မံစီမြို့နယ်မှာ တရုတ် မြေရှားသတ္တုတူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်
2023.01.18

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါ ကျေးရွာအနီးမှာ တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီတစ်ခုက မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က အင်ဘာပါကျေးရွာနဲ့ ဒိန်ဆိန်းပါ ကျေးရွာတွေက ကစ်သလစ်အသင်းတော်၊ ကချင်နှစ်ခြင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံ ၃၀၀ ကျော်က မြေရှားသတ္တု တူးဖော်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ အလားတူ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း မြေရှားသတ္တု မတူးဖော်ဖို့အတွက် ကုမ္ပဏီဝင်းထဲကို သွားရောက်ပြီး ဘုရားသခင်ထံ ဆုတောင်းတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီကုမ္ပဏီကို တရုတ်လူမျိုးတွေက ကျောထောက်နောက်ခံပြုထားတာဖြစ်ပေမယ့် ကုမ္ပဏီအမည်ကိုတော့ မသိကြရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“မိုင်ဂျာယန်ဘက်မှာလုပ်တဲ့ဟာတွေလည်း ရပ်တန့်သင့်တာပေါ့။ သူက side effect က အရမ်းများတဲ့အခါကျတော့ ရပ်ပေးရင်တော့ ကောင်းတယ်လို့ ဒေသခံတစ်ဦးအနေနဲ့ ပြောချင်တာပေါ့"
အင်ဘာပါနဲ့ ဒိန်ဆိန်းပါဒေသတွေမှာ မြေရှားသတ္တု တူးဖော်တာကို လုံးဝရပ်သွားတဲ့အထိ ကန့်ကွက်သွားမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးဆောင်ကန့်ကွက်သူတစ်ဦးက RFA ကို ပြောပါတယ်။
“မြေရှားတူးရခြင်းရဲ့အကြောင်းအရင်းကို ကန့်ကွက်ရမယ့်အကြောင်းအရင်းကတော့ ဘယ်လောက်ထိ ကန့်ကွက်သွားမယ် ဆိုတာကျနော်တို့ပြောလို့မရဘူး။ ရပ်တန့်သွားတဲ့ အထိပေါ့နော် လုံးဝဒီမြေရှားသတ္တု ရှာဖွေခြင်းကို ကျနော်တို့ ဒီရွာသူရွာသား ဒေသခံတွေ အနေနဲ့တော့ လုံးဝ လုံးဝ ခွင့်မပြုနိုင်ဘူးပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဒီမြေရှားသတ္တု ထုတ်လိုက်ခြင်းအားဖြင့် ကျနော်တို့အပေါ် ဘယ်လောက်ထိ သက်ရောက်နိုင်မယ် ကျနော်တို့လည်း မပြောနိုင်တဲ့အခါကျတော့ အရမ်း စိုးရိမ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ က မတူးဖော်ဖို့အတွက်ကတော့ ကျနော်တို့ အဆုံးတိုင် ကန့်ကွက်သွားမယ်။ လုံးဝ သေချာပါတယ်”
အခုလိုကန့်ကွက်နေတာက KIO ကို ကန့်ကွက်နေတာမဟုတ်ဘဲ ဒေသခံတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ မြေရှားသတ္တု တူးဖော်မှုကိုပဲ ကန့်ကွက်တာလို့ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း အင်ဘာပါ ကျေးရွာအနီးတစ်ဝိုက်မှာ မြေရှား သတ္တုတူးဖော်ဖို့ ပြင်ဆင်မှုတွေရှိလာနေတာကို ရပ်တန့်ပေးဖို့ အင်ဘာပါကျေးရွာအပါအဝင် အဲအနီးတစ်ဝိုက်က အသင်းတော် ရှစ်ခုက ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံတွေက KIO ထံ ကန့်ကွက်စာပို့ခဲ့ပါတယ်။
