နယ်မြေရှင်းလင်းရေးကြောင့် ခင်ဦးမှာ အရပ်သားခြောက်ထောင်ကျော် ထွက်ပြေး

RFA Burmese
2023.07.02
နယ်မြေရှင်းလင်းရေးကြောင့် ခင်ဦးမှာ အရပ်သားခြောက်ထောင်ကျော် ထွက်ပြေး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်နေသောကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဇူလိုင်လ ၂ ရက် မနက်ကစလို့ စစ်ကောင်စီတပ်က မြို့အရှေ့မြောက်ခြမ်းနဲ့ အနောက်တောင်ခြမ်းမှာ စစ်ကြောင်းနှစ်ခုခွဲပြီး နယ်မြေ ရှင်းလင်းရေးလုပ်နေပါတယ်။

နယ်မြေရှင်းလင်းရေးကြောင့် ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၁၄ ရွာမှာနေထိုင်တဲ့ အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သား ၆၀၀၀ ကျော်ရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"အရှေ့ဆို အလယ်ရှို၊ အိုင်ပေါက်ကြီး၊ ရွာသစ်၊ ကန်သာယာ၊ ကွန်းတိုင်း၊ ညောင်ကန်၊ ထနောင်းကိုင်း၊ ယောက်သွားအိုင်။ အခုယောက်သွားအိုင်ဘက် ရောက်နေပြီဆိုတော့ ကုလားလူးတို့ဘက် ထပ်ရှောင်ရမှာပေါ့။ အနောက် ခြမ်းကျတော့ အင်းပတ်ရွာ၊ ရွာသစ်ရယ်၊ ချမ်းသာကုန်းရယ်၊ ညောင်ပင်ခြံ၊ ဆယ်ကြီးတို့ အဲဒီနားလေးပေါ့။ အရှေ့အနောက်ပေါင်းရင် အားလုံးခြောက်ထောင်လောက်နေမှာပေါ့"

ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းက ဒေသခံ ၃၅၀၀ နီးပါးနဲ့ အနောက်တောင်ခြမ်းက ဒေသခံ ၂၅၀၀ ဝန်းကျင် တိမ်းရှောင်ခဲ့ရတာလို့ သူက ပြောပါတယ်။

ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ အလယ်ရှိုရွာ က ရွာသားငါးဦးကို ဖမ်းဆီးသွားတယ်လို့ အလယ်ရှိုရွာခံ တစ်ဦးက ပြောပါတယ်။

"နွားလေးကောင်၊ ဝက်နှစ်ကောင် သတ်သွားတယ်။ လူငါးယောက်လောက် ဖမ်းသွားတယ်။ အထုပ်အပိုး ထမ်းရအောင်နေမှာ။ အသက် ၂၀ လောက်က သုံးယောက်၊ ၆၀ လောက်က နှစ်ယောက်၊ သူတို့က တောထဲမှာ နေကြတာဆိုတော့ နွားပြန်လွှတ်ကြ တာ၊ ကိုယ့်တဲကို။ နွားပြန်လွတ်ရင်းနဲ့ ခေါ်သွားတာ။ အခုအလယ်ရှို တောင်ဘက်က နေပြီးတော့မှ ယောက်သွားအိုင်ရွာကို အခုမီးရှို့နေတာဗျ။ မီးခိုးပဲ မြင်ရတယ်။ သူတို့ (စစ်ကောင်စီတပ်) အနားမကပ်ရဲတော့လေ။ အဝေးပဲ လှမ်းကြည့်နေရတယ်"

အလယ်ရှိုရွာက ပြန်ထွက်သွားတဲ့ စစ်ကောင်စီတပ်ဟာ အနီးနားက ယောက်သွားအိုင်ရွာကို ဇူလိုင်လ ၂ ရက်နေ့ မနက်မှာပဲ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နွားလေးကောင်၊ ဝက်နှစ်ကောင် သတ်သွားတယ်။ လူငါးယောက်လောက် ဖမ်းသွားတယ်။ အထုပ်အပိုး ထမ်းရအောင်နေမှာ"

အလားတူ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကြောင်းက ချမ်းသာကုန်းရွာ (ခ) အောင်ချမ်းသာရွာကို ဇူလိုင်လ ၂ ရက်နေ့ မနက် ၆ နာရီမှာ ဝင်ရောက်ခဲ့ပါတယ်။

လက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်တာကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ PDF တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ အလင်းရောင်အဖွဲ့ရဲ့ ခေါင်းဆောင်က RFA ကို ပြောပါတယ်။

"ရွာသစ်ကုန်းပျုရွာက ပျုတွေနဲ့ပေါင်းပြီး အင်အား ၂၅ ယောက်လောက်က ချမ်းသာကုန်းရွာကို မနက် ၃ နာရီလောက်ကတည်းက ဝင်ဖို့ ပြင်ဆင်နေတာ ကပ်တာပေါ့။ ၆ နာရီ ၅ မိနစ်လောက်မှာ သူတို့တိုက်မိုင်းတွေ မိသွားတယ်။ ရွာသစ်ကုန်း ခွေးခြံနဲ့ အင်းပတ်ကွေ့က ခွေးတွေ။ မိတဲ့အခါကျတော့ ချမ်းသာကုန်းရွာထဲရော၊ အင်းပတ်ရွာထဲရော လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ဝင်တဲ့အခါကျတော့ ပြည်သူတစ်ယောက်ပေါင်ကို ထိမှန်တယ်။ အသက် ၆၀ ဝန်းကျင် အမျိုးသား တစ်ယောက်ပေါ့"

ချမ်းသာကုန်းရွာသား အသက် ၆၀ အရွယ် ဦးသန်းဝင်းဟာ ရွာထဲမှာ စစ်ကောင်စီတပ်နဲ့ တိုးပြီး ဘယ်ဘက်ပေါင်ကို သေနတ်နဲ့ပစ်ခံလိုက်ရတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သူက ပြောပါတယ်။

ဒီအပြင် ချမ်းသာကုန်းရွာက ဒေသခံလေးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး သွားတယ်လို့ အလင်းရောင်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကံသစ်စံပြရွာမှ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကံသစ်စံပြရွာမှ နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံထားရသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ခပ်စိပ်စိပ် စစ်ကြောင်းထိုးနေတာကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ အရပ်သားတွေ မကြာခဏ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သား ၁ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဲဒီထဲက စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ခုနစ်သိန်းခြောက်သောင်းကျော် (၇၆၅,၂၀၀) ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။