မြိတ်ကျွန်းစုလို့လူသိများတဲ့ ဘုတ်ပြင်းမြို့နယ် အလယ်မန်ကျေးရွာအုပ်စု လငန်းကျေးရွာထဲက ကျွန်းငါးကျွန်းမှာ ဆလုံတိုင်းရင်းသား ၂၃၀ ကျော် နေထိုင်ပြီး တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။
ပျောက်ကွယ်လုနီးပါးလူမျိုးစုဖြစ်တဲ့ ဆလုံတိုင်းရင်းသားတွေ ကျင်လည်ရာ ကျွန်းတွေမှာ မြန်မာတာဆာကီပုလဲကုမ္ပဏီက လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ ကြိုးစားနေတာကြောင့် မော်ကင်း ခေါ် ဆလုံတိုင်းရင်းသားတွေ ကန့်ကွက်နေကြပါတယ်။
ဒီကျွန်းတွေကို လက်လွှတ်ရရင် ဆလုံတွေမှာ လုပ်ကိုင်စားသောက်စရာနေရာ မရှိတာကြောင့် ကန့်ကွက်နေတာလို့ လငန်းကျွန်းက ဆလုံတိုင်းရင်းသူ ဒေါ်မာနိုင်းက ပြောပါတယ်။
“တို့ဆလုံလူမျိုးဆို လုပ်စားစရာနေရာမရှိရပေါ့ လုပ်စားစရာနေရာမရှိရင် အခက်အခဲဖြစ်တာပေါ့၊ အခုသူတို့လုပ်မယ့်နေရာတကွက်လောက်ပဲ တို့လုပ်စားနေတဲ့နေရာမှာပဲ တို့လုပ်စားရတာ ဆလုံရော ဗမာရော၊ တို့သူတို့ကို သဘောမတူဘူး၊ ဒီနေရာ သူတို့တကယ်လုပ်မယ်ဆိုရင် တို့ဆလုံလူမျိုးတွေ ဘဝပျက်ကုန်မှာပေါ့၊ ဒီနေရာမှာပဲ အသေခံမယ်”
ဆလုံတိုင်းရင်းသူ ဒေါ်မွန်ငိုင်ကလည်း ဒီကျွန်းတွေကို ပေးလိုက်ရမယ်ဆိုရင် သူတို့ဟာ ထိုင်းနိုင်ငံဘက် သွားရောက်နေထိုင်တဲ့လမ်းကိုရွေးဖို့ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။
“ကျမတို့နား ဝင်လုပ်ရင် ကျမတို့လုပ်စားမရဘဲ အခက်အခဲဖြစ်မှာပေါ့၊ ကျမတို့လုပ်စားဖို့ အခက်အခဲဖြစ်ရင် ထမင်းငတ်မှာပေါ့၊ ကျမတို့ တကယ်လုပ်စားဖို့နေရာမရှိရင် ထိုင်းဖြစ်ဖြစ်ပြောင်းမှဖြစ်မှာပေါ့၊ ဒီမှာကျမတို့ ဆလုံအမျိုးတွေပျောက်ကုန်မှာပေါ့”
သူတို့နေထိုင်တဲ့ကျွန်းနားမှာရှိတဲ့ ကျွန်းစုမြို့နယ် စောမွန်လှကျွန်း ခေါ် ဒိုမယ်ကျွန်းမှာ မြန်မာတာဆာကီကုမ္ပဏီက ပုလဲမွေးမြူရေး လုပ်ကိုင်နေပါတယ်။ ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ၄လပိုင်းမှာ လုပ်ငန်း ဒုတိယအကြိမ် သက်တမ်းတိုးမှာဖြစ်ပြီး ဆလုံတွေ လုပ်ကိုင်စားသောက်နေတဲ့ Sister group ကျွန်း ခေါ် လငန်းကျွန်းတန်းက ကျွန်းသုံးခုကိုပါ တိုးချဲ့လုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လူနည်းစု တိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့ နေရာကို ကုမ္ပဏီလက်ထဲ ထည့်လိုက်ခြင်းဟာ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သလို ဖြစ်နေတယ်လို့ လငန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇံက ယူဆပါတယ်။
“လူမျိုးတုံးသတ်တယ်ဆိုတာ သေနတ်တွေနဲ့ပစ် ဓားတွေနဲ့ခုတ်မှ မဟုတ်ဘူး။ အဲဒီသူတို့ရဲ့ လုပ်စားကွက်တွေကို ပိတ်ပင်ရင်လည်း လူမျိုးတုံး သတ်တာနဲ့ အတူတူပါပဲလို့ ပြောချင်ပါတယ်”
တနင်္သာတိုင်းအစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ တာဆာကီ ကုမ္ပဏီဟာ ဒိုမယ်ကျွန်းမှာ ပုလဲမွေးမြူဖို့ ရေပြင်မြေပြင်ဧရိယာ ဧက ၄၂၀၀ ကျော်ကို လုပ်ကိုင်ဖို့ ၁၉၉၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
လက်ရှိရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၈.၄၂ သန်း ရှိပြီး ပုလဲထွက်ရှိမှု ၂၅ ရာခိုင်နှုန်းကို နိုင်ငံတော်က ရမှာပါ။
ဒေသခံတွေကတော့ ကုမ္ပဏီကို ဆန့်ကျင်နေတာ မဟုတ်ဘဲ ဆလုံတွေ လုပ်ကိုင် စားသောက်တဲ့ ကျွန်းတွေကို အကာအကွယ်ပေးချင်လို့ ကန့်ကွက်နေတာလို့ ပြောပါတယ်။
လုပ်စားကွက်တွေကို ပိတ်ပင်ရင်လည်း လူမျိုးတုံး သတ်တာနဲ့ အတူတူပါပဲ
လငန်းကျွန်းတန်းထဲက ကျွန်းတစ်ခုအပေါ်မှာ အဆောက်အအုံ တချို့ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသလို ရေပြင်ပိုင်နက် အမှတ်အသား ဘောတွေချထားတယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။
သူတို့ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာတာဆာကီကုမ္ပဏီ ဒိုမယ်ကျွန်း တာဝန်ခံ ဦးသန်းထွန်းကို ဆက်သွယ် မေးမြန်းရာမှာတော့ သူ့အနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခွင့်မရှိဘူးလို့ ပြောပါတယ်။
“အဲဒါကျနော်ဖြေလို့မရဘူ။ ကျနော်တို့က ကျနော်တို့ အထက်လူကြီးတွေက ဖြေပိုင်ခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်”
မန်နေဂျင်းဒါရိုက်တာ ဦးချစ်စိုးကို မေးမြန်းဖို့ ကုမ္ပဏီကို ဆက်သွယ်ရာမှာတော့ ခရီးထွက်နေတာကြောင့် ပြန်လည်ဖြေကြားမယ့်သူမရှိဘူးလို့ ပြောပါတယ်။
ကုမ္ပဏီဟာ ဒိုမယ်ကျွန်းအပါအဝင် Sister Group ကျွန်းမြေဧရိယာ ဧက သုံးသောင်းကျော် နီးပါးကို လုပ်ပိုင်ခွင့်ရဖို့ အစိုးရကို တင်ပြထားတာပါ။
ဒီတင်ပြချက်အတွက် နေပြည်တော်က သဘောထားမှတ်ချက်တောင်းတာကြောင့် စိစစ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ပြောပါတယ်။
“သူကသက်တမ်းတိုးတင်ထားတုန်းပဲ ရှိသေးတယ်၊ သက်တမ်းတိုးတင်တဲ့ထဲမှာ ပြန်စွန့်မယ့် ဧရိယာတို့၊ မူလလုပ်ခိုင်းထားတဲ့ ဧရိယာတို့ အဲဒါတွေလုပ်ခိုင်းထားတယ်၊ သူတို့ပြန်စွန့်ခိုင်းဖို့ ဧရိယာတွေ လုပ်ခိုင်းထားတယ်၊ ကျနော်တို့ကတော့ စီစစ်ခိုင်းထားပါတယ် ဌာနအသီးသီးကို စီစစ်ခိုင်းထားပါတယ် စီစစ်ချက်တွေလည်း မစုံသေးပါဘူး”
