မောင်တောကို လာရောက်ကြည့်ရှုတဲ့ ရိုဟင်ဂျာအဖွဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး တောင်းဆို

၂၀၁၇ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ခုနစ်သိန်းကျော်ထဲက နေရပ်ပြန်ရေးစီစဉ်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မောင်တော မြို့နယ်က ပြင်ဆင်ထားမှုအခြေအနေ တွေကို ဒီနေ့ မေလ ၅ ရက်နေ့မှာ ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ပြန်လာမယ့်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အဲဒီကိုယ်စားလှယ်တွေက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

အဲဒီအဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူ ခုနစ်ဦးနဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀ ဦး စုစုပေါင်း ၂၇ ဦး ပါဝင်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက တောင်ပြိုလက်ဝဲ၊ ငါးခူရနဲ့ လှဖိုးခေါင် ကြားစခန်းတွေကို သွားရောက်လေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုသွားရောက်လေ့လာစဉ် ရိုဟင်ဂျာကိုယ်စားလှယ်တွေက- နေရပ်ပြန်လာမယ်ဆိုရင် သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီး မြန်မာဘက်က တာဝန်ရှိသူတွေကတော့ National Verification Card (NVC) ကို ပထမဆင့်အနေနဲ့ ပေးအပ် မယ်လို့ ပြောဆိုခဲ့ကြောင်း ဒီကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ကူတုပါလောင် ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က NVC ပေးမယ်၊ ပြီးတော့ လက်ခံမယ် အဲဒီလိုရှင်းပြတာ ရှိပါတယ်။ NVC ဆိုတာက ဧည့်သည်ပါပဲ။ NVC ကိုင်ရမယ်ဆိုရင် မွေးရာပါ နိုင်ငံသားအခွင့်အရေး အပါအဝင် ကျွန်တော်တို့ ပိုင်ဆိုင်မှုပေါ့ နော် နိုင်ငံသားဖြစ်ခွင့် ဒါတွေ ကျွန်တော်တို့ ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဒီက တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မြန်မာဘက်က ရှင်းတယ်ဆိုရင် ကျွန်တော်တို့ကို တိုင်းရင်းသားအခွင့်အရေးပေးလည်း ရတာပဲ။ ကျွန်တော်တို့လည်း ဒီနိုင်ငံသားပဲ"

မွေးရာပါ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်ထားပြီး နေရပ်ပြန်ဖို့ ဖိတ်ခေါ်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ရိုဟင်ဂျာတွေအတွက် အဆင်မပြေဘူးလို့ သူက ဆိုပါတယ်။ သူဟာ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်ပြီး နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုရင် နေရပ်ပြန်ဖို့ စာရင်းပေးထားသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသား ပြုခွင့်ရသူဆိုပြီး သုံးမျိုး သတ်မှတ်ထားပါတယ်။

နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ဘက် ခြမ်းက ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ပြန်လာမယ့်သူ တွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ အချိန် နှစ်လကြာ ယာယီထားပေးမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ စာရင်းတွေအရ ၂၀၁၇ နယ်မြေရှင်းလင်းရေးအပြီးနဲ့ ၂၀၁၇ မတိုင်ခင်ကတည်းက ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတယ်လို့ သိရပါတယ်။

"ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတာက ရိုဟင်ဂျာတွေကိုယ်တိုင်အသိဆုံးပဲ။ ဒါကြောင့် တရားမျှတမှုမရဘဲနဲ့ ရိုဟင်ဂျာတွေက ပြန်မလာပါဘူး"

တစ်သန်းကျော်ထဲက တစ်ထောင်ကျော်ကိုပဲ ပြန်ခေါ်ဖို့ စီစဉ်နေတာက လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မေလ ၂၄ ရက်နေ့ (ICJ) မှာ ထုချေလွှာတင်ရမယ့်ကိစ္စအတွက် စစ်ကောင်စီဘက်က ကြိုတင်ပြင်ဆင်နေတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတုပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“တစ်ထောင်လောက်ပဲ နေရပ်ပြန်ခေါ်မယ်ဆိုတာက ဒါကတော့ ICJ မှာ ၂၄ ရက်နေ့ အတွက် မြန်မာဘက်က အစီရင်ခံစာ တင်သွင်းဖို့ ရှိတယ်။ အဲဒါနဲ့ တိုက်ဆိုင်ပြီးတော့ ဒီဒုက္ခသည်တွေကို ခေါ်မယ်ဆိုတာက သူက အမှန်တကယ် ခေါ်ချင်လို့ ခေါ်တာတော့ မဟုတ်ပါဘူး။ သူက ICJ အတွက်ပဲ ခေါ်တာပါ။ ICJ အမှုလျော့အောင် ICJ မှာ တိုးတက်မှုတွေ ရှိတယ်ဆိုပြီးတော့ အဲဒီမှာ အစီရင်ခံစာ တင်လို့ရအောင် နိုင်ငံရေး အမြတ်ထုတ်နေတာပါပဲ”

