တောင်ငူထောင်က သေနတ်လုထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်ရပ်မှန်
2023.06.08

“အာဏာမသိမ်းခင်ကတော့ ကျွန်တော်က ဆက်သွယ်ရေးမှာ ၂၀၁၃ ကတည်းက နေ့စားလရှင်းဘဝနဲ့ပေါ့။ အာဏာသိမ်းတဲ့ အချိန်ထိပါပဲ။”
မြန်မာ့ဆက်သွယ်ရေးဌာနက လူငယ်ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ကိုဗေဒါဟာ တော်လှန်ရေးသမားအဖြစ်နဲ့အဖမ်းခံရပြီး ထောင်ကနေ သေနတ်လုထွက်ပြေးတဲ့သူ တစ်ယောက်ဖြစ်လာမယ်လို့ မတွေးမိခဲ့တဲ့သူတစ်ယောက်ပါ။
အခုအသက် ၃၀ အရွယ် ကိုဗေဒါဟာ ရန်ကုန်တိုင်း သန်လျင်မြို့နယ်က ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရကာလ သူအသက် ၂၀ အရွယ် ၂၀၁၃ ခုနှစ်မှာ စပြီး မြန်မာ့ဆက်သွယ်ရေးဌာနရဲ့ နေ့စားလရှင်း ဝန်ထမ်းဘဝနဲ့သက်မွေးဝမ်းကျောင်းနေခဲ့ပါတယ်။
၂၀၁၅ မှာ မြန်မာ့ဆက်သွယ်ရေးကို ဂျပန်ကုမ္ပဏီကို ရောင်းဖို့ ဦးသိန်းစိန်အစိုးရစီစဉ်တဲ့အခါမှာတော့ အမြဲတမ်းဝန်ထမ်းတွေက ဂျပန် ကုမ္ပဏီအောက်ရောက်ပြီး သူအပါအဝင် နေ့စားလရှင်းဝန်ထမ်းတွေ အလုပ်ဖြုတ်ခံရတော့မလားလို့ စိုးရိမ်ခဲ့ရပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာတဲ့ နောက်မှာတော့ မြန်မာ့ဆက်သွယ်ရေးကို ဂျပန်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ပြောင်းလိုက်လို့ သူတို့အလုပ်မပြုတ်တော့ဘဲ အစိုးရခန့်တဲ့ အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ခွင့်ရခဲ့တာလို့ ပြောပြပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ ကိုဗေဒါရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းသွားခဲ့ရပါပြီ။
“ကျွန်တော်တို့ အဖေတွေ ဦးလေးတွေလက်ထက်ကတည်းက ပြောရမယ်ဆိုရင် ၈၈ ကိုပဲ အခြေပြန်ခံရမှာပေါ့ဗျာ။ အဲဒီ အချိန်တည်းကလည်း သူတို့ကြိုးစားခဲ့ကြတယ်။ အာဏာရှင်တွေကျရှုံးဖို့အတွက်ကို။ ဒါပေမဲ့ အကောင်အထည်ပေါ်မလာဘူး။ သို့လော သို့လောနဲ့ပဲ ပြီးသွားခဲ့တယ်။ ကျွန်တော်တို့ စတွေးလိုက်တဲ့ အတွေးထဲမှာကိုက ငြိမ်းချမ်းစွာဆန္ဒပြနေလို့မရဘူး။ သူတို့မှာလည်း လူ့အသိစိတ်ရှိတာ မဟုတ်ဘူး။ လူ့အသိစိတ်ရှိရင် ဒီလိုအာဏာသိမ်းတာ နောက်တစ်ခါဖြစ်မလာဘူးလို့ ကျွန်တော်ထင်တာပေါ့။ အဲဒီအချိန်ကစပြီးတော့ ငါတို့လက်နက်ကိုင်မှရမယ်။ လက်နက်ကိုင်ပြီး တော်လှန်မယ်။ အဲဒီလိုပုံစံမျိုး ဆုံးဖြတ်ပြီးတော့ လေးလပိုင်း (၂၀၂၁ ခုနှစ်) မှာစပြီး သင်တန်းတွေတက်ခဲ့တယ်”