အောက်တိုဘာလမှာတော့ ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲမှုကြောင့် ဖြစ်နေတဲ့ ဒေသအခြေအနေကို အရပ်ဖက်အဖွဲ့အစည်းတချို့ သွားရောက်လေ့လာကြပါတယ်။
လေ့လာရာမှာပါဝင်တဲ့ တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးကတော့ ဆလုံတိုင်းရင်းသားကို နိုင်ငံတော်က အကာအကွယ်ပေးဖို့ လိုအပ်နေတာကြောင့် သမ္မတထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
“ပုလဲကလည်းကမ်းစပ်မှာပဲ မွေးလို့ရတယ်၊ ဒီမော်ကင်းတွေ လှေသေးသေးလေးနဲ့ ငါးမျှားတာကလည်း ကျွန်းကစင်းမှာပဲ မျှားလို့ရတယ်ဆိုတော့ သူတို့ဝင်လာရင် မော်ကင်းတွေမှာ မူလသဘာဝအတိုင်း လုပ်စားစရာက မရှိတော့ဘူး၊ အဲဒါမလုပ်သင့်ဘူးလေ၊ နိုင်ငံတော်ကတော့ အဲဒါကိုသေချာကာကွယ်ပေးဖို့ လိုလိမ့်မယ်၊ ဒီကိစ္စကို နိုင်ငံတော် သမ္မတတို့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံတို့ သိအောင် ပြောပြရလိမ့်မယ်”
ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းကတော့ ဆလုံတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်တဲ့နေရာ မပျောက်ဖို့ နိုင်ငံတော်က ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့ ယူဆနေပါတယ်။
“အမှန်တကယ်သူတို့အတွက် အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ နိုင်ငံတော်အနေနဲ့ တာဆာကီနဲ့ချုပ်ထားတဲ့ စာချုပ်ကို တစ်မျိုးတစ်ဖုံ စဉ်းစားသင့်တယ် ပြန်ပြီးတော့ ညှိနှိုင်းပြီးတော့လေ နောက်တစ်ခုက ဆလုံတွေအတွက် ရေရှည်အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ နိုင်ငံတော်ကပိုပြီးတော့ အာရုံစိုက်ပြီးတော့ ပိုပြီးဆောင်ရွက်သင့်တယ်”
စစ်အစိုးရခေတ် လက်ထက်တုန်းက ပုလဲမွေးမြူရေးလုပ်ငန်းကြောင့် ဆလုံတိုင်းရင်းသားတွေဟာ ပုလဲကျွန်းကနေ နှင်ထုတ်ခံရဖူးပါတယ်။ စကောကျွန်းဘက် ရွှေ့ပြောင်းနေထိုင်ပြီး သိပ်မကြာခင်မှာဘဲ ယခင် အကြောင်းပြချက်နဲ့ ထပ်မံဖယ်ရှားခံရပြန်တယ်လို့ ဆလုံဒေသခံတွေထံက သိရပါတယ်။
ဆလုံတိုင်းရင်းသားတွေဟာ မြိတ်ကျွန်းစုက ကျွန်း ၁၀ ခုလောက်မှာ လူဦးရေ ၁၇၀၀ လောက်သာ ရှိတော့ပြီး ပုလဲမွေးမြူရေးလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းအတွက် ကျွန်းတွေကနေ ဖယ်ပေးရတာတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တချို့ရွေ့ပြောင်းနေထိုင်တာတွေလည်း ရှိပါတယ်။