအယက်ကြိုးပမ်း ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ အကျပ်အတည်းတွေကြောင့် ပြည်ပထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ အဆမတန်များပြားနေတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တွေကပြောပါတယ်။
 
စစ်ကောင်စီက အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုပုံစံသစ်ကို ပြင်ဆင်လိုက်ပြီးနောက် ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ ငါးရက်အတွင်း လျှောက်ထားသူ ငါးသောင်းသုံးထောင် နီးပါး (၅၂၈၅၀) ရှိခဲ့တယ်လို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာလည်း လျှောက်ထားသူများပြားနေတာကြောင့် အွန်လိုင်းစနစ်ထဲကို အလွယ်တကူ ဝင်လို့မရတာ၊ ရက်ချိန်းတွေကိုလည်း လျှောက်ထားတဲ့နေ့ကနေ အချိန်နှစ်လကျော်အကြာမှရတာ စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတာလို့ နိုင်ငံကူးလက်မှတ်ရဖို့ ကြိုးစားနေတဲ့ ရန်ကုန်မြို့က မမြတ်မော်က ပြောပါတယ်။
 
“Online Booking က စနစ်ဖွင့်တယ်ဆိုတော့ အွန်လိုင်းကနေ တင်တယ်ဆိုရင် လွယ်လွယ် လျှောက်လို့ရမှာပဲလို့ ရမယ် ထင်ခဲ့တာ။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့မှာကြတော့ သုံးရက်ဆက်တိုက်လောက် နေ့မအိပ်၊ ညမအိပ်တင်တာတောင်မှ မရခဲ့ဘူးရှင့်။ သူငယ်ချင်းတွေအထဲမှာကျတော့ Booking ရခဲ့တဲ့သူတော့ရှိတယ်။ ဒါပေမဲ့ ရက်တွေက မတရားကြီးကို ကွာလွန်းအားကြီးတယ်။ အဲလိုမျိုးတွေလည်းရှိတယ်။ ပြီးတော့ နယ်က သူငယ်ချင်းတွေဆိုလည်းသူတို့ဆီက network အခက်အခဲတွေကြောင့် သူတို့တွေဆိုလည်း မရကြဘူး”
 
မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းတွေ ကြီးမြင့်နေပေမယ့် လုပ်ခလစာက နည်းပါးပြီး ဝင်ငွေနဲ့ ထွက်ငွေ မမျှတတာကြောင့် လူငယ်တွေအများစုက ငွေများများရနိုင်မယ့် ပြည်ပနိုင်ငံကိုထွက်ဖို့ ကြိုးပမ်းလာကြတာလို့ မမြတ်မော်က ပြောပါတယ်။
 
စစ်ကောင်စီက အသစ်ပြင်ဆင်လိုက်တဲ့ အွန်လိုင်းစနစ်နဲ့လျှောက်ထားမှုကို ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတစ်ခုတည်းမှာ ဆောင်ရွက်နိုင်မှာပါ။ ဒီစနစ်ဟာ အွန်လိုင်းကနေ ကိုယ်ရေးအချက်အလက် ဖြည့်သွင်းတာ၊ ရက်ချိန်းယူတာနဲ့ နိုင်ငံကူးလက်မှတ် အမျိုးအစားအလိုက် ကျသင့်ငွေကိုပါ ဘဏ်နဲ့ချိတ် ဆက်ပြီး တစ်ခါတည်းပေးသွင်းရတဲ့ စနစ်ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ရုံးတွေမှာတော့ လူကိုယ်တိုင် သွားရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ လူငယ်အများစုဟာ အိပ်မက်တွေ ပျောက်ဆုံးနေတာကြောင့် ပြည်ပကိုထွက်ခွာဖို့ ကြိုးစားသူတွေ ပိုများလာနေတာလို့  ဂျပန်နိုင်ငံမှာ ကျွမ်းကျင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်မယ့် မဥမ္မာမြင့်က RFA ကိုပြောပါတယ်။
 
“ပုံမှန်ဆိုရင် ဒီနိုင်ငံက နိုင်ငံရေးကောင်းနေတဲ့ အချိန်မှာဆိုရင် ပတ်စ်ပို့လုပ်ရတာက ကိုယ့်အတွက် ဒါဘာမှ ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး။ အခုအချိန်မှာ လူငယ်တွေ များသောအားဖြင့်က ဒီမှာနေတာ အိပ်မက်တွေလည်း ပျောက်နေပြီ။ အကုန်လုံး ကိုယ့်ဘဝ တိုးတက်ရာ၊ တိုးတက်ကြောင်းဖြစ်ဖို့အတွက်ဆိုရင် သူတို့တွေရဲ့ ရည်မှန်းချက်တွေ တကယ်ဖြစ်ဖို့ဆိုရင် နိုင်ငံခြားကို ထွက်ဖို့ အားလုံးက ပြင်ဆင်နေကြပြီ။ ပြင်ဆင်နေတဲ့အခါမှာ လူငယ်တွေ တော်တော်များလာတဲ့ အတွက်ကြောင့် ပတ်စ်ပို့ရုံးတွေမှာလည်း ဝင်ရတဲ့အခါ ပတ်စ်ပို့လုပ်ဖို့ရာ အခက်အခဲတွေ အများကြီးကြုံရတယ်"
 