လူငယ်အများစု နည်းတူ ကိုဗေဒါဟာ လက်နက်ကိုင်တော်လှန်ရေးအတွက် စစ်ပညာသင်ဖို့ ကယားပြည်နယ်ကို ရောက်သွားပါတော့တယ်။
“စစ်အာဏာသိမ်းပြီးတဲ့ကာလမှာ ကျွန်တော်တို့ စစ်ရေးအတွေ့အကြုံယူမယ်။ နည်းပညာတွေသင်ဖို့ ဆိုပြီးတော့ ကျွန်တော်တို့ မိခင်တပ်ရင်းကတော့ ရှိတယ်ပေါ့။ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးဆိုတဲ့ အဖွဲ့ ရှိတယ်။ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှာ ကျွန်တော်တို့ ပညာသွားသင်တယ်”
ကိုဗေဒါက U.R.K.F Underground Revolution Knights Force မြန်မာလိုဆိုရင် မြေအောက်တော်လှန်ရေးသူရဲကောင်းများအဖွဲ့ ဆိုတဲ့ အဖွဲ့ဖွဲ့ထားပါတယ်။
၂၀၂၃ ခုနှစ် မတ်လမှာတော့ စစ်ဆင်ရေးတစ်ခုအတွက် အလယ်ပိုင်းကနေ အောက်ဖက်ကိုလာတဲ့အခါ ပဲခူးတိုင်း ရေတာရှည်မြို့အဝင်မှာ သေနတ်တွေနဲ့အတူ ဖမ်းမိသွားပါတယ်။
“ရေတာရှည်ရဲစခန်းမှာပဲ အားလုံးပေါင်းငါးရက် စစ်ကြောရေးလုပ်တယ်။ ညှဉ်းပန်းနှိပ်စက်တာတွေက တော့အမျိုးမျိုးပေါ့ဗျာ။ မထင်ရင် မထင်သလို ရိုက်မယ်၊ မဟုတ်သုတ်ခမေးလို့ မဟုတ်ပါဘူးပြောလည်း ဟုတ်တယ်လို့ဝန်ခံတဲ့အထိရိုက်မယ်။ ဒီလိုရှိတယ်ဗျာ။ ဆန္ဒပြဖူးလား။ ကိုယ်ကိုယ်တိုင်က ဆန္ဒမပြဖူးပါဘူးလို့ ပြောနေတဲ့ဟာကို မပြဖူးလို့မရဘူး ပြကိုပြရမယ်။ အနည်းဆုံးတော့နှစ်ခေါက်တော့ပြလိုက်ကွာ၊ သူတို့ဟာသူတို့ ရေးပြီး ထည့်တာမျိုးတွေ၊ ပြီးတော့ မင်းလူသတ်ဖူးလားမေးတော့ မသတ်ဖူးပါဘူး လို့ ပြောရင်တောင်မှ၊ ကဲ မင်း တစ်ယောက် နှစ်ယောက်တော့ သတ်လိုက်ကွာ ဆိုတဲ့ဟာမျိုး၊ ပြီးပြီဟေ့ ဆိုတာနဲ့ အပြစ်မရှိလည်း အပြစ်ရှိတယ်လို့လုပ်တဲ့ဟာမျိုးတွေပေါ့။ နောက်ဆုံးလူတစ်ယောက်က နာနာကျင်ကျင် ရိုက်လာဖန်များလာတော့ ငါအရိုက်မခံရရင်ပြီးရောကွာဆိုပြီးတော့ မဟုတ်တာရော ဟုတ်တာရော ဝန်ခံလိုက်တဲ့အခြေအနေအထိ ဖြစ်အောင် ရိုက်နှက်တဲ့ အကြောက်တရားတွေနဲ့ပေါ့”
