ဖရူဆိုမြို့နယ်က နေအိမ် ၈၀ ကျော် မီးရှို့ဖျက်ဆီးခံထားရ

မတ်လကနေ မေလအတွင်း ဖရူဆိုမြို့နယ်ထဲက ကျေးရွာ ၃ ရွာမှာ နေအိမ် ၈၀ ကျော် ပျက်စီးခဲ့။

ကယားပြည်နယ် ဖရူဆိုမြို့နယ်က ကျေးရွာ ၃ ရွာမှာ စစ်ကောင်စီတပ်က သုံးလအတွင်း အရပ်သားနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

KNDF ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုဟာ ဖရူဆိုမြို့နယ် ဘူးခူကျေးရွာဘက်ကို စစ်ကြောင်းဝင်ရောက်ချိန် မတ်လ ၂၈ ရက်နေ့က ဒေသခံတွေရဲ့ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၆ ရက်နေ့မှာ ထားလဲကျေးရွာကိုလည်း မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မေလ ၇ ရက်နေ့မှာလည်း ထားလဲကျေးရွာအထက်ပိုင်းမှာရှိတဲ့ ပရယ်တော် ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၄ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က ပြောပါတယ်။

အဲဒီမီးရှို့ဖျက်ဆီးမှုတွေကြောင့် မတ်လကနေ မေလအတွင်း ဖရူဆိုမြို့နယ်ထဲက ကျေးရွာ ၃ ရွာမှာ နေအိမ် ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ KNDF က စွပ်စွဲထားပါတယ်။

လက်ရှိ ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကိုလည်း စစ်တပ်ဘက်က ဆက်လက်လုပ်ဆောင်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KNDF ထုတ်ပြန်ချက်ပါ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့ရဲ့ ဖေဖော်ဝါရီလကုန်အထိစာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး ပျက်စီးခဲ့ပါတယ်။