ဖားကန့်မြို့ ရှရော်ခရွာခံ တစ်ရာကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီး
2023.03.02

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ရှရော်ခရွာခံ ၁၂၀ နီးပါးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးပေမယ့် တစ်ရာနီးပါးကို ဆက်ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၈ နှစ်အောက်နဲ့ အသက် ၅၀ ကျော်အရွယ် ၂၈ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ ၉၂ ဦးကတော့ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။
"သူတို့ လူသားဒိုင်းပုံစံနဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတယ်လို့ ကျနော်တို့ ယူဆတယ်”
စစ်ကောင်စီတပ်သား အင်အားတစ်ရာနီးပါး ရွာထဲကို သေနတ်ပစ်ခတ်ဝင်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က ညနေ ၄ နာရီအချိန်ခန့်က ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ရှရော်ခကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာခဲ့တယ်။ ထိုးလာခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ မိုးပေါ်ထောင်ပစ်ပြီး ရွာထဲဝင်လာတယ်။ ရပ်မိ၊ ရပ်ဖ အပါအဝင် အသက် ၁၅ နှစ်လောက်ရှိတဲ့ ကလေးတွေကအစ လူဦးရေတစ်ရာကျော် သူတို့ ခေါ်ဆောင်သွားတယ်။ ရှရော်ခဘေးက ရတနာမိုးမြင့်ဆိုတဲ့ ကျောက်စိမ်းလုပ်ကွက် ရှိသေးတယ်၊ အဲလုပ်ကွက်ထဲကိုခေါ်သွားတယ် ဆိုပြီး ဖမ်းဆီးစစ်ဆေးတယ်ဆိုတဲ့ အနေအထားရှိပါတယ်”
ဖမ်းဆီးခံရတဲ့အထဲမှာ အဲဒီရွာကဒေသခံတွေပါသလို နယ်အရပ်ရပ်ကနေ အလုပ်လာလုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်းပါတယ်လို့ ဆိုပါတယ်။
ရှရော်ခရွာမှာ ကုမ္ပဏီတွေက ကျောက်စိမ်းလုပ်ကွက်အသစ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် အဲဒီရွာအနီးမှာ မိုးကာတဲထိုးနေထိုင်နေကြတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းက စစ်ဘေး ဒုက္ခသည်တွေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ နောက်ဆုံးထား ရွှေ့ခိုင်းကတည်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁ ရက်နေ့မှာတော့ စစ်ကြောင်းသွားလာနေချိန် မိုင်းဆွဲခံရပြီးနောက် မိုင်းဆွဲသူတွေ ရှရော်ခရွာထဲကို ပြေးဝင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အားလုံးကို ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“၂၈ ဦး ပြန်လွှတ်တယ်။ အသက် ၅၀ ကျော်နဲ့ အသက် ၁၈ နှစ်အောက်ကို ပြန်ပြီးတော့ လွှတ်ပေးတယ်။ ၉၂ ဦး ကျန်ရှိသေးတယ်။ သူတို့က ဘယ်လိုလဲဆိုတော့ မနေ့ကညနေ ၄ နာရီခန့်မှာ ပစ်ခတ်ခံရတာပေါ့။ ခြောက်ဦးခန့် ဒဏ်ရာရရှိတယ်၊ နှစ်ဦးသေတယ်လို့ လည်း သိရတယ်။ အဲဒါကို သူတို့ လူသားဒိုင်းပုံစံနဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတယ်လို့ ကျနော်တို့ ယူဆတယ်”
ရှရော်ခရွာ ရပ်မိရပ်ဖတစ်ဦးကတော့ ကျန်နေတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
“ပြောမယ်ဆိုတော့ ဘာကြောင့်ရယ်လို့တော့ အတိအကျမဘူး။ သူတို့ကုမ္ပဏီက လမ်းကြောင်းပေါ် လူသားဒိုင်းပုံစံမျိုး နည်းနည်းခေါ်သွားတာမျိုးတော့ရှိတယ်။ ဟိုလိုမျိုးတော့ ရိုက်နှက်ပြုတော့မပြုဘူး၊ လွတ်လာတဲ့သူတွေကို မေးကြည့်တာ။ ကျန်တဲ့ လူတွေကိုတော့ သူတို့ ထမင်းပို့ပေးပါဆိုလို့ ထမင်းချက်လို့ ပို့ပေးတယ်။ ဒီနေ့တစ်ရက်တော့ အခြေအနေစောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ ရပ်မိရပ်ဖလည်း အဲမှာအာမခံပေးနေတယ်”
ဖေဖော်ဝါရီ ၂၇ ရက်နေ့က စဗစ်ခူးရွာခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာ အားလုံးနီးပါး ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ်နှစ်ဦးကိုတော့ ဆက်ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း မှော်စီစာရွာခံ ၂၃ ဦးကို စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကချင်လွှတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ပြည်သူတွေကို တမင်သက်သက် နှိပ်စက်ချင်လို့ ဖမ်းနေတာလို့ ဝေဖန်ပါတယ်။
“အခုလောလောဆယ်က ဖားကန့်ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးတွေတော့ မရှိဘူးခင်ဗျ။ သူတို့ ဘာကြောင့်ဖမ်းတာလဲဆိုတာ ကျနော်လည်း သဲသဲကွဲကွဲတော့ မကြားမိသေးဘူးဗျ။ ရွာသားတွေကို ဖမ်းတာဆိုတာ ဘာမှအဓိပ္ပါယ်မရှိတာ။ သူတို့ဖမ်းတာက ကျနော်တို့ ပြည်သူလူထုတွေကို တမင်သက်သက် နှိပ်စက်တဲ့သဘောနဲ့ ဖမ်းတာဖြစ်မှာပါ”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ စစ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မသိဘူးလို့ RFA ကို ပြောပါတယ်။
“အဲကိစ္စတွေက ကျနော်တို့တော့ မသိဘူးဗျ။ စစ်ရေး စစ်ရာနဲ့ပတ်သက်တဲ့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေက ကျနော့်အနေနဲ့ မသိပါဘူး။ ဆိုလိုတာက တိုက်ပွဲနဲ့ ပတ်သက်တာတွေ စစ်ရေးစစ်ရာနဲ့ ပတ်သက်တာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တော့ ကျနော် မသိပါဘူး”
ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIO ကို အခွန်ပေးပြီး တရားမဝင် ကျောက်စိမ်းတူးဖော် နေကြလို့ ဝင်ငွေအများဆုံးရနေတဲ့ စစ်ကောင်စီတပ်နဲ့ KIO ဟာ နယ်မြေစိုးမိုးမှုအတွက် မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက ရဲတပ်ရင်း (၃၀) မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KIA နဲ့ PDF တွေ သွားရောက်တိုက်ခိုက်ခဲ့ ပါတယ်။