ခွင့်ပြုချက်ရထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း မဆောင်ရွက်နိုင်ရင် ပါတီဖျက်သိမ်းခံရလိမ့်မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီတွေကို ထပ်ပြီးသတိပေးလိုက်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ပြီး ခွင့်ပြုချက်ရထားတဲ့ နိုင်ငံရေးပါတီပေါင်း လောလောဆယ်မှာ ၄၇ ပါတီရှိပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံးမှာ ဖွဲ့စည်းတည်ထောင် မယ့်ပါတီနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာပဲ ဖွဲ့စည်း တည်ထောင်မယ့်ပါတီဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ရပ်တည်မယ့်ပါတီက သုံးလအတွင်း ပါတီဝင် တစ်သိန်း၊ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခု အတွင်းမှာပဲ ရပ်တည်မယ့်ပါတီက သုံးလအတွင်း ပါတီဝင် အနည်းဆုံး တစ်ထောင်ရအောင် စုဆောင်းတင်ပြရမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
နောက်ဥပဒေတစ်ခုကတော့ ရုံးခန်း အရေအတွက်ပါ။ တစ်နိုင်ငံလုံးအနေနဲ့ ဖွဲ့စည်း တည်ထောင်မယ့် ပါတီအနေနဲ့ ခြောက်လအတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်တွေရဲ့တစ်ဝက်မှာ ရုံးခန်းဖွင့်နိုင်ရမှာဖြစ်ပြီး၊ တိုင်း ဒါမှမဟုတ် ပြည်နယ်အဆင့် ပါတီအနေနဲ့ ခြောက်လအတွင်း အနည်းဆုံး ငါးမြို့နယ်မှာ ရုံးခန်းဖွင့်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
"စစ်ကောင်စီဟာ ပါတီတွေကို ကန့်သတ်နိုင်အောင် လက်တွေ့လိုက်နာဖို့ ခက်ခဲတဲ့ဥပဒေတွေ ပြဋ္ဌာန်းထားတယ်"
ဒီလိုတင်းကျပ်ထားတာကို လျှော့ပေးဖို့ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့တဲ့ပွဲမှာ တင်ပြကြပေမယ့်လည်း ငြင်းပယ်ခံရတယ်လို့ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေက RFA ကို ပြောပါတယ်။
“ရက်ပေါင်း ၁၈၀ မှာ တိုင်းဒေသကြီးဆို ငါးမြို့ပေါ့။ တစ်တိုင်းပြည်လုံးဆို ၁၆၅ မြို့ ရုံးဖွင့်ဖို့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေမှာပါတာကိုး။ သူတို့က ဘာပြောလဲဆိုတော့ ဒီဥပဒေက ဖြေလျှော့ပေးလို့မရဘူး။ ဥပဒေကိုဖြေလျှော့ပေးလို့ မရဘူးဆိုတာမျိုး ပြောတာပေါ့”
ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီ ထုတ်ပြန်တဲ့သတင်းထဲမှာတော့ နိုင်ငံရေးပါတီ ၃၅ ပါတီမှာ ရက်ပေါင်း ကိုးဆယ်အတွင်း သတ်မှတ်ထားတဲ့ ပါတီဝင်အင်အား ပြည့်မီတာ ၂၈ ပါတီပဲရှိပြီး ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ထားတဲ့ ရုံးခန်း အရေအတွက် ဖွင့်နိုင်တဲ့ ပါတီက ၁၉ ပါတီပဲရှိတယ်လို့ ဆိုပါတယ်။
ဒီလို ရုံးခန်းတွေ၊ ပါတီဝင်တွေ ပြည့်အောင် မလုပ်နိုင်တာဟာ လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်လို့ နိုင်ငံရေးပါတီတွေဘက်က ပြောပါတယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုရင် ပါတီစုံအောင် လုပ်ပေးဖို့လိုတယ်လို့ နိုင်ငံရေးပါတီ တစ်ခုက အမည်မဖော်လိုတဲ့ ခေါင်းဆောင်တစ်ယောက်က RFA ကိုပြောပါတယ်။
