ကလေးမြို့နယ်က စစ်ကောင်စီစခန်းငါးခုကို ကာကွယ်ရေးအဖွဲ့တွေ သိမ်းပိုက်
2025.02.17

Updated 4:30 PM, Feb 17,2025
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီရဲ့ တပ်စခန်းငါးခုကို ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ လေးရက်အတွင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ပါဝင်နေတဲ့အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အောင်သာယာ (ရွာသစ်၊ ရွာဟောင်း)၊ မှန်တော၊ ကြံသာနဲ့ ကမ္ဘားနီရွာက စခန်းငါးခုကို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။
“လက်ရှိသိမ်းထားတဲ့ စခန်းတွေကနေ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိထားပါတယ်”
အဲဒီစခန်းတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အင်အားတစ်ရာကျော် ချထားတဲ့အတွက် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ စခန်းတွေ ဖြစ်တယ်လို့ ကလေး-ကဘော်-ဂန့်ဂေါ ဒေသကာကွယ်ရေးအဖွဲ့ (KKG) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ပုံမှန်သိမ်းတာကတော့ ကမ္ဘားနီစခန်းပါ၊ သူတို့အတွက် အရေးအကြီးဆုံးက အဲဒီနေရာမှာ ထိုင်လိုက်ခြင်းဖြင့် ကျွန်တော်တို့အတွက် တော်တော်လေး အခက်တွေ့စေတဲ့အချက်ကို သူတို့ သိတယ်။ ပြီးတော့ အဲဒီနေရာမှာ သူတို့ထိုင်တဲ့အတွက်လည်း သူတို့ရဲ့အနောက်မှာ ကျန်ခဲ့တဲ့ ပျူစောထီးရွာတွေကို ကာကွယ်ရာလည်း ရောက်ဆိုတော့။ ၁၄ ရက်နေ့လောက်မှာ ပြန်ရယူဖို့ လုပ်လာတာတွေရှိတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဒါတွေကတော့ ပုံမှန်လုပ်နေကြပါပဲ”
လက်ရှိသိမ်းထားတဲ့ စခန်းတွေကနေ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းမိထားတယ်လို့လည်း ကလေးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဘက်က အားလုံး စခန်းငါးခုလောက်ကို သိမ်းထားပြီးပါပြီ။ လက်နက်အမြောက်အများလည်း ရရှိထားပြီးတော့ စကစရဲ့ စစ်သုံ့ပန်းတွေ မိထားတယ်ပေါ့။ ဗိုလ်ကြီးအဆင့်ရှိတဲ့ဟာတွေပေါ့။ နောက်တစ်ခါ နယ်မြေတွေလည်း တော်တော်လေး သိမ်းပိုက်ထားပါတယ်။ လောလောဆယ်တော့ မစ်ဆိုင်းဒုံးတွေနဲ့ ပစ်နေတယ်၊ မနေ့ညကတော့”
သိမ်းမိထားတဲ့ စစ်လက်နက်တွေနဲ့ သုံ့ပန်းတွေရဲ့ အခြေအနေ အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဆက်နွှယ်သောသတင်းများ
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း လူ ၁၂ ဦး သေဆုံး
ကလေးမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ
စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဇန်နဝါရီတစ်လအတွင်း အမျိုးသမီး ရှစ်ဆယ်ကျော် သေဆုံး
ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆတဲ့နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီး ဆယ်လုံးထက်မနည်း ပစ်ခတ်ခဲ့သလို တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကလေးမြို့ပေါ်မှာရှိတဲ့ အထိုင်စခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ တင်သား၊ ကုက္ကို၊ ရှားတော၊ နွားရွာ၊ ကျောက်ဖူးစတဲ့ ရွာပေါင်း ၁၅ ရွာခန့်က ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
“တောတွေ တောင်တွေထဲ ပြေးရတာ၊ နီးစပ်ရာတွေထဲ ပြေးရတာ၊ အရမ်းအေး၊ အရမ်းချမ်းတဲ့အခါ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်တာပေါ့။ ပြည်သူတွေကို ဒါရွေးပြီးတော့ လုပ်တာပေါ့”
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာကြောင့် တစ်လသားအရွယ် ကလေးတစ်ဦး အပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒါကြောင့် လေကြောင်းရန် သတိထားဖို့ ကာကွယ်ရေးတပ်တွေဘက်က ထုတ်ပြန်သတိပေးထားပါတယ်။
(မှတ်ချက်။ ။ဤဆောင်းပါးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် စစ်ဘေးဒုက္ခသည် ကူညီနေသူတစ်ဦး၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)