ဆမီးမြို့ကနေ ပြန်ပို့ခံရတဲ့ ချင်းဒုက္ခသည်တွေ အခက်အခဲဖြစ်နေ
2023.04.13

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ကနေ သူတို့ဆန္ဒမပါဘဲ မူလရွာတွေကို ပြန်ပို့ခံရတဲ့ စစ်ဘေးဒုက္ခသည် ၁၅၀၀ ကျော်ဟာ စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရာသီမှာ တောင်ယာလုပ်ဖို့လည်း အချိန်မမီတော့တာကြောင့် ရေရှည်အတွက်ပါ ခက်ခဲနေ တာလို့ နေရပ်ပြန်ပို့ခံရတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
“အခက်အခဲတော့ရှိတယ်။ ဆမီးကနေ ရွာကို စက်လှေနဲ့ လေးနာရီသွားရတယ်။ လေးနာရီ ဆိုတော့ အသွားခ စက်လှေနဲ့ ခုနစ်သောင်းပေးရတယ်။ အိမ်ထောင်တစ်စုကို ခုနစ် သောင်း၊ ရှစ်သောင်းတောင်းပါ တယ်။ အဲဒါအတွက်လည်း အခက်အခဲရှိတယ်။ ရွာရောက် ရင်လည်း စားဝတ်နေရေး လုံးဝအဆင်မပြေဘူး။ တောင်ယာလုပ်ဖို့လည်း အခုက အချိန် မမီတော့ဘူး။ အိမ်ဆောက်ဖို့ မိုးကာတို့၊ တာလပတ်တို့၊ အိမ်ခေါင်မိုးတွေရော လုံးဝ အဆင်မပြေဘူး။ အခက်အခဲရှိတာပေါ့။ ပလက်ဝမြို့နဲ့လည်းဝေးတယ်။ ဆမီးမြို့နဲ့လည်း ဝေးတယ်ဆိုတော့ လုံးဝအဆင်မပြေဘူး။ အခက်အခဲတော့ဖြစ်တယ်”
ပလက်ဝမြို့နယ် မီးလက်ဝ၊ မီးဇာချောင်း၊ ရုပ်ဝ၊ ကေသ စတဲ့ရွာတွေက လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့ အိမ်ထောင်စု ၃၆၀ ကျော်ဟာ ၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ဆမီးမြို့ကိုရောက်ပြီး ခိုလှုံခဲ့ကြရတာပါ။
“မပြန်မဖြစ် အကုန်ပြန်ရမယ်၊ စစ်ဘေးရှောင်တွေအကုန်ပြန်ရမယ်ဆိုပြီးတော့မှ စက်လှေသမားတွေကို ခေါ်ပေးပြီး စီစဉ်ပေးတာပေါ့"
ပြီးခဲ့တဲ့မတ်လထဲမှာ စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးအပါအဝင် ဌာနဆိုင်ရာအရာရှိ တွေနဲ့ ဆမီးမြို့ စစ်ဘေးဒုက္ခသည်တွေ တွေ့ဆုံဆွေးနွေးပွဲ သုံးကြိမ်လောက်ပြုလုပ်ခဲ့ပြီး စစ်ဘေးဒုက္ခသည်အားလုံး မူလနေရပ်ပြန်ကြဖို့အတွက် အိမ်ထောင်စုတစ်စုကို ငွေကျပ် တစ်သိန်းခွဲ၊ စစ်ဘေးဒုက္ခသည်တစ်ဦးကို ငွေကျပ် ကိုးထောင်စီပေးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အဲဒီနောက် မတ်လ ၂၈ ရက်နေ့မှာ နေရပ်ကို ပြန်ပို့ခဲ့တာပါ။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ ဆမီးမြို့မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၅၀၀ ကျော်ဟာ သူတို့ဆန္ဒသဘောအရ နေရပ်ပြန်တာဖြစ်ပြီး ကယ်ဆယ်ရေး စခန်းတွေကိုလည်း အပြီး ပိတ်သိမ်းလိုက်တယ်လို့ မတ်လ ၂၉ ရက်နေ့က ဖော်ပြထား ပါတယ်။
ဒါပေမဲ့ နေရပ်ပြန်ပို့ခံရတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ သူတို့ဆန္ဒအရ ပြန်တာမဟုတ်ဘဲ စစ်ကောင်စီက အတင်းအဓမ္မ ဖိအားပေးလို့သာ ပြန်ရတာလို့ ပြောဆိုကြပါတယ်။
စစ်ကောင်စီက နေရပ်ပြန်ပို့ချိန်မှာလည်း လမ်းစရိတ်လုံလုံလောက်လောက်မပေးဘဲ စက်လှေသမားကို ဓာတ်ဆီနှစ်ဂါလန်ခွဲပေးပြီး စီစဉ်ခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