ဒါပေမဲ့ သတ္တုတူးဖော်ဖို့ပြင်ဆင်နေတဲ့ ကုမ္ပဏီကတော့ စက်ပစ္စည်းအစုံနဲ့ စောင့်နေဆဲ ဖြစ်ပြီး ရပ်ဆိုင်းသွားဖို့ အလားအလာမရှိ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အင်ဘာပါဒေသဟာ သစ်ကြားသီး၊ ရှောက်ကော် စတဲ့ အပင်တွေတွေနဲ့ အခြားသီးနှံတွေကို စိုက်ပြီး အသက်မွေးဝမ်းကျောင်းနေတဲ့ဒေသဖြစ်တဲ့အတွက် သူတို့ရဲ့ ရပ်တည်မှုအပေါ် ထိခိုက်လာမှာကို စိုးရိမ်မိ တယ်လို့ အမည်မဖော်လိုတဲ့ အင်ဘာပါ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ စိုက်ထားတဲ့အသီးအနှံတွေတောင် စားလို့မရတဲ့အခြေအနေ အဆိပ်ဖြစ် သွားတယ်ဆိုတာကို ကျနော်တို့ ပန်ဝါဘက်က အတွေ့အကြုံတွေအရ သိရတယ်။ အဲလိုမျိုး ကျနော်တို့ စိုက်ထားတဲ့သီးအနှံတွေ အဲဒါတွေနဲ့ပဲ ကျနော်တို့ ကျောင်းသားတွေ ကျောင်းထားတာကလည်း အဲကပဲ စိုက်ပျိုးရေးကပေါ့။ အဲဒါတွေ ပျက်စီးသွားရင် ကျနော်တို့ အသက်ရှင်သန်ဖို့ ကျနော်တို့ အနာဂတ်က အခက်အခဲတွေ များစွာ ရှိလာနိုင် တယ်ဆိုတာကို တွေးမိပြီး ကန့်ကွက်တာပေါ့”
အခုမြေရှားသတ္တု တူးဖော်ဖို့ လုပ်ဆောင်နေတဲ့နေရာဟာ အင်ဘာပါကျေးရွာကနေ တစ်မိုင် လောက်သာ ကွာဝေးတဲ့အတွက် ဓာတုပစ္စည်းတွေကြောင့် ဒီဒေသမှာရှိတဲ့ ကိုင်းထိန်၊ ဖတ်ကွမ်၊ ဆွတ်ငိုင်၊ အင်ဘာပါ စတဲ့ အနီးနားဝန်းကျင်ကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံ ၅၀၀၀ ခန့်အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။
ဒီဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် တရုတ်လူမျိုးတွေပါဝင်တဲ့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက် နေ့မှာ ကနဦး လာရောက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး နောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ စက်ပစ္စည်း အစုံအလင်နဲ့ ဝင်ရောက်လာတာလို့ ဒေသခံ တွေက ပြောပါတယ်။
ဒိန်ဆိန်းပါဒေသခံတစ်ဦးကတော့ နောင်လာနောက်သားတွေအတွက် စဉ်းစားပြီး အခုလို ကန့်ကွက်နေရတာလို့ ပြောပါတယ်။
“အခုကျနော်တို့ အသက်ကြီးတဲ့သူတွေ အခု ဒီဟာကို မကန့်ကွက်နိုင်ရင် ကျနော်တို့ အကြီးလုပ်တဲ့သူတွေက နောင်လာနောက်သား ကလေးတွေအပေါ် အကြွေးရှိသွားသလို ဖြစ်လာနိုင်တယ် သေချာ စဉ်းစားကြည့်ရင်ပေါ့။ အဲဒါကြောင့် အဲဒါတွေကို သတိရလို့ ကျနော်တို့က အမှန်တကယ်ပိတ်ပင်နိုင်အောင် လုပ်ဆောင်သွားရအောင်ဆိုပြီး ကျနော် တို့ ပြည်သူတွေ ဝိုင်းကန့်ကွက်လာကြတာ"
KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသ အင်ခေါင်းပါ စစ်ဘေးဒုက္ခသည်စခန်းအနီး မထန် ကျေးရွာနဲ့ ဂျခရိုင် ကျေးရွာဘက်တွေမှာလည်း KIO ရဲ့ ခွင့်ပြုချက်နဲ့အတူ မြေရှားသတ္တုတွေ အကြီးအကျယ် တူးဖော်နေတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။
ကေအိုင်အိုပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ကေအိုင်အို ထိန်းချုပ်နယ်မြေတွေ ထဲမှာ မြေရှားသတ္တု တူးဖော်ခွင့်လက်မှတ် ထုတ်ပေးထားတာမရှိဘဲ စမ်းသပ်ခွင့်ကိုတော့ ပေးထားတာရှိတယ်လို့ တုံ့ပြန်ပါတယ်။
အခု ဒေသခံတွေ ကန့်ကွက်နေတဲ့ မံစီမြို့နယ် အင်ဘာပါကျေးရွာနဲ့ ဒိန်ဆိန်းပါ ကျေးရွာတွေက ကိစ္စဟာလည်း ဒေသအုပ်ချုပ်ရေး အဖွဲ့နဲ့သာ သက်ဆိုင်တဲ့အတွက် ကေအိုင်အို ဗဟိုအနေနဲ့ တုံ့ပြန်ပြောဆိုနိုင် ခြင်း မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကျနော်တို့ ကေအိုင်အိုအနေနဲ့ သီးသန့်ပြောဖို့တော့မရှိပါဘူး။ ဘာကြောင့်လဲဆို အဲဒါကိစ္စကတော့ ဟို ဒေသအုပ်ချုပ်ရေးအဖွဲ့ကပဲ သူတို့ကပဲ အဓိကဆိုင်တာ ဖြစ်ပါ တယ်။ ဥပမာ-အရှေ့ပိုင်းတိုင်းပေါ့ သူတို့ အုပ်ချုပ်နယ်မြေမှာပဲ ဖြစ်နေတဲ့ ဒီကိစ္စတွေ ဖြစ်တယ်။ သူတို့ဘက်က ဘယ်လို စီစဉ်မယ်ဆိုတာကတော့ တိတိကျကျကတော့ ကျနော်တို့လည်း ဒီကေအိုင်အိုအနေနဲ့တော့ ပြောလို့မရသေးဘူး သူတို့နဲ့ပဲ အဓိက ဆိုင်တယ်လို့ ပြောလိုပါတယ်"