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး (ICJ) မှာ အမှုရင်ဆိုင်နေရပြီး ဧပြီ ၂၄ ရက်နေ့မှာ ခုခံချေပလွှာ တင်သွင်းရမှာပါ။ အဲဒီနေ့မှာ မတင်ပြနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ၂၀၂၄ ဖေဖော်ဝါရီ ၂၄ ရက်အထိ ၁၀ လကြာ ရွှေ့ဆိုင်းပေးဖို့ မတ်လ ၁၄ ရက်နေ့ကတည်းက (ICJ) ကို တင်ပြခဲ့ပါတယ်။

မောင်တောမြို့နယ် ငါးခူရနဲ့ တောင်ပြိုလက်ဝဲ စခန်းများကို လာရောက်ကြည့်ရှုခဲ့သည့် ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
မောင်တောမြို့နယ် ငါးခူရနဲ့ တောင်ပြိုလက်ဝဲ စခန်းများကို လာရောက်ကြည့်ရှုခဲ့သည့် ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒါပေမဲ့ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လက်မခံတာကြောင့် တရားရုံးဘက်က ဒီတောင်းဆိုချက်ကို ပယ်ချလိုက်ပြီး အရင်သတ်မှတ်ရက်အစား အခု မေလ ၂၄ ရက်နေ့မှာ ခုခံချေပလွှာ တင်ပြဖို့ အချိန်တစ်လ ထပ်တိုးပေးလိုက်ကြောင်း (ICJ) တရားရုံးက ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုလို ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ စီစဉ်နေတာဟာ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ အကြံပေးချက် ကြောင့် ဖြစ်တယ်လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင် က သုံးသပ်ပါတယ်။

"အဓိက ကတော့ စစ်ကောင်စီက တရုတ်ရဲ့ ဖိအားကို မလွန်ဆန်နိုင်ဘူး။ နောက် တစ်ဖက်ကနေပြီးတော့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ အကြီးမားဆုံးထဲမှာ ပါနေတယ်။ ဒီနှစ်နိုင်ငံလုံးက တရုတ်ရဲ့ဖိအားကို တော်တော်လေး ခံနေရတယ်။ ဆိုတော့ ဒီကိစ္စကို ဖြစ်မြောက်အောင် ကြိုးစားနေတယ်။ နောက်တစ်ဖက် ကနေ ဆိုရင်လည်း စစ်ကောင်စီက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ကို ပစ်တဲ့ ပုံစံပဲ၊ တစ်ဖက်က အနောက်နိုင်ငံတွေနဲ့ အာဆီယံက ဖိအားပေးနေတာတွေရှိတယ်။ ဆိုတော့ ဒီကိစ္စကို Campaing အနေနဲ့ အသုံးချနေတာပဲ"

ရိုဟင်ဂျာလေ့လာရေးအဖွဲ့ လာရောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူရော၊ ရခိုင်ပြည်နယ် ပြောခွင့်ရသူကိုပါ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ မေလ-၂ ရက်က မြန်မာနိုင်ငံကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံခဲ့ပြီးပါပြီ။

တရုတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် အရင် ကတည်းက အိမ်ရှင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ရော စစ်ကောင်စီနဲ့ပါ ကြားဝင်ညှိနှိုင်းတာတွေ လုပ်ခဲ့ပါတယ်။

ဘယ်သူတွေ ကြားဝင်ညှိညှိ စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံရေးအစီစဉ်ဟာ ဟန်ပြသက်သက်သာ ဖြစ်တာမို့ ရိုဟင်ဂျာတွေအနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် တရားမျှတမှု ရရှိဖို့ကိုသာ ကြိုးစားသင့်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာအရေး အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုး က ပြောပါတယ်။

"စစ်ကောင်စီ စစ်တပ်က ဘယ်တုန်းကမှ ရိုဟင်ဂျာတွေအပေါ်မှာ ကောင်းမွန်တဲ့ စိတ်ဓာတ်၊ စိတ်စေတနာ မရှိခဲ့ဘူး။ အခုလည်း မရှိဘူး၊ နောင်လည်း ရှိမှာ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ ပြန်ခေါ်ဖို့ လုပ်ခဲ့တာက ဒီတစ်ကြိမ် မဟုတ်ဘူး၊ အရင်တုန်းကလည်း အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ အထမမြောက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာတွေ ကိုယ်တိုင်က စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေ၊ လူသားဖြစ်မှုအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ဆက်တိုက်ကျူးလွန်တဲ့ဟာတွေ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု လုပ်ခဲ့တယ်ဆိုတာက ရိုဟင်ဂျာတွေကိုယ်တိုင် အသိဆုံးပဲ။ ဒါကြောင့် တရားမျှတမှု မရဘဲနဲ့ ရိုဟင်ဂျာတွေက ပြန်မလာပါဘူး"

ထပ်မံရရှိတဲ့သတင်းအရ မောင်တောမြို့နယ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ညနေပိုင်းကပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ထွက်ခွာသွား ပြီလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရပြီး ရိုဟင်ဂျာ ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးခဲ့ရပါတယ်။ ဒါဟာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်တယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကျူးလွန်မှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်ကစလို့ အမှုဖွင့် တိုင်ကြားထားတာပါ။ ဒီအမှုကို မြန်မာဘက်က ကန့်ကွက်ခဲ့ပေ မယ့် တရားရုံးက လက်မခံဘဲ ဆက်လက်ကြားနာစစ်ဆေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်လယ် ပိုင်းမှာ ဆုံးဖြတ်ထားပါတယ်။