အဲဒီအချိန်က သူနဲ့အတူ အဖမ်းခံရတဲ့သူ ခုနစ်ယောက်ပါ။ ၁၇ နှစ်အရွယ် မရတနာမိုးဆိုတဲ့ ရန်ကုန်က မိန်းကလေးတစ်ယောက်နဲ့ လမ်းပြမယ့် သံဃာတစ်ပါးပါတယ်လို့ ပြောပြပါတယ်။ မရတနာမိုးက အသက်ဆယ့်ရှစ်နှစ်မပြည့်သေးတာရော အစကတည်းက သူ့အိမ်သူပြန်မယ်ဆိုလို့ လမ်းကြုံခေါ် လာတာကြောင့်ပါ စစ်ကောင်စီက သူ့ကိုထောင်မပို့ဘဲ ရဲအချုပ်မှာပဲထားလို့ နောက်ပိုင်းဘယ်ရောက် သွားလဲဆိုတာ ကိုဗေဒါတို့ မသိတော့ပါဘူး။ သံဃာတစ်ပါး နဲ့ကိုဗေဒါ အပါအဝင် လူ ခြောက်ယောက်ကတော့ တောင်ငူထောင်ကိုအပို့ခံလိုက်ရပါပြီ။
ထောင်ထဲရောက်နေတဲ့အချိန်မှာ ကိုဗေဒါတို့ဟာ အဲဒီနေရာကနေ ဘယ်လိုဖောက်ထွက်လွတ်မြောက်မလဲ ဆိုတာ အမြဲတွေးတောကြံဆနေပါတော့တယ်။ ကိုဗေဒါတို့က ထောင်တစ်ခုလုံး တံခါးဖွင့်ပြီး အကျဉ်းသားအားလုံးကို လွတ်စေချင်တာလို့ပြောပါတယ်။
တောင်ငူထောင်မှာ သမ္မတဦးဝင်းမြင့် ရှိတဲ့အတွက် သူ့ကိုလည်း တစ်ပါတည်းခေါ်ထုတ်လာနိုင်ဖို့ စဉ်းစားကြသေးတယ်လို့ ကိုဗေဒါကပြောပြပါတယ်။
“လွတ်လာတဲ့ ညီအစ်ကိုတွေထဲမှာ တိုင်ပင်ပြီးတော့ ဦးဝင်းမြင့်ကြီးကိုပါ ဆွဲထုတ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ plan တွေဆွဲကြသေးတယ်”
ဒါပေမဲ့ အဲဒီအချိန်က သူတို့တိုင်ပင်တာ ထောင်ထဲမှာ ပေါက်ကြားခဲ့သေးလို့ ခဏငြိမ်နေလိုက်ရသေးတယ်လို့ ဆိုပါတယ်။
“ဦးဝင်းမြင့်ကိုပါ ဆွဲထုတ်မယ်လို့ စပြီးတိုင်ပင်တော့ ပေါက်ကြားမှုရှိလာတယ်ဗျ။ ပြီးတော့လည်း အပြင်ကလည်း ကျွန်တော်တို့ကို မြို့နားထိကပ်ပြီး ကာဗာမပေးနိုင်တဲ့ အနေအထားပေါ့နော်။ ကာဗာပေးဖို့ အကူအညီတောင်းရအောင်လည်း ကျွန်တော်တို့ ယုံကြည်တဲ့လူက မရှိဘူးလေ”
မေလ ၁၈ ရက် နေ့လယ် ၁၂ နာရီလောက်မှာတော့ ကိုဗေဒါအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရော ရာဇဝတ်သားတွေပါ အယောက် ၂၀ ကျော် လောက်ကို တရားရုံးထုတ်ပါပြီ။ တရားရုံးက ထောင်အုတ်ရုံးရဲ့အပြင်ဘက် ၁၅ ပေလောက်မှာ ဆောက်ထားတဲ့အဆောက်အအုံလေးဖြစ်ပြီး အဲဒီမှာ တရားသူကြီး ရှေ့မထွက်ရခင် စောင့်ရတဲ့ အချုပ်ခန်းနှစ်ခန်းရှိတယ်လို့ ကိုဗေဒါက ပြောပြပါတယ်။
အဲဒီအချုပ်ခန်းမှာ ကိုဗေဒါတို့ တိုင်ပင်ပါတော့တယ်။
