ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူ ငါးဆယ်ခန့် ဖမ်းဆီးခံထားရ

RFA Burmese
2025.01.20
ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်သူ ငါးဆယ်ခန့် ဖမ်းဆီးခံထားရ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ရှိ အဝေးပြေးကားဝင်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အခုရက်ပိုင်းမှာ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်တဲ့သူတွေကို စစ်ကောင်စီက သီးခြားရွေးချယ် စစ်ဆေးတာပိုလုပ်လာတယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့အဖွဲ့နဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"ဖမ်းဆီးစစ်ဆေးခံရတဲ့ လူဦးရေပေါင်းဆိုရင် ငါးဆယ်ဝန်းကျင်လောက်ရှိလိမ့်မယ်"

ရေကြည်၊ ငသိုင်းချောင်နဲ့ ကျုံပျော်ဘက်မှာ ဒီနေ့အထိဆိုရင် လူလတ်ပိုင်းနဲ့ လူငယ် အနည်းဆုံး အယောက်ငါးဆယ်လောက် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

"ရခိုင်က ၁၁ မျဉ်းစောင်းတွေ၊ ရွာမှာလာတည်းလို့ရှိရင် လက်မခံဖို့၊ တကယ်လို့ ရောက်လာလို့ရှိရင် သူတို့ဆီကိုအကြောင်းကြားဖို့ ဥက္ကဋ္ဌဆီကို ပြောထားတယ်လေ။ နောက်တစ်ချက်က ဖမ်းတာတွေ၊ ငွေညှစ်တာတွေ အဲလိုတွေတောင်ဖြစ်နေကြတယ်လေ။ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်တွေမှာ အဖြစ်များတယ်။ ကျုံပျော်မှာလည်း ကြားတယ်။ ပုသိမ်ဘက်မှာတော့ မကြားမိသေးဘူး။ ဖမ်းဆီးစစ်ဆေးခံရတဲ့ လူဦးရေပေါင်းဆိုရင် ငါးဆယ်ဝန်းကျင်လောက်ရှိလိမ့်မယ်"

ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်တဲ့သူ အယောက်ငါးဆယ်လောက်ကို ဖမ်းဆီးထားတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာ မရှိပါဘူး။


ဆက်နွှယ်သော သတင်းများ

ပုသိမ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ

တိုက်ပွဲကြောင့် ချောင်းသာနဲ့ ရွှေသောင်ယံက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

ဧရာဝတီရောက် ရခိုင်စစ်ဘေးဒုက္ခသည်တွေ ကန့်သတ်မှုတွေနဲ့ ကြုံနေရ


ရန်ကုန် ပုသိမ်အဝေးပြေးလမ်းမှာ စစ်ဆေးတဲ့ဂိတ်တွေ ပိုများလာသလို၊ ရခိုင်မှတ်ပုံတင်နဲ့ဆိုရင် ပိုပြီးကြမ်းကြမ်းတမ်းတမ်း အစစ်ခံရတယ်လို့ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

"၂၀၂၅ ခုနှစ်ကျမှ ပိုပြီးတော့ တင်းကျပ်လာတယ်ပေါ့၊ စစ်ဆေးတဲ့ဂိတ်တွေ ပိုများလာတယ်၊ ပန်တိုင်နဲ့ ထန်းတပင်ကြားထဲမှာ ဂိတ်အသစ်ပေါ့နော်။ အဲဒီဂိတ်မှာ အတောင်းခံရတယ် (စစ်ဆေးခံရတယ်) ဂိတ်အသစ်ဖွင့်ထားတဲ့နေရာ၊ ၁၁ မျဉ်းစောင်းဖြစ်တဲ့အတွက် သူတို့တွေကို လက်မြှောက်ခိုင်းထားတယ်၊ လုံးဝလက်မချရဘူး၊ သေသေချာချာ ဂဃနဏစစ်တယ်။ စစ်ပြီးပြန်လွှတ်ပေးတာမျိုး ရှိသလိုတချို့ကျ မသင်္ကာဘူးဆိုလို့ရှိရင် ခေါ်ထားတာမျိုးတွေရှိတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်နေတဲ့ အချိန်တုန်းကလည်း ကိုးကန့်နဲ တအာင်း ပလောင် တိုင်းရင်းသားတွေကို စစ်ကောင်စီက အခုလိုပဲ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"ရခိုင်မှတ်ပုံတင် ကိုင်ထားသူအားလုံးကို လုပ်သလို ရခိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ပြီးတော့ ထိုးစစ်က မကွေးနဲ့ မြစ်ဝကျွန်းပေါ်အထိ တက်သွားတယ်ဆိုတော့ ရခိုင်ကိုအဓိကထားပြီး အငြိုးကြီးကြီးနဲ့ လုပ်တော့မှာပေါ့။ လူထုကိုကြည့်တာ သိတာဆိုတော့၊ ဒါတွေက သူတို့ လုပ်နေကြတွေပါပဲ"

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ (Citizen Photo)
၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက ဧရာဝတီတိုင်း မအူပင်မြို့၊ လမ်းမပေါ်တွင် ဖြတ်သန်းသွားသည့် ကားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဥ်။ (Citizen Photo)

ဒုက္ခရောက်နေတဲ့သူတွေကို စာနာသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂွမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးကလည်း ပြောပါတယ်။

"ရခိုင်လူမျိုးကိုမှ အဲလိုလက်မခံဘူးဆိုတော့ မဖြစ်သင့်ဘူးလေ၊ စစ်တွေဖြစ်လို့ ပြေးလာပါတယ်ဆိုမှပဲ အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ နည်းနည်းပါးပါးတော့ စာနာသင့်တယ်ပေါ့၊ ရခိုင်လည်း လူပဲနော်၊ လူလူချင်း အတူတူပဲလေ၊ ညီမတို့ လက်မခံနိုင်ဘူးပေါ့"

ပြီးခဲ့တဲ့နှစ် မတ်လထဲမှာတုန်းကလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်သူတွေကို ခရီးသွားလာခွင့် ပိတ်ခဲ့ပါသေးတယ်။

အခုဆိုရင် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေး ဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။