ပင်လောင်း အစုအပြုံလိုက်သတ်ဖြတ်မှု NUG သတင်းစာရှင်းလင်း

တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2023.03.16
ပင်လောင်း အစုအပြုံလိုက်သတ်ဖြတ်မှု NUG သတင်းစာရှင်းလင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှ ဘုန်းကြီးကျောင်းအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNDF

ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းထဲမှာ တွေ့ရှိရသူတွေကို အစုအပြုံလိုက် သတ်ဖြတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့က စစ်ကောင်စီကို ရှုတ်ချလိုက်ပြီး စစ်ကောင်စီဟာ တိုင်းရင်းသားတွေကြား အတူတကွနေထိုင်ရေးကို ပျက်ပြားအောင် ဘာသာရေး၊ လူမျိုးရေး သပ်လျှိုသွေးခွဲနေတယ်လို့ ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။

သတင်းစာရှင်းပွဲကို မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီက အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့ကြတာပါ။

နန်းနိမ့်ရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ပထမဆုံးဝင်ရောက်ကြည့်ရှုခဲ့တဲ့အကြောင်း၊ ရွာမှာ သံဃာသုံးပါး အမျိုးသမီးတစ်ဦးအပါအဝင် ၂၁ ဦး အသတ်ခံရတဲ့အကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ပြောခဲ့ပါတယ်။

ဒါပေမဲ့ နောက်ထပ်သိရှိရတဲ့ သတင်းအချက်အလက်တွေပါ သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြောကြားတဲ့အခါ အလောင်း ၂၂ လောင်းတွေ့ရတဲ့အကြောင်း၊ ရွာအနီးက တောင်တန်းပေါ်ကိုလည်း ဒရုန်းနဲ့ကြည့်တဲ့အခါ အလောင်း ၇ လောင်းထပ်တွေ့ရတဲ့အကြောင်းပြောပေမယ့် အဲဒီအလောင်းတွေကို ရှာလို့မရခဲ့ဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးသူ ၁၁ ဦးထက်မနည်း ရှိပါတယ်။ ဒီသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာလည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ဦးအောင်ဆန်းမြင့် ပြောတာကတော့ .....

“ဖြစ်ရပ်မှန်တစ်ခုတည်းကိုပဲ ကျွန်တော့်အနေနဲ့ ပြောပြချင်ပါတယ်။ စစ်ကောင်စီရဲ့ပြောဆိုချက်အရ ၁၁ ရက်နေ့မှာ ကရင်နီ PDF အယောက် ၃၀ ကျော်ကို ဆုံးမလိုက်တယ်ဆိုပြီး ပြည်သူတွေရဲ့ အလောင်းတွေနားမှာ သေနတ်တွေထားပြီး ဓာတ်ပုံရိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သွေးတွေ စိုစွတ်နေတာ သတိထားသင့်ပါတယ်။ ဒါက သူတို့ကိုယ်တိုင် သတ်လိုက်ပြီဆိုတာ ဝန်ခံထားတဲ့ သက်သေတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ KNDF ဘက်ကရတဲ့ ဓာတ်ပုံတွေမှာ အလောင်းတွေ သွေးတွေခြောက်နေပါပြီ။ ဒါက ကျွန်တော်တို့ ၁၁ ရက်နေ့မှာ အဲ့ဒီကို မရောက်ဘဲ နောက်တစ်နေ့မှ အဲ့ဒီကိုရောက်ပြီး ဓာတ်ပုံတွေ ရရှိတာဖြစ်ပါတယ်”

အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ ကရင်နီရဲတပ်ဖွဲ့က ဘိုဘို၊ PNDF က ခွန်မိုးဟိန်းနဲ့ အလောင်းတွေကို ခွဲစိတ်ကြည့်ခဲ့တဲ့ ဒေါက်တာရဲအောင်တို့က တွေ့ရှိချက်တွေကို တင်ပြကြပါတယ်။ ကရင်နီရဲတပ်ဖွဲ့ (KSP)က အချက် ငါးချက် တင်ပြပါတယ်။

တွေ့ရှိချက်တွေအရ အလောင်းတွေအနီးမှာ တွေ့ရတဲ့ ကျည်ဆန်အခွံတွေဟာ ကပစ အမှတ်တံဆိပ် ကျည်ဆန်အခွံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်း အလောင်းတွေကို ခွဲစိတ်ကြည့်ရှုခဲ့တဲ့ ဒေါက်တာရဲအောင်ကလည်း သူစစ်ဆေးတွေ့ရှိချက်တွေကို တင်ပြပါတယ်။

“အရမ်းကြီးတော့ မလုံခြုံဘူးပေါ့ ထိုက်သင့်သလောက် လောက်လုံခြုံတဲ့နေရာမှာ အလောင်းတွေကို စစ်ဆေးခဲ့ပါတယ်”

သူစစ်ဆေးခဲ့တဲ့ အလောင်းတွေဟာ စစ်ဘက်နဲ့မပတ်သက်သူ ပြည်သူတွေဖြစ်တယ်လို့ ပြောပါတယ်။ တွေ့ရှိချက်တွေအရ လူတွေကို အနီးကပ်ပစ်သတ်ခဲ့တာမျိုးဖြစ်သလို လူတိုင်းမှာ ကျည်ဆန်ရာ တစ်ခုထက်ပိုတွေ့ရပြီး မသတ်ခင် နှိပ်စက်ခံထားတဲ့ ပုံစံမျိုးတွေ့ရတယ်လို့ ပြောပါတယ်။

nanneint-thumb.jpg
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းနံရံတွင် သေနတ်ကျည်ဆံရာများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: KNDF)

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း အခုဖြစ်ရပ်တွေကို လူ့အခွင့်ရေးကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ကို ပေးပို့သွားမယ်လို့ ပြောပါတယ်။

“အခုသူတို့ တင်ပြသွားတဲ့ အချက်အလက်တွေကို ခိုင်လုံဖို့အတွက် ဒေသခံပြည်သူတွေနဲ့ အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ် စိစစ်ပါတယ်။ သေချာတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ အားလုံးကိုတော့ IIMM ကို ပေးပို့ပြီးသား ဖြစ်ပါတယ်။ သူတို့အနေနဲ့ကလည်း ဒီကိစ္စကို မြေပြင်မှာရှိတဲ့သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မေးမြန်းဖို့အတွက် သူတို့ပြင်ဆင်နေပါတယ်။ ဒီရှင်းလင်းပွဲပြီးတာနဲ့ ထပ်ပြီးတော့ တိုက်ရိုက်တွေ့ဆုံနိုင်တဲ့ အချက်တွေဖြစ်အောင် စီစဉ်သွားမှာပါ”

တစ်ဆက်တည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်ကို ဖတ်ကြားသွားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲက ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။