“လုံခြုံရေးအင်အားက အရင်ရက်တွေက တော်တော်လေးတင်းတင်းကျပ်ကျပ်ရှိတယ်ဗျ။ အဲဒီနေ့ကတော့ ပါဆယ်ဂိတ်မှာက နှစ်ယောက်ပဲရှိတယ်။ ကျွန်တော်တို့နားမှာလည်း ရဲက ခုနစ်ယောက်လောက်ပဲရှိတယ်။ စစ်တပ် ကတပ်ကြပ်ကြီးဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ ပြီးတော့ ပျူစောထီးဆိုတဲ့ တစ်ယောက်ရှိတယ်။ ဒါပဲမြင်ရတယ်။ လက်နက်အင်အားကို ကြည့်တော့လည်း တစ်ပွင့်နဲ့ရဲဆီမှာက ခြောက်လုံးပြူးရှိတယ်။ ပြီးတော့ ခုံနောက်မှာ ထောင်ထားတဲ့ ဂျီသရီးတစ်လက်ရှိတယ်။ ကျွန်တော်တို့ ရုံးထုတ်ထုတ်ပြီးတော့ ပြန်မသွင်းခင်မှာပဲ တိုင်ပင်ကြတယ်ပေါ့။ တကယ်အရှေ့က ထွက်မယ်ဆိုတဲ့ ငါးယောက်တိုင်ပင်ကြတယ်။ ငါတို့အခွင့်အရေးကဒီတစ်ခါပဲရမယ်ပေါ့။ နောက်တစ်ခါမရတော့ဘူး။ နောက်တစ်ခုကလည်း ကျွန်တော်တို့ အမှုတွေကို သူတို့က မြန်မြန်စစ်ပြီး မြန်မြန်ချစေချင်တဲ့ပုံစံမျိုးတွေ့နေရတာဆိုတော့ ဒီရုံးမှာပဲ ငါတို့ ကြိုးစားကြည့်ကြမယ်ကွာ။ ကောင်းရင်စံမယ် မကောင်းရင်ခံမယ်ဆိုပြီး အဲဒီအတွေးနဲ့ပဲ စပြီးရုန်းတယ်ပေါ့ဗျာ”

နောက်တော့ ထောင်ကိုပြန်မပို့ခင်မှာ ကိုဗေဒါတို့ စွန့်စွန့်စားစား သေနတ်လုထွက်ပြေးပါပြီ။
“မင်းက တစ်ပွင့်နဲ့လူဆီက ခြောက်လုံးပြူးရအောင်လု၊ နောက်တစ်ယောက်ကသုံးပွင့်ကိုချုပ်၊ ကျွန်တော်က ဂျီသရီးကို ရအောင်ကိုင်မယ်။ အရှေ့ထွက်မယ် ကာဗာပေးမယ်ဆိုပြီး အချုပ်တစ်ဆောင်နဲ့တစ်ဆောင်၊ အချုပ်က ကပ်လျက်ကိုး၊ အဲဒီအချုပ်ခန်း ဟိုဘက်ကူးမယ်ဆိုပြီး အကြောင်းပြရတယ်။ ထမင်းသွားစားမလို့ ကွာဆိုပြီး ထွက်တဲ့အချိန်မှာပဲ တစ်ခါတည်းလုံးထွေးကြတာပေါ့ဗျာ။ ”
တပ်ကြပ်ကြီးတစ်ယောက်ကို ပစ်ခဲ့ရသလို၊ ပျူစောထီးတစ်ယောက်ကတော့ သူ့အသက်ကို မသတ်ဖို့ တောင်းပန်ပြီး သေနတ်ပေးလိုက်တယ်လို့ ပြောပြပါတယ်။
“ပထမတော့ ပစ်ဖို့ အကြံမရှိဘူးဗျ။ အေးအေးဆေးဆေးပဲထွက်လာမယ်ဆိုပြီးတော့။ ဒါပေမဲ့ နောက်ဆုံး ကျတော့မပစ်လို့မရတော့ဘူး။ ဟေ့ကောင်တွေ ပစ်ပစ်ဆိုပြီး တစ်ပွင့်နဲ့ရဲက ပစ်မိန့်ပေးတဲ့ ပုံစံမျိုးအော် တော့ မဖြစ်မနေ လေးချက်ပစ်လိုက်ရတယ်။ တစ်ပွင့်နဲ့တစ်ယောက်ကိုလည်း ပစ်တယ်။ ပါဆယ်ဂိတ်ကိုလည်း နှစ်ချက်ပစ်ခဲ့တယ်။ အဲလိုပစ်ပြီး ဒီဘက်ကို ပြန်ပြီးထွက်မယ် လုပ်တဲ့အချိန်မှာ စောစောကပြောတဲ့ တပ်ကြပ်ကြီးရယ် ပျူစောထီးရယ်က သေနတ်နဲ့ပြေးလာတယ်ပေါ့။ ဟိုးနောက်က နေပြီးမှ။ အပြင်ထွက်တဲ့သူတွေကို ဟေ့ကောင်တွေ မပြေးနဲ့ ရပ်ဆိုတော့ မိုးပေါ်ကို သေနတ်နှစ်ချက် ထောင်ပစ်တဲ့အချိန်မှာ စောစောက ကျွန်တော်ပြောတဲ့ ကျွန်တော့်ညီ။ တစ်ပွင့်နဲ့လူဆီက လုထားတဲ့ ခြောက်လုံးပြူးနဲ့ နှစ်ချက်ပစ်တယ်။ ကျွန်တော်လည်းနောက်ပြန်လှည့်ပြီး ဂျီသရီးနဲ့ပစ်တော့ တစ်ယောက် ခါးစပ်ကိုတစ်ချက်ထိတယ်။ နောက် တစ်ယောက်က ဒူးခေါင်းအထက်လို့ထင်တယ်၊ အဲဒီကို တစ်ချက်ထိတယ်။ ထိပြီး သူတို့လဲကျသွားတဲ့ အချိန်ကျမှ အဲဒီကနေ ကျွန်တော်တို့ သေနတ် နှစ်လက်ထပ်ရတယ်ပေါ့ ဗျာ။ ပျူစောထီးလို့ ထင်တယ်ဗျ။ အစိမ်းဝတ်စုံနဲ့။ သူ့ဆီကသေနတ်က လုစရာမလိုဘူး။ ချိန်ရုံပဲရှိသေးတယ်။ ငါ့သေနတ်ယူသွားပါကွာ ငါအသက်ကြီးပြီ ငါ့ကိုမသတ်ပါနဲ့ ဆိုပြီးတောင်းပန်တယ်။ တပ်ကြပ်ကြီးကတော့ သေနတ်ကို အသည်းအသန် ပြန်လုတယ်ပေါ့ဗျာ။ အဲလိုဆိုတော့ ရင်ဝတည့်တည့်ပစ်ခဲ့ရတယ်ပေါ့။”
သေနတ်လုပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ သူတို့အားလုံး ၁၀ ယောက်ဖြစ်ပါတယ်။ PDF အဖွဲ့ဝင် ခုနစ်ယောက်နဲ့ ၂၀၂၀ ကတည်းက သေဒဏ်ချခံထားရတဲ့ ရာဇဝတ်အကျဉ်းသား သုံးယောက်ပါ။ ရန်ကုန်၊ တောင်ငူ၊ မကွေးဒေသအသီးသီးက အသက် ၂၈ ကနေ ၃ဝ ကြား လူငယ်တွေ ဖြစ်ပါတယ်။
ကိုဗေဒါတို့ဘက်က တစ်ယောက် ဒဏ်ရာနဲ့ဖမ်းမိပြီး သေသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အဲဒီတစ်ယောက် မသေဘဲ လွတ်မြောက်သွားတယ်၊ ဒါပေမဲ့ လူချင်းကွဲသွားတယ်လို့ ကိုဗေဒါက ပြောပါတယ်။
ကိုဗေဒါတို့ ထောင်အပြင်ဘက်ရောက်တော့ လာစောင့်ပြီးခေါ်မယ့်သူတွေ မရှိခဲ့ပါဘူး။ ဒါကြောင့် လမ်းဘေးမှာတွေ့တဲ့ မော်တော်ဆိုင်ကယ်နှစ်စင်းနဲ့ ဘေးတွဲဆိုင်ကယ်တစ်စင်းကိုယူပြီး မောင်းပြေးခဲ့ရတယ်။ အဲဒီမော်တော်ဆိုင်ကယ်ပိုင်ရှင်တွေကို တစ်ချိန်မှာ ပြန်ပေးနိုင်အောင် ကြိုးစားမယ်လို့ ကိုဗေဒါက ကတိပေးပါတယ်။
“ကျွန်တော်တို့မှာ အခက်အခဲနဲ့ဆိုတော့ ဝေးရာထွက်ဖို့အတွက်ကို ကူညီမယ့်သူဆိုလို့ ပြည်သူပဲ ရှိလိမ့်မယ်။ အဲဒီအချိန်မှာ ပြည်သူကိုသွားပြီးတော့ ကျွန်တော်တို့က ဒီလိုအဖွဲ့အစည်းကပါလို့ ရှင်းပြဖို့လည်း အချိန်မရတဲ့အတွက် သူတို့အမြင်မှာ ရိုင်းကောင်းရိုင်းသွားနိုင်တယ်ပေါ့။ ကျွန်တော်တို့ လက်ထဲမှာ လက်နက်တွေ ကိုင်ထားတယ်။ ဒါပေမဲ့ အကြမ်းဆုံးစကားတွေမသုံးဘဲနဲ့ တောင်းတောင်းပန်ပန်နဲ့လက်အုပ်ချီပြီးတော့ ကျွန်တော်တို့ အချိန်တန်ရင် ပြန်ပေးပါ့မယ်ဆိုပြီး ကတိတော့ခံခဲ့တယ်။ ”