“မပြန်မဖြစ် အကုန်ပြန်ရမယ်၊ စစ်ဘေးရှောင်တွေအကုန်ပြန်ရမယ်ဆိုပြီးတော့မှ စက်လှေသမားတွေကို ခေါ်ပေးပြီး စီစဉ်ပေးတာပေါ့။ ဓာတ်ဆီ နှစ်ဂါလန်ခွဲပေးတယ်။ အဲဒါမလုံလောက်ဘူးပေါ့။ ခရီးလမ်း တစ်ဝက်ပဲရောက်မှာပေါ့။ ကုန်ကျစရိတ်တွေ အကုန်ပေးမယ်ဆိုပြီးတော့ ကုန်ကျစရိတ်တွေကို အပြည့်မပေးဘူးပေါ့။ ပြန်တဲ့သူတွေ ရှိသော်လည်း ကျနော်တို့ မပြန်နိုင်သေးတာပေါ့”
ဒုက္ခသည်တွေကို ဖိအားပေးပြန်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီခန့်ထားတဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီက အတင်းအဓမ္မ နေရပ်ပြန်ခိုင်းပေမယ့် သူတို့ရဲ့ ရွာနဲ့ ပတ်ဝန်းကျင်တွေမှာ မြေမြှုပ်မိုင်းတွေ မရှင်းရသေးတာ၊ လမ်းစရိတ်အလုံအလောက်မရှိတာ၊ နေရပ်မှာ မိသားစု ဘဝကို ပြန်စဖို့ခက်ခဲနေတာ တွေကြောင့် မပြန်သေးတဲ့သူတွေလည်း ရှိနေတယ်လို့ ဆမီး မြို့ပေါ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“မပြန်ဘူးဆိုတာက အခုကျန်တဲ့သူတွေက စရိတ်တွေမရှိသေးဘူး။ စရိတ်တွေ မလုံလောက်လို့ မပြန်သေးဘူး။ အခက်အခဲကတော့ စားဝတ်နေရေး။ ရွာဘက်မှာက အခက်အခဲရှိလို့လေ။ စီးပွားရေးလည်းမရှိ၊ အလုပ်ကောင်းကောင်းလုပ်ဖို့လည်းမရှိ၊ ပိုက်ဆံရမယ့်အလုပ်တွေလည်း နည်းတယ်။ အန္တရာယ်တော့ ရှိနိုင်တာပေါ့။ ရွာမှာ နယ်မြေရှင်းလင်းရေးမှ မလုပ်သေးတာ။ အရင်က တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ နယ်မြေမရှင်းလင်းတော့ကြောက်တာပေါ့”
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့မန်နေဂျာ ဆလိုင်းတေရာကတော့ ဆမီးမြို့မှာ အေးချမ်းပြီး စစ်ဘေးဒုက္ခသည်မရှိတော့ဘူးဆိုတာ နိုင်ငံတကာကိုပြချင်လို့ သူတို့ကို မူလနေရပ် အတင်းပြန်ခိုင်းခဲ့ပုံရတယ်လို့ RFA ကို ပြောပါတယ်။
“အဓိကတော့ ကျနော်ထင်တာကတော့ အဲဒီနေရာဒေသတွေငြိမ်တယ်။ သူတို့အတွက် အမှတ်ယူဖို့ နိုင်ငံတကာပဲဖြစ်ဖြစ်၊ ပြည်တွင်းကသူတွေကိုဖြစ်ဖြစ် ကျနော်တို့နိုင်ငံ ငြိမ်းချမ်းပြီး IDP လည်း မရှိတော့ဘူး။ အခု သူတို့ပြန်သွားပြီး အဲဒီနေရာဒေသတွေကို ထိန်းချုပ်နိုင်ပြီ။ စစ်ပွဲမရှိတော့ဘူးဆိုတာကို ပြချင်လို့လုပ်တာ ဖြစ်နိုင်တယ်”
CHRO ရဲ့ စာရင်းအရ ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း ၈၅၆၀ ရှိပါတယ်။
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်တွင်း မှာပဲ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးရှိပြီး၊ အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေရတဲ့သူ လေးသောင်းကျော်နဲ့ မဏိပူရ်ပြည်နယ်မှာ တစ်သောင်းကျော် ရှိနေပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးနေရတဲ့သူ ၁ ဒသမ ၈သန်းကျော်အထိ ရှိနေ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။