စာသင်ကျောင်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလုပ်ဆောင်လာ
2023.06.06

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်မှုအားကောင်းတဲ့ ဒေသတွေမှာ စာသင်ကျောင်းတွေပါမချန် လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ကျောင်းဖွင့်ရာသီ ပြန်ရောက်လာတဲ့ ဒီသီတင်းပတ်အတွင်းမှာ တိုက်ခိုက်မှုတွေက ပိုတိုးလာတယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဒီသီတင်းပတ်တွေအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေကို လေကြောင်းက တစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ပြောထားပါတယ်။
“ကနီမှာဆိုရင်လည်း လေယာဉ်နဲ့ပစ်တာ၊ နမခ လေယာဉ်ကွင်းထဲက တက်လာတဲ့ လေယာဉ်လို့ သိရတယ်။ ဒီလိုပဲ ကလေးမှာလည်းဖြစ်တယ်။နောက်တနင်္သာရီတို့ ဘာတို့ဘက်တွေမှာ နေရာအနှံ့မှာ ခပ်စိပ်စိပ်လေးကြားလာရတယ်။ အခုသူတို့လုပ်နေတာတွေက စစ်ရာဇဝတ်မှုကို အတိအကျ ကျူးလွန်နေတာဖြစ်တယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ မလုပ်ရဘူးဆိုတဲ့အလုပ်တွေကို နေ့ဓဒူဝ ကျူးလွန်နေတာဖြစ်တယ်။ ပြီးတော့ သူတို့ပစ်ခတ်နေတဲ့ စာသင်ကျောင်းတွေဆိုတာ PDF တွေ လွှမ်းမိုးတဲ့နေရာတွေ၊ သူတို့ဘယ်လိုမှကို အုပ်ချုပ်လို့မရတဲ့ နေရာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတယ်။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ဦး ပြောသွားတာပါ။

မြန်မာနိုင်ငံတစ်ဝန်းမှာ ဇွန်လ ၁ ရက်နေ့ကစလို့ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေကော၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံစာသင်ကျောင်းတွေပါ ပြန်ဖွင့်နေတာပါ။ စစ်ကောင်စီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သူတို့ ဖွင့်လှစ်တဲ့ကျောင်းတွေမှာ အပ်နှံထားသူ ကျောင်းသား ၆ သန်းခွဲနီးပါးရှိကြောင်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လေတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဇွန်လ ၅ ရက်နေ့က ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီမြို့နယ်က ဒေသခံတွေက ပြောပါတယ်။

စာသင်ကျောင်းမှာ ကျေးရွာလူကြီးတွေ အစည်းအဝေးလုပ်ချိန် ဖြစ်လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ CNO Upper Chindwin Region – UCR က ဇွန်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရွာမှာစာသင်နေတဲ့ ကလေးတွေကျောင်းမတက်ရဲအောင်ခြိမ်းခြောက်တာလို့ ယူဆကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေကို သိထားတဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ (ကလေးဒေသ) တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက စစ်ကောင်စီဟာ သူတို့လက်အောက်ခံမဟုတ်တဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ပြောပါတယ်။
“ကျောင်းကို တိုက်ခိုက်ချေမှုန်းတယ်ဆိုတာကတော့ အဖြေကတော့ရှင်းပါတယ်။ သူတို့ရဲ့ ပညာရေးစနစ်က လုံးဝကို ကျိုးပဲ့နေတယ်။ ဒါကိုပြည်သူတွေက သိထားပြီးသား။ ပြည်သူတွေက လက်ခံတယ်။ ဒါပေမဲ့ သူတို့ဟာ အာဏာရှင်ထုံးစံအတိုင်းပဲ သူတို့အောက်မှာပဲ စာသင်ရမယ်။ သူတို့ပြောတဲ့အတိုင်းပဲ လုပ်ရမယ်။ နေရမယ်ဆိုတဲ့ ပုံစံကို ရိုက်သွင်းချင်တယ်။ သူတို့နဲ့ မပူးပေါင်းတဲ့ ကျောင်းတွေဆိုရင် အကြောင်းမဲ့ သပ်သပ် ပစ်ခတ်တယ်။ ဒါကတော့ ကျွန်တော်တို့ တစ်နယ်ထဲမဟုတ်ဘဲ တခြားနယ်တွေလည်း အဲ့လိုတွေ ဖြစ်ခဲ့ပြီးသား ဖြစ်မယ်လို့ ကျွန်တော်တို့လည်း ထင်မိတယ်။”
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တစ်လုံးပျက်စီးပြီး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ AAPP က ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီနေရာမှာ တိုက်ပွဲမရှိဘဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 က ကျောင်းပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ AAPP ကဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနီမြို့ခံတစ်ဦးက စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
“ကလေးတွေဆိုတာကတော့ လွတ်လပ်စွာ ပညာသင်ကြားခွင့်သင်ယူခွင့်ဆိုတာမျိုးရှိနေရမှာ။ စာသင်ကျောင်းဆိုတဲ့ အဆောက်အဦတွေမှာ စစ်ရေးအရ ပစ်မှတ်တွေဖြစ်လို့မရဘူး။ အဲ့ဒီဟာကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ တော်တော်လေးကို ရက်စက်ယုတ်မာတယ်လို့ပဲ သဘောထား ပေးချင်ပါတယ်။”
ဇွန်လ ၆ ရက်နေ့ မနက်အစောပိုင်းမှာလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဆံဖလားကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတဲ့အတွက် ကျေးရွာစာသင်ကျောင်းနဲ့ လူနေအိမ် လေးလုံးပျက်စီးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲ့ဒီရွာမှာ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက စာမသင်ရဲ ဖြစ်နေကြတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။
KNU တပ်မဟာ ၆ နယ်မြေမှာ ဧပြီလနဲ့ မေလအတွင်း လေတပ်က ၃၁ ကြိမ်ဗုံးကြဲခဲ့ပြီး၊ ကြည်းတပ်က ၁၈၄ ကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်း သုံးကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ ဆေးပေးခန်း နှစ်ခန်း၊ နေအိမ်ပေါင်း (၃၈၇) လုံး ပျက်စီးခဲ့သလို၊ ထွက်ပြေးတိမ်းရှောင်ရတဲ့သူ ၂၃၀၂၁ ဦးအထိရှိတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
စာသင်ကျောင်းတွေ လေကြောင်းသုံးတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင် စတဲ့တိုင်းနဲ့ပြည်နယ်တွေက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေရတာတွေရှိပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေက စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ နိုင်ငံတကာ အကူအညီကို မျှော်လင့်နေပါတယ်။
တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ Burma Campaign UK လို မြန်မာအရေးလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ မြန်မာပြည်ကို လေယာဉ်ဆီတင်သွင်းရောင်းချနေတဲ့ ကုမ္ကဏီတွေကို ရပ်ဆိုင်းဖို့ တွန်းအားပေးတောင်းဆိုမှုတွေရှိနေပြီး စစ်ကောင်စီကတော့ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။