ကိုဗေဒါတို့ ထွက်ပြေးလွတ်မြောက်သွားတဲ့နောက်ပိုင်း သူတို့အဖွဲ့ထဲက ထောင်ထဲမှာကျန်ခဲ့တဲ့ ကိုအေးမောင်ကို စစ်ကောင်စီဘက်က စစ်ဆေးနှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အဲဒီအပြင် ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးဖိနှိပ်လာတယ်လို့လည်း မိသားစုတွေ၊ နီးစပ်တဲ့သူတွေက ပြောကြပါတယ်။ သူတို့ကြောင့် ဖြစ်လာတာဆိုရင် အနူးအညွတ်တောင်းပန်ပါတယ်လို့ ကိုဗေဒါကပြောပါတယ်။
“ငါတို့ဒါလုပ်လိုက်ရင် ကျန်တဲ့ထောင်တွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလိုတွေးပြီး မလုပ်ဘူးဆိုရင် ကျွန်တော်တို့ ယုံကြည်ချက်တွေ ခံယူချက်တွေကထောင်ထဲမှာပဲ ရေစုန်မျောပြီးတော့ ပျောက်ဆုံးသွားရမှာလား။ အဲလိုပုံစံမျိုးကို တွေးပြီး မလုပ်ပဲနေရမှာလားပေါ့။ အဲဒီအတွေးနဲ့ လုပ်ဖြစ်ခဲ့ကြတယ်။ ကျန်တဲ့ထောင်တွေက နိုင်ကျဉ်းညီအကိုတွေကိုတော့ ကျွန်တော်တို့လုပ်ရပ်ကြောင့် တစ်ခုခုဖြစ်သွားတယ်ဆိုရင် ကျွန်တော်တို့ အနူးအညွတ်တောင်းပန်ပါတယ်”
အခုတော့ ကိုဗေဒါတို့ဟာ သူတို့နဲ့ယုံကြည်ချက်တူ၊ လုပ်ရပ်တူတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေကို ပြန်ရောက်ပြီး နောက်ထပ်လှုပ်ရှားမှုတွေအတွက် အားယူနေပါပြီ။ ပြည်သူတွေဆက်ပြီး အင်တိုက်အားတိုက်ပါလာရင်နိုင်ပြီလို့ ကိုဗေဒါက ယုံကြည်နေပါတယ်။
“ဖမ်းမိသွားတဲ့အချိန်မှာ စကစဘက်က အကြောက်တရားနဲ့ ရိုက်ချိုးပစ်တယ်ပေါ့။ အဲဒီကြားကနေ ကျွန်တော်တို့ယုံကြည်ချက်ကို မဖြစ်မနေ လုပ်မယ်ဆိုပြီးတော့ မဖြစ်နိုင်တဲ့ကြားကနေ ကျွန်တော်တို့ ရုန်းထွက်ခဲ့တယ်ပေါ့နော်။ တကယ်လည်းလွတ်မြောက်ခဲ့တယ်။ ပြည်သူလူထုကိုလည်း ပြောချင်တာက ကိုယ့်ရဲ ယုံကြည်ချက် ကိုယ့်ရဲ့ခံယူချက်ကို မစွန့်လွှတ်လိုက်ပါနဲ့။ အချိန်တန်ရင် ငါတို့ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်ကိုစွဲထားပြီးတော့ ကိုယ့်ရဲ့တစ်နိုင်တစ်ပိုင် ပံ့ပိုးမှုလေးဖြစ်ဖြစ် သတင်းစကားဖြစ်ဖြစ် ဆက်လက်ပြီးတော့ ကူညီပါဦးလို့။ ဘာလို့ဆိုတော့ အခု ပြည်သူမပါဘူးတော့ ပြောချင်တာမဟုတ်ဘူး။ ပြည်သူပါတယ်။ ဒီထက်ပိုပြီးတော့ အင်တိုက်အားတိုက်ပါလာရင် ကျွန်တော်တို့တော်လှန်ရေးက အဲလောက်မကြာပါဘူးလို့ ပြောချင်တယ်ဗျ”