ရိုဟင်ဂျာအရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေဟာ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ်စေနိုင်သလား။ နိုင်ငံတကာဖိအားတွေကြောင့် တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပြောင်းလဲလာဖို့ တွန်းအားတွေ ဖြစ်လာမလားဆိုတဲ့အပေါ် မြန်မာ့အရေး အကဲခတ်သူတွေရဲ့ အမြင်တွေကို မေးမြန်းပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~~~~~
မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားများ
(နန္ဒာချမ်း)
■ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ အတော်လေး အရှိန်မြင့် လာနေပါတယ်။ ပြီးခဲ့တဲ့တပတ်ကပဲ EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကနေ ပြန်သွားပြီးနောက်ပိုင်း… နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို NLD အစိုးရက မဖြေရှင်းနိုင်ဘူးဆိုရင် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။
ဒီ့မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်စုံစမ်းရေး မစ်ရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးရတဲ့အထိ ဖြစ်လာခဲ့တယ်။ အဲဒီကမှတဆင့် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ ဆက်ပြီးကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး၊ သြစတြေးလျအစိုးရကလည်း ရိုဟင်ဂျာကိစ္စနဲ့ပဲ တပ်မတော်အရာရှိကြီး ၅ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ မကြာသေးခင်က လုပ်ခဲ့သလို၊ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေကလည်း မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီနေတာတွေရပ်ဖို့ သြစတြေးလျအစိုးရကို တိုက်တွန်းနေကြတာပါ။
အခုလို ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေ တိုးလာနေတာဟာ မြန်မာ့ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် NLD အစိုးရရဲ့ ကြိုးပမ်းမှုတွေမှာ အထောက်အကူတွေ ဖြစ်စေနိုင်ပါသလား။ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦး ဖြစ်ခဲ့သူ ဒေါက်တာမင်းဇော်ဦးကတော့… ဒီဖိအားတွေဟာ မြန်မာ့အနာဂတ်အတွက် နောက်ပြန်ဆုတ်မယ့်ခြေလှမ်းလို့ ယူဆပါတယ်။
“ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဖိအားတွေဟာ လက်ရှိ ဒီမိုကရေစီ အပြောင်းအလဲရော၊ အမျိုးသား ရင်ကြားစေ့ရေး အတွက်ရော အနှုတ်လက္ခဏာ ပိုပြီး ဆောင်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရကရော တပ်မတော်ဘက်ကရော အပြောင်းအလဲ အများဆုံးလုပ်ခဲ့တဲ့ ကာလက ၂ဝ၁၁ ကနေ ၂ဝ၁၅ အတွင်းမှာ အဓိက နံပါတ် ၁ အကြောင်းရင်းကတော့ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ ကျယ်ကျယ် ပြန့်ပြန့် ဆက်ဆံနိုင်ဖို့ဆိုရင် ပိုပြီးတော့ ပြောင်းလဲမှုတွေ လုပ်ရမယ်ဆိုတဲ့ အခြေခံနဲ့ အပြောင်းအလဲတွေ လုပ်ခဲ့တာဖြစ်တယ်။ ဥပမာဆိုပါစို့ - တပ်မတော်မှာဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်အဆင့်ထိ၊ တပ်မမှူးအထိ ထောင်တွေချပစ်တာတို့ ဘာတို့ လုပ်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ဒီရခိုင်ကိစ္စတွေ ဖြစ်လိုက်ပြီးတဲ့အခါမှာ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုထက်စာရင် အစိုးရနဲ့ တပ်မတော်ကြားမှာ ပိုပြီးတော့ ကွာဟမှုတွေ၊ တင်းမာမှုတွေ၊ ပွတ်တိုက်မှုလေးတွေ တွေ့လာရပါတယ်။ နောက်တခု… အခု နေပြည်တော်မှာ လုပ်သွားတဲ့ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့တဲ့ဟာမျိုး နိုင်ငံတကာ ဖိအားတွေကြောင့် လုပ်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ တကယ်တမ်းကကျတော့ တပ်မတော်ဘက်က ဘာမှ ရပ်တည်ချက်ပြောင်းတာမဟုတ်ဘူး။ အဲ့လို မတွေ့ရဘူးဆိုတော့ ကျနော်တို့ လက်ရှိ ဖြတ်သန်းမှုတွေအရ တွေ့ရှိချက်တွေအရ ကတော့ နိုင်ငံတကာဖိအားကြောင့် သိသိသာသာကြီး ပြောင်းသွားတာထက် ပိုပြီးတော့ တပ်မတော်ကို တင်းမာတဲ့ လမ်းကြောင်းပေါ် ပို့လိုက်သလိုဖြစ်တယ်ဆိုတာတော့ တွေ့နေရတယ်ခင်ဗျ”
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းကတော့… NLD နဲ့ နိုင်ငံတကာအကြား ဦးစားပေးမှုချင်း မတူဘူးလို့ သုံးသပ်ပါတယ်။
“ကျနော်မြင်တာကတော့ နိုင်ငံတကာနဲ့ လက်ရှိ မြန်မာအစိုးရအပိုင်းပေါ့နော် သူတို့ရဲ့ ဦးတည်ချက်တွေထဲက ၂ ခုက ကွဲပြားတဲ့ အနေအထားမျိုးရှိတယ်။ နောက်တခုကတော့ ဦးစားပေးတဲ့ လုပ်ငန်းတွေလည်း ကွဲပြားမှုရှိတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် နိုင်ငံတကာဘက်က ပြောမယ်ဆိုရင် အခု တဘက်နိုင်ငံမှာရောက်နေတဲ့ ဒုက္ခသည်ပေါ့နော် အခု တနှစ်ကျော်လာတဲ့အထိ ဒီလူတွေက မပြန်ရသေးဘူးဆိုတော့ နိုင်ငံတကာအတွက်ကျတော့ အရေးတကြီး စဉ်းစားရမယ့် အရေးပေါ် ကိစ္စလို ဖြစ်တာပေါ့နော်။ နောက်တခုကျတော့လည်း နိုင်ငံတကာဘက်က စဉ်းစားတာ က အခုလို ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက်က ဒီအတိုင်းပဲ လွှတ်ပေးလိုက်ရတယ်ဆိုတာမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ အရေးယူမှုတွေ မြင်ချင်တယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်က စဉ်းစားတဲ့ပုံစံကျတော့ အခုလက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက လုပ်နေတဲ့ တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသားလက်နက်ကိုင်ပေါ့နော် ဒါကို ဦးစားပေးပြီး လုပ်ချင်တယ်ဆိုတဲ့သဘောမျိုး တွေ့ပါတယ်။ အဲတော့ နှစ်ဘက်မှာ ဒီစဉ်းစားချက်တွေလည်း ကွာတယ်။ နောက်တခုက ဦးတည်ပြီး လုပ်နေတဲ့ကိစ္စတွေလည်း ကွာတယ်လို့ ထင်ပါတယ်။ သေချာတာကတော့ နိုင်ငံတကာ ဖိအားတွေက ပိုများလာတယ်ပေါ့”
နိုင်ငံတကာဖြစ်စေချင်သလို ရိုဟင်ဂျာတွေကို ပြန်လက်ခံပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ကိစ္စဟာ NLD အစိုးရအတွက် ခေါင်းခဲစရာ ဆိုတာကတော့ သေချာနေပါပြီ။ ဒါဆိုရင် နောက်ပြဿနာတခုဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ကရော… ဒါကလည်း ယိုင်နဲ့နဲ့ဆိုတဲ့ အသံတွေက တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အတော်လေး ကြားလာနေရပါတယ်။
အခုနောက်ဆုံး ကြားဖြတ်ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက ၆ နေရာလောက် ရှုံးနိမ့်ခဲ့တာပါ။ ဒီအချက်တွေကိုကြည့်ရင် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် NLD မှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါပြီ။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် NLD မှာ ဘယ်လို ထွက်ပေါက်ရှိနိုင်မလဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေသူ ဦးတင်မောင်သန်းကတော့… NLD ရဲ့ ကြွေးကြော်သံတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ပြီလို့ ဆိုပါတယ်။
