ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းရပ်နားထား
2023.11.24
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှာရှိတဲ့ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေ ဖမ်းဆီးမယ့် သတင်းထွက်နေပါတယ်။ ဒါကြောင့် အဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားအများစု ထိုင်းနိုင်ငံဘက်ကို ကူးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံဘက်ကူးပြီး တရုတ်ပြည်ပြန်သွားတာလို့ မျက်မြင်တွေရှိသူတွေက ပြောကြပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့ကစလို့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်နားခိုင်းထားပြီး အလုပ်သမားတွေကိုလည်း ထွက်သွားခိုင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ လုံခြုံရေးအရ စီးပွားရေး လုပ်ငန်းရှင်ရဲ့ အသံကို အစားထိုးတင်ပြထားပါတယ်။
"ဆောက်လုပ်ရေးခေါင်းဆောင်တွေ၊ ဆောက်လုပ်ရေးအဖွဲ့တွေ အကုန်လုံး သုံးရက်အတွင်းမှာ (နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး) အကုန်ပြန်ရမယ်တဲ့ နည်းနည်းထူးခြားမယ်ပေါ့၊ ကျွန်တော့်အသိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ယောက်ကတော့ နှစ်ရက်ပြီးရင် ပြန်မယ်ပေါ့၊ ရွှေကုက္ကိုမှာ အဲလိုဖြစ်တော့ မြဝတီက ဆောက်လုပ်ရေးလုပ်သူတွေကလည်း နည်းနည်းကြောက်ကုန်တာပေါ့"
အဲဒီထဲကို ဝင်ခွင့်မရလို့ တိုက်ဝန်းတွေထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ လူကုန်ကူးခံရတဲ့သူတွေ ထပ်မံ ရှိ၊ မရှိ အခြေအနေ အတိအကျကိုတော့ မသိရပါဘူးလို့ ဆိုပါတယ်။
"ကာစီနိုတွေ လာတိုက်မခံရအောင် အင်အားဖြည့်ထားတာမျိုးလိုတော့ ကြားတယ်"
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းရပ်ပြီး နေရပ်ပြန်သွားလို့ အဲဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ တရုတ်စကားပြန်တွေ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ တရုတ်စကားပြန် တစ်ဦးက ပြောပါတယ်။ လုံခြုံရေးအရ တရုတ်စကားပြန်ရဲ့ ပြောကြားချက်ကို အသံအစားထိုး တင်ပြထားပါတယ်။
"ဒီတစ်လ နှစ်လလောက်က အလုပ်မရှိဘူး၊ ငှားတဲ့လူမှ မရှိတာ၊ အလုပ်မရှိလို့ ပြန်ကြတာလည်းများတယ်၊ သူတို့ပြန်နေကြတော့ ဒီကအလုပ်သမားတွေ၊ တရုတ်စကားပြန်တွေ အလုပ်လက်မဲ့ ဖြစ်နေတယ်။"
ရွှေကုက္ကိုမြို့သစ်မှာ အွန်လိုင်းလောင်းကစားရုံ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ စားသောက်ဆိုင်၊ စတိုးဆိုင်၊ လိင်ဖျော်ဖြေရေးနဲ့ အရက်ဘားဆိုင်တွေဖွင့်ထားတဲ့ လုပ်ငန်းရှင် ငါးရာလောက်ရှိပြီး အများစုကပိတ်ပြီး ပြန်ကုန်ပေမဲ့ နှစ်ရာလောက်ကျန်နေသေးတယ်လို့လည်း အလုပ်လက်မဲ့ဖြစ်သွားတဲ့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ရွှေကုက္ကိုမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေထဲက အယောက်သုံးဆယ်လောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က အပြင်ထွက်ခွင့်ရပြီး တရုတ်ဈေးတန်းက ဟော့ပေါ့ဆိုင်မှာ စားသောက်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် ဟော့ပေါ့ဆိုင်လည်း ပိတ်သိမ်းခံရပြီး ရွှေကုက္ကိုမှာရှိနေတဲ့ နိုင်ငံခြားသားတွေ နယ်စပ်ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က နိုဝင်ဘာ ၃ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့ထိ တစ်လ ပိတ်ခဲ့ပါတယ်။
ဒီလိုသွားလာခွင့် တစ်လပိတ်ထားတဲ့ ကာလအတွင်းမှာပဲ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖမ်းတော့မယ့်သတင်းကြောင့် နယ်ခြားစောင့်တပ် (BGF) လှေဆိပ်တွေကနေ ထိုင်းဘက်ကို တရုတ်တွေကူးနေကြတာလို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောပါတယ်။ ရွှေကုက္ကိုမြို့သစ်ကို BGF အဖွဲ့က လုံခြုံရေးတာဝန်ယူထားတာဖြစ်ပါတယ်။
BGF အဖွဲ့က ရွှေကုက္ကိုမြို့သစ်အပြင် လေးကေကော်မြို့သစ်၊ မယ်ထော်သလေး KK Park၊ ကျောက်ခက်ကျေးရွာက ကာစီနိုရုံနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မြဝတီနယ်ခြားစောင့်တပ်ဂိတ်နေရာတွေမှာ တပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားတယ်လို့လည်း လေးကေကော်မြို့သစ်ဒေသခံတစ်ဦးက ပြောပါတယ်။ လုံခြုံရေးအရ လေးကေကော်ဒေသခံ ပြောတာကို အသံအစားထိုးတင်ပြထားပါတယ်။
"ကျွန်တော်တို့ လေးကေကော်ဘက်မှာဆို BGF တွေ အုပ်ချုပ်ရေးရုံးမှာရယ် ကျောင်းဝင်းထဲမှာရယ် အင်အား တစ်ရာလောက်ရှိတယ်၊ မယ်ဝါးခီးမှာလည်းရှိတယ် အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ ဖလူးမှာလည်းရှိနေတယ်၊ ကာစီနိုတွေ လာတိုက်မခံရအောင် အင်အားဖြည့်ထားတာမျိုးလိုတော့ ကြားတယ်"
ရွှေကုက္ကိုက အခြေအနေတွေနဲ့ ပတ်သက်လို့ ရွှေကုက္ကိုမြို့သစ် လုံခြုံရေးတာဝန်ယူထားတဲ့ BGF တပ်ဖွဲ့အပြင် ရထိုက်တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နဲ့ ထိုင်းသံရုံးတွေကိုလည်း အီးမေးလ်ကတဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဒီလပိုင်းတွေအတွင်း အပြင်းအထန် နှိမ်နင်းဖမ်းဆီးနေတာကြောင့် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမှာလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းလာနိုင်တယ်လို့ စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF တွေ နဲ့ နီးစပ်တဲ့ မြဝတီမြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်ထိတော့ ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးခံထားရသူတွေကို စစ်ကောင်စီက ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ မရှိသေးပါဘူး။
ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမြို့ အပါအဝင် မြဝတီမြို့နယ်ထဲက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လောင်းကစားရုံတွေကို စစ်ကောင်စီက ဖမ်းဆီးမယ်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနဲ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသက လွှတ်တော်ကိုယ်စားလှယ်ဟောင်းနဲ့ မိသားစုအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ သံသယရှိသူ သုံးသောင်းတစ်ထောင်ကို တရုတ်နိုင်ငံက လွှဲပြောင်းလက်ခံရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။