ရခိုင်က မြို့နယ်ငါးခုမှာ သောက်သုံးရေ အခက်အခဲကြုံနေ

2025.03.20
ရခိုင်က မြို့နယ်ငါးခုမှာ သောက်သုံးရေ အခက်အခဲကြုံနေ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ မိုးရေဝင်ထားသည့် ရေကန်တစ်ခုတွင် ရေခပ်နေကြသည့် ဒေသခံများအား ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြားစတဲ့ မြို့နယ်တွေမှာ ဒေသခံတွေ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

အဲဒီမြို့နယ်တွေမှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာ နှစ်စဥ် နွေရာသီတိုင်း ကြုံရပေမဲ့ အခုနှစ်မှာတော့ တချို့ရွာတွေက တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံသူတွေ များလာခဲ့တာကြောင့် ရေအခက်အခဲ ပိုပြီးကြုံရတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့နယ်မှာ နှစ်စဥ် နှစ်တိုင်း သောက်သုံးရေ အခက်အခဲနဲ့ ကြုံရတယ်။ ဒါပေမဲ့ အခုကကျတော့ ၂၀၂၃ ခုနှစ် တိုက်ပွဲတွေ ဖြစ်လာတော့ စစ်ဘေးဒုက္ခသည်တွေ အများကြီး တိုးလာတယ်။ ပုံမှန်ဆိုရင် နွေရာသီရောက်မှ ရေရှားပေမဲ့ အခုကကျတော့ နွေရာသီအစပဲ ရှိသေးတယ်။ ရေရှားတာနဲ့ ကြုံနေရပြီ”

ရခိုင်ပြည်နယ်က ကျေးလက်ဒေသတွေမှာ ရွာလူဦးရေရဲ့ ပမာဏအလိုက် ရေသိုလှောင်ကန်တွေ တူးထားပြီး မိုးရာသီမှာတင်ကျန်ခဲ့တဲ့ ရေတွေကို အသုံးပြုကြတာပါ။

“ကန်ရေပမာဏနဲ့ အသုံးပြုသူ မမျှတတော့ဘဲ အချိန်မတိုင်မီ ရေကုန်ခန်းသွားတာပါ”

ဒီနှစ်မှာတော့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့ အနီးဝန်းကျင်က သိန်းနဲ့ချီတဲ့ ဒေသခံတွေ ကျေးလက်ရွာတွေကို ထွက်ပြေးခိုလှုံလာခဲ့တာကြောင့် ကန်ရေပမာဏနဲ့ အသုံးပြုသူ မမျှတတော့ဘဲ အချိန်မတိုင်မီ ရေကုန်ခန်းသွားတာလို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲက တစ်ဖက်၊ သောက်သုံးရေ အခက်အခဲကတစ်ဖက်နဲ့ အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ အဲဒီပုဏ္ဏားကျွန်းဒေသခံက ပြောပါတယ်။

“ပုံမှန် စားဝတ်နေရေးအတွက်တောင်မှ ရုန်းကန်နေရတာ။ အလုပ်အကိုင် ရှားပါးတာတွေ၊ ကုန်စျေးနှုန်းတွေ စျေးကြီးတာတွေနဲ့ဆိုတော့လေ။ အခြေခံလူတန်းစားတွေမှာကျတော့ တောတောင်တွေမှာ ထင်းခုတ်ပြီးတော့ စားရတဲ့သူတွေရှိတယ်။ အခုသူတို့က သောက်ရေတစ်လုံး ရဖို့အတွက်တောင် အချိန်တွေ အများကြီးပေးရတယ်။ စားဝတ်နေရေးအတွက် ထင်းခုတ်တဲ့အလုပ်ကို မလုပ်နိုင်တော့ဘဲ သောက်ရေ သွားရှာနေရတော့ စားဝတ်နေရေးအတွက် ပိုပြီးတော့ ထိခိုက်လာတယ်”

တချို့ကျေးရွာတွေမှာဆိုရင် သောက်ရေတစ်အိုး ရဖို့အတွက် နှစ်နာရီကြာ ခရီးအထိ သွားသယ်ယူရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မသန့်ရှင်းသော သောက်သုံးရေ အသုံးပြုနေရသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Ponnagyun Youths Association - PYA Photo)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မသန့်ရှင်းသော သောက်သုံးရေ အသုံးပြုနေရသည့် စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။ (Ponnagyun Youths Association - PYA Photo)

ကျောက်တော်၊ မင်းပြား၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာလည်း အခုလို သောက်သုံးရေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ လူမှုကူညီရေးအဖွဲ့ တစ်ခုဖြစ်တဲ့ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။

“ရခိုင်မှာကတော့ မြို့နယ်တိုင်းလိုလို ရေရှားပါးပြတ်လပ်တာကိုတော့ ကြုံရတယ်ပေါ့နော်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော ဒီမြို့နယ်တွေကတော့ ပိုပြီးတော့ ကြုံကြရတယ်။ ကျွန်တော်တို့သွားခဲ့တဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အဲဒီဘက်ရွာတွေမှာတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရေပြတ်တာ တွေ့ရတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကူညီထောက်ပံ့ရေးအစီအစဥ် သွားရင်းနဲ့ အဲဒီရွာတွေမှာပဲ တည်းခိုရတာပေါ့နော်။ ရေတွေ တအား ရှားပါးတဲ့အတွက်ကြောင့်မို့ သုံးရက်နေခဲ့တာ တစ်ရက်ပဲ ရေချိုးခဲ့ရတယ်။ အဲဒီလောက်ထိကို ရှားနေတာပေါ့နော်”

လက်ရှိမှာ ရေရှားပါးမှု အခက်အခဲကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ အာရက္ခတပ်တော် (AA) ရဲ့ ဌာနဆိုင်ရာအဖွဲ့တွေက ကူညီလုပ်ဆောင်နေပေမဲ့ အခက်အခဲကြုံရသူ ပမာဏများတာကြောင့် လိုအပ်ချက်များစွာ ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ ရှားပါးမှု နှစ်စဥ် ကြုံရတာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် အဲဒီဒေသတွေမှာ လက်ရှိအုပ်ချုပ်နေတဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ ရေရှည် ရေရရှိစေမဲ့ စီမံကိန်းတွေ လုပ်ဆောင်သင့်တယ်လို့လည်း ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။


ဆက်နွှယ်သော သတင်းများ

ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ရှားပါးပြတ်လပ်လာ

ကယားပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ ရှားပါးပြတ်လပ်

ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် အကူအညီလိုနေ


ဒေသခံတွေရဲ့ သောက်သုံးရေ အခက်အခဲနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားပေမဲ့ အခုသတင်းထုတ်လွှင့်ချိန်အထိ အကြောင်းမပြန်သေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကတော့ ရခိုင်ပြည်နယ်မှာ အရင်နှစ်တွေကထက် ဒီနှစ် ရေရှားပါးမှု ပိုဆိုးနေပြီး ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရေရရှိရေး ပံ့ပိုးကူညီဖို့ စီစဥ်နေတယ်လို့ RFA ကို မတ် ၁၄ ရက်နေ့က ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။