ပုသိမ်ထောင်က နိုင်ကျဉ်း ၆၃ ဦး ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံရ

RFA Burmese
2023.09.26
ပုသိမ်ထောင်က နိုင်ကျဉ်း ၆၃ ဦး ထပ်တိုးပြစ်ဒဏ်တွေ ချမှတ်ခံရ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ​ရေးအကျဥ်းသားများကွန်ရက် PPN- Myanmar

ထောင်တွင်းဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ဧရာဝတီတိုင်း ပုသိမ်ထောင်က နိုင်ငံရေးအကျဥ်းသား ၆၃ ဦးကို ထောင်အာဏာပိုင်တွေက ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ထောင်သုံးနှစ်ကနေ ခြောက်နှစ်စီ ထပ်တိုးချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN- Myanmar က စက်တင်ဘာ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၃ ဇန်ဝါရီလက ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ လက်ထဲမှာ လက်ကိုင်ဖုန်း တွေ့ရှိတဲ့အပေါ် ထောင်အာဏာပိုင်တွေက ရိုက်နှက်စစ်ဆေးမှု၊ ဟင်္သာတထောင်က သေဒဏ်ကျ ကျောင်းဆရာတစ်ဦးကို ပုသိမ်ထောင်မှာ ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေမှုတွေ အပေါ် အဲဒီနိုင်ငံရေးအကျဉ်းသား ၆၃ ဦးက ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

ဩဂုတ်လထဲမှာ သူတို့အထဲက ၂၆ ဦးကို ထောင်တွင်းတရားရုံးကနေ ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှု ပုဒ်မ-၆၁ နဲ့ ထောင်ဒဏ် သုံးနှစ်စီ၊ ကျန် ၃၇ ဦးကို တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအား နာကျင်စေခြင်း ပုဒ်မ-၃၃၂ နဲ့ ထောင်ဒဏ် သုံးနှစ်စီ ထပ်မံ ချမှတ်ခဲ့တာပါ။

အခု စက်တင်ဘာ တတိယပတ်ထဲမှာတော့ သုံးနှစ်ချမှတ်ပြီးသား နိုင်ငံရေးအကျဉ်းသား ၃၇ ဦးထဲက ၁၆ ဦး ကို သီးသန့်ရွေးထုတ်ပြီး ပြည်သူ့ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၃၃ နဲ့ နောက်ထပ် သုံးနှစ် ထပ်တိုးချမှတ်လိုက်တယ်လို့ PPN- Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ဇန်နဝါရီလ ပုသိမ်ထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနက် သုံးနှစ်ထပ်တိုး ချမှတ်ခံရသူ ၄၇ ဦးနဲ့ ခြောက်နှစ် ထပ်တိုးချမှတ်ခံရသူ ၁၆ ဦး ရှိပါတယ်။

ထပ်တိုးပြစ်ဒဏ် ချမှတ်ခံရသူတွေထဲက နိုင်ငံရေးအကျဉ်းသားတချို့ရဲ့ အမည်တွေကိုသာ စုံစမ်းသိရှိရပြီး ကျန်သူအားလုံးရဲ့ နာမည်တွေ အတိအကျရရှိဖို့ စုံစမ်းနေဆဲလို့လည်း PPN- Myanmar အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခုထပ်တိုး ပြစ်ဒဏ်တွေ ချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ဟာ အရင်ကတည်းက ထောင် ၁၀ နှစ်ကနေ အနှစ် ၂၀ ကြား ချမှတ်ခံထားရသူတွေ ဖြစ်တာကြောင့် အခု ထပ်တိုးတာနဲ့ ပေါင်းရင် နှစ် ၃၀ နီးပါးလောက် ကျခံရဖို့ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ထပ်တိုးပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ပုသိမ်အကျဥ်းထောင်က တာဝန်ရှိသူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မဖြေဆိုနိုင်ကြောင်းသာ ငြင်းဆန်ပါတယ်။ ရန်ကုန်ရှိ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဖုန်းကိုင်တဲ့သူ မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တစ်ဦးကတော့ ဒီလို ထောင်နှစ်တွေ ထပ်တိုးနေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ပုသိမ်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးအခြေအနေ ထိခိုက်လာနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"များလာတော့ကိုယ်လည်း စိတ်မကောင်းဘူးလေ။ အမှုတွေ များများလာတော့ နှစ်တွေလည်း ပိုတိုးမှာပေါ့။ သူတို့ အဲလိုမျိုးကြာလာရင် ကျန်းမာရေးရော၊ စိတ်ဓာတ်ရော ကျသွားမှာလေ။ ကျန်းမာရေးလည်း ထိမယ်။ စိတ်မကောင်းဖြစ်တာပေါ့ ကိုယ်ကတော့"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန် နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ ၂၄၈၃၆ ဦး ရှိပြီး အဲဒီအထဲက ၁၉၂၆၄ ဦး အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းချခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။