“တိုတိုပြောရရင်တော့ ကြွေးကြော်သံ ၂ ခုကို အကောင်အထည်ဖော်ဖို့ပေါ့နော် ပထမကြွေးကြော်သံဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီ။ ဒုတိယကြွေးကြော်သံဖြစ်တဲ့ ပြည်သူနဲ့အတူ။ အဲဒီကြွေးကြော်သံ ၂ ခုနဲ့ညီတဲ့ အလုပ်အဖွဲ့တခု၊ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း၊ စဉ်းစားဆွေးနွေး ပြောဆိုနိုင်မယ့် ပုဂ္ဂိုလ်တွေ၊ ပြီးတော့ လက်တွေ့လည်း အကောင်အထည် ဖော်ဖူးတဲ့၊ နိုင်ငံတကာ အတွေ့အကြုံလည်းရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလုပ်အဖွဲ့လေးတခု ဖွဲ့ရင် - အဲဒီ အလုပ်အဖွဲ့ကနေမှ ဘယ်လိုမျိုးနဲ့ လက်ရှိ ကြုံနေရတဲ့ ပြဿနာတွေကို ကျော်လွှားမယ်လို့ ဆောင်ရွက်လို့ ရမယ်ထင်လဲ။ ဥပမာအားဖြင့် ပြောင်းလဲချိန်တန်ပြီလို့ ပြောတဲ့ အခါမှာ အဲဒီ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားဟာ စီးပွားရေးအားဖြင့်ဆိုရင် ဘာကို ဆိုလိုတာလဲ။ အုပ်ချုပ်ပုံအနေနဲ့ဆိုရင် ဘာကို ဆိုလိုတာလဲ။ ဘယ်အတိုင်းအဆထိ သွားမှာလဲ။ နိုင်ငံတကာမှာ တိုးတက်သွားတဲ့ နိုင်ငံတွေက ဘယ်လိုမူဝါဒတွေ ကျင့်သုံးပြီးတော့ ဘယ်လို အုပ်ချုပ်ပုံစနစ်တွေနဲ့ သွားသလဲ။ အဲဒီအတွက် မြန်မာနိုင်ငံကရော ဘယ်လောက် အတိုင်းအတာထိ ကူးသွားလို့ ရမလဲ။ ဒါက ပထမဆုံး ကြွေးကြော်သံနဲ့ ပတ်သက်ပြီး”
“ဒုတိယကြွေးကြော်သံ - ပြည်သူနဲ့အတူဆိုတဲ့အခါကျတော့ ပြည်သူထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းအသီးသီးတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်တယ်။ အဲဒီထဲမှာ အောက်ခြေဝန်ထမ်းတွေရဲ့ အသံကိုလည်းနားထောင်ဖို့ လိုအပ်တယ်။ အပေါ်မှာ ကြုံနေကြတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးပြီးတော့ ညွှန်ကြားရေးမှူးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေထက်မကဘဲ သူတို့အသံ လည်း နားထောင်ရမယ်။ အောက်ခြေကအသံကိုလည်း နားထောင်။ အဲဒါဆိုရင် ဘယ်လို လမ်းကြောင်းနဲ့ ထွက်မယ်၊ ဘယ်လို လမ်းကြောင်းနဲ့ အကျပ်အတည်းကို ကျော်လွှားမယ်ဆိုတာတွေ ရလာလိမ့်မယ်။ အဲလိုပဲ ယူဆပါတယ်”
ဒီလို ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအပြင် လက်ရှိ မြန်မာ့စီးပွားရေးအခြေအနေကလည်း တိုးတက်မှုနှုန်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။ အဓိကကတော့ ရေကြီးမှု၊ ငွေကြေးမတည်ငြိမ်မှုနဲ့ ရခိုင်ပြဿနာတွေကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်လာဈေးတက်ပြီး မြန်မာငွေ တန်ဖိုးကျလို့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ပြည်သူတွေ ညည်းတွားသံတွေလည်း ထွက်ပေါ်လာနေပါပြီ။ ဒီလို ဘက်ပေါင်းစုံ ကြုံတွေ့နေရတဲ့ ပြဿနာတွေကနေ ရုန်းထွက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေအလယ်မှာ တိုးတက်ချမ်းသာတဲ့ နိုင်ငံတခု ဖြစ်လာတော့မယ်ဆိုတဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ ရေစုန်မှာ မျောရတော့မှာလား ဆိုတာကိုတော့ ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် ၂ နှစ်ခွဲဆိုတဲ့ အချိန်အတွင်းမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။