မြေရှားသတ္တုတူးဖော်တဲ့အခါ အောက်ဇားလစ် အက်စစ် (Oxalic acid) နဲ့ အမိုနီယမ် ဘိုင်-ကာဘွန်နိတ် (Ammonium bi-carbonate) လို အားပြင်းအက်စစ် ငါးမျိုးလောက်ကို သတ္တုရှိနိုင်မယ့် တောင်သားနဲ့ မြေပြင်တွေထဲ ထိုးသွင်းပြီး ရှာဖွေတူးဖော်ရတာလို့ သတ္တုတူးဖော်ရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးက RFA ကို ရှင်းပြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်တက္ကသိုလ်က ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ The Harvard International Review ရဲ့ အချက်အလက်အရ ၂၀၁၇ မေလကနေ ၂၀၂၁ ဩဂုတ်လအထိ မြန်မာနိုင်ငံမှာ မြေရှား သတ္တုတန်ချိန် တစ်သိန်းလေးသောင်းကျော် ထုတ်လုပ်ခဲ့ပြီး အဲဒီပမာဏ ထုတ်ဖော်ဖို့ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း (overall toxic waste) ၂၈၄ မီလီယံ တန်ချိန်၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း (radioactive waste) ၀.၁၄ မီလီယံ တန်ချိန်နဲ့ အန္တရာယ်ရှိ ဓာတ်ငွေ့ (waste gas) ၄၉၅ ဘီလီယံဂါလန်ထိ ထွက်ရှိတာကို တွေ့ရပါတယ်။
ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်အရေး လုပ်ရှားသူတစ်ဦးကလည်း မြေရှား သတ္တု တူးဖော်မှုဟာ အန္တရာယ်များတဲ့ သတ္တုတူးဖော်မှုဖြစ်တဲ့အတွက် ရပ်တန့်ပေးဖို့ လိုအပ် တယ်လို့ ပြောပါတယ်။
“အခုဒီကျနော်တို့ ဒီမိုင်ဂျာယန်ဘက်မှာလုပ်တဲ့ဟာတွေလည်း ရပ်တန့်သင့်တာပေါ့။ သူက side effect က အရမ်းများတဲ့ အခါကျတော့ ရပ်ပေးရင်တော့ ကောင်းတယ်လို့ ဒေသခံတစ်ဦးအနေနဲ့ ပြောချင် တာပေါ့။ ဘာဖြစ်လို့လဲဆိုရင်တော့ ဒီကောင်က လုပ်ပြီ ဆိုရင်တော့ သူက ဆိုးကျိုးက အရမ်းကျယ်ပြန့်တဲ့အခါကျတော့ ကျနော်တို့ ဒေသခံ တွေက စားဝတ်နေရေး စားကျက်တွေ ဘာတွေပေါ့နော် ပျက်စီးဖို့ အလားအလာက ၈၀ ရာခိုင်နှုန်း ရှိတယ်ဆိုတော့ ဖြစ်နိုင်ရင်တော့ ရပ်တန့်ပေးရင်တော့ ကောင်းတယ်လို့ ဒေသခံတစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်"
လျှပ်စစ်ပစ္စည်း အများအပြားထုတ်လုပ်တဲ့ တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကြောင့် Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တုကို ကချင် ပြည်နယ်က ချီဖွေ၊ ပန်ဝါဒေသမှာ တရုတ်ကုမ္ပဏီတွေ လာရောက်တူးဖော်နေပြီး လုပ်ကွက်ပေါင်း ၃၀၀ မှာ အားပြင်းအက်စစ် သတ္တုရည်ကန် ပေါင်း ၂၇၀၀ ကျော်ကို တွေ့ရတယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက်နေ့ထုတ် Global Witness အစီရင်ခံစာက ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မြေရှားသတ္တုတန်ချိန် နှစ်သိန်း ရှစ်သောင်းလောက်ထွက်ရှိခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံက တန်ချိန် တစ်သိန်း ခြောက်သောင်း ရှစ်ထောင်နဲ့ ပထမ၊ အမေရိကန်က တန်ချိန် လေးသောင်း သုံးထောင် နဲ့ ဒုတိယ၊ မြန်မာနိုင်ငံက တန်ချိန် နှစ်သောင်း ခြောက်ထောင် နဲ့ တတိယ အများဆုံး တူးဖော်နေတာ ဖြစ်ပါတယ်။