ဂျပန်နိုင်ငံဟာ အလုပ်အကိုင် အခွင့်အလမ်းတွေများသလို အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ လုံခြုံမှု အပြည့်အဝရနိုင်တာကြောင့် သွားဖို့ပြင်ဆင်နေပေမယ့် လက်ရှိမှာ နိုင်ငံကူးလက်မှတ် ရနိုင်ဖို့ခက်ခဲနေတာကြောင့် ကြန့်ကြာနေတာလို့ သူကဆိုပါတယ်။
 

"အခုအချိန်မှာ လူငယ်တွေ များသောအားဖြင့်က ဒီမှာနေတာ အိပ်မက်တွေလည်း ပျောက်နေပြီ။"

မြန်မာနိုင်ငံက လူငယ်အများစုကတော့ ပညာအရည်အချင်းနဲ့ သွားရတဲ့ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို သွားရောက်တာများကြသလို အလုပ်အကိုင်အလွယ်တကူရနိုင်တဲ့ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေကိုလည်း သွားရောက်နေကြပါတယ်။
 
ဂျပန်နိုင်ငံမှာ သွားရောက်လုပ်ကိုင်ကြမယ့် သူတွေအနေနဲ့ အခုနောက်ပိုင်းမှာ နိုင်ငံကူးလက်မှတ် မရှိရင် အင်တာဗျူးဖြေခွင့် မရှိတဲ့အခြေအနေတွေနဲ့ ကြုံတွေ့လာနေရတယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအင်ဂျင်စီတစ်ခုက မသဲပွင့်ရွှေစင်က ပြောပါတယ်။
 
“PJ ပတ်စ်ပို့ရော စာမေးပွဲသွားဖြေဖို့ PV ပတ်စပို့ရော ဘယ်ပတ်စ်ပို့မှ လျှောက်ထားခွင့် မရတဲ့အတွက် သူတို့ ထိုင်းတို့၊ ကမ္ဘောဒီယားတို့မှာ စာမေးပွဲ သွားဖြေမယ် ကလေးတွေရော၊ ပြီးတော့ ဒီအင်တာဗျူးဝင်ဖြေမယ့် လူတွေပေါ့။ တချို့ကျတော့လည်း အင်တာဗျူးက ဖြေပြီးသွားပြီ။ ပတ်စ်ပို့ကမရှိတော့ COE ပြန်ကျခါနီးမှ အခက်အခဲဖြစ်နေတဲ့ ကလေးတွေလည်း ရှိပါတယ်ရှင့်။ အခုနောက်ထပ် အင်တာဗျူးဖြေဖို့အတွက် နောက်ပိုင်း ကျရင်လို့ရှိရင် ပတ်စ်ပို့ရှိတဲ့လူမှ ဖြေခွင့်ရှိရမယ့်ဆိုတဲ့ အနေအထားတွေ ဖြစ်လာတော့ ပတ်စ်ပို့မရှိတဲ့ကလေးတွေက အရမ်းကို နစ်နာနေရတယ်ပေါ့။ ပတ်စ်ပို့အခက်အခဲကြောင့်ပေါ့”
 
ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေအတွက် အရင်ကသီးသန့် ခွင့်ပြုထားတဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုအစီအစဉ်ကိုလည်း စစ်ကောင်စီက ပိတ်ထားတာကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ပိုမိုခက်ခဲနေတယ်လို့ မသဲပွင့်ရွှေစင်က ပြောပါတယ်။
 
အရင်က နိုင်ငံကူးလက်မှတ်စာအုပ်ရဖို့ ငွေကျပ်လေးသောင်းခန့်သာ ကုန်ကျပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေ သုံးသိန်းကနေ ခြောက်သိန်းအထိ ကုန်ကျနေတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက ပြောပါတယ်။
 
 
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က နိုင်ငံကူးလက်မှတ်ရုံးမှာ လာရောက်တန်းစီနေသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။  (Photo: RFA)
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က နိုင်ငံကူးလက်မှတ်ရုံးမှာ လာရောက်တန်းစီနေသူတွေကို ၂၀၂၁ စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မြန်မာနိုင်ငံကနေ ပြည်ပကို သွားရောက်အလုပ်လုပ်သူများလာတာဟာ အလုပ်အကိုင် အခွင့်အလမ်းကြောင့် ဖြစ်တယ်လို့ Silver Crane ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီရဲ့ အထွေထွေမန်နေဂျာ ဦးကိုကိုဦးက ပြောပါတယ်။
 
“နဂိုတုန်းက ထွက်ချင်တဲ့လူတွေကလည်း အများကြီးစုနေတယ်။ အခုထပ်ထွက်မယ့် သူတွေကလည်း ထပ်ပြီးစုနေတယ်ဆိုတော့ အဲလိုမျိုးပဲ အကြမ်းဖျင်းပြောလို့ရမယ်တူတယ်။ ကိုဗစ်ကာလ ကျနော်တို့အချိန်က နည်းမှမနည်းတာ။ နောက်ပြီးတော့ ကိုဗစ်မရှိခင် ကာလကလည်း နိုင်ငံခြားထွက်ချင်တယ်ဆိုတဲ့ သူတွေက များတယ်။ အခွင့်အလမ်းအသစ်၊ အသိပညာအသစ် နောက်ပြီးတော့ ထိုက်သင့်တဲ့ငွေကြေးလည်းရတာကို။ ရတော့ အဲလိုမျိုးကို အခြေခံတယ်လို့ထင်တယ်”
 
မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတချို့ပါ ရပ်နားခဲ့တာပါ။
 
ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှု မရှိတဲ့ မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ခွာနေသူတွေဟာ တစ်လကို လူ လေးသောင်းနီးပါးရှိနေတယ်လို့  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။