“ရွေးကောက်ပွဲဆိုတာက လုပ်မယ်လို့ အာမခံထားတဲ့ အနေအထားလည်း ဖြစ်တာပေါ့။ အဲဒီတော့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲလို့ ကျွန်တော်တို့သုံးရမှာ ဖြစ်တယ်။ အဲဒီတော့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုတဲ့အတိုင်း ပါတီစုံဖို့လိုတယ်။ ပါတီစုံဖို့ဆိုရင် ပါတီတွေ ရပ်တည်နိုင်လောက်တဲ့ အနေအထား အခင်းအကျင်းမျိုးကို ဖန်တီးပေးဖို့လိုတယ်။ ပါတီစုံမှ ပါတီစုံ ဒီမိုကရေစီဖြစ်မှာကိုး”
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးဌေးကတော့ စစ်ကောင်စီဟာ ပါတီတွေကို ကန့်သတ်နိုင်အောင် လက်တွေ့လိုက်နာဖို့ ခက်ခဲတဲ့ဥပဒေတွေ ပြဋ္ဌာန်းထားတယ်လို့ ဝေဖန်ပါတယ်။
“လက်တွေ့အားဖြင့် မဖြစ်နိုင်တဲ့အရာတွေပေါ့နော်။ လက်တွေ့အားဖြင့် လိုက်နာရန်ခက်ခဲတာတွေ ဖြစ်နေတာပေါ့။ အဲဒီတော့ သူဝင်စေချင်တဲ့ပါတီတွေ ဝင်လာပြီးတော့ မဝင်စေချင်တဲ့ပါတီတွေ ဝင်မလာအောင် သူ (စကစ) က ဟန့်တားဖို့ဖြစ်တယ်။ ဥပဒေမှာ တရားမျှတမှု မရှိတဲ့ဥပဒေတွေ ဖြစ်နေတယ်။ အဲဒါကျတော့ အကြောင်းအချင်းအရာအရလည်း လိုက်နာလို့ မရတဲ့အရာတွေ ဖြစ်နေတာ”
ပါတီတွေအနေနဲ့ သတ်မှတ်ထားတဲ့ အဖွဲ့ဝင်အင်အား ပြည့်အောင်လုပ်ဖို့ မလွယ်နိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသူ တစ်ယောက်ဖြစ်တဲ့ ဦးထက်မြက်က သုံးသပ်ပါတယ်။
“နိုင်ငံရေးပါတီတွေ ကိုယ်တိုင်ကိုက သူတို့အနေအထားတွေကိုကြည့်ရရင် တော်တော်ကို ကျပ်ကျပ်တည်းတည်းနဲ့ နိုင်ငံရေး လုပ်နေရတဲ့ အခြေအနေမျိုးကိုး။ သူတို့ကိုယ်တိုင် ကလည်း သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာတောင် တက်တက်ကြွကြွနဲ့ လှုပ်ရှားနိုင်တာတောင် မဟုတ်ဘူး။ အဲဒီလို အခြေအနေကလည်း မပေးဘူး။ ပါတီတွေအနေနဲ့ကိုက ပွင့်ပွင့်လင်းလင်းပြောရရင် တစ်သိန်းပြည့်အောင် စည်းရုံးမယ်ဆိုတဲ့ပါတီမျိုးက ရှားရှားပါးပါးပဲ။ ပြည်ခိုင်ဖြိုးပဲ တစ်သိန်းပြည့်အောင် လုပ်ချင်လုပ်နိုင်လိမ့်မယ်”

ဒီဥပဒေတွေက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မယှဉ်နိုင်အောင် လုပ်ထားတာ လို့ ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။
“တင်းတင်းမာမာ လုပ်မယ်ဆိုရင်တော့ ပါတီတွေ ဖျက်သိမ်းခံရမှာပေါ့။ ရှင်းရှင်းပြောရ ရင်တော့ ကြံ့ခိုင်ရေးကိုမယှဉ်နိုင်အောင် လုပ်တာပဲလေ။ မမျှတဘူးဆိုတာ သူတို့ (နိုင်ငံရေးပါတီ) တွေ သိတယ်လေ။ အကုန်သိတယ်။ ကြံ့ခိုင်ရေးပါတီကို ယှဉ်မဲ့သူမရှိအောင် အစကတည်းကလုပ်တာ၊ ပြီးတော့ ရွေးကောက်ပွဲကလည်း ဆောက်ဖြစ်မှကျောင်းဒကာပါ အဲဒါကတော့”
ဒီအတောအတွင်းမှာပဲ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် အီလက်ထရောနစ် မဲပေးစက် မိတ်ဆက်ပွဲတွေ လုပ်နေပါတယ်။
ခွင့်ပြုချက်ရထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာလည်း မြိုတိုင်းရင်းသားပါတီနဲ့ ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီက သူတို့သဘောဆန္ဒအလျောက် ဖျက်သိမ်းလိုက်ကြပြီး ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီကတော့ ပါတီမှတ်ပုံတင်ခွင့်ပြုပြီး ရက်ပေါင်း ကိုးဆယ်အတွင်း ပါတီဝင်ဦးရေ တစ်ထောင်ရအောင် မစည်းရုံးနိုင်တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းထားပါတယ်။