တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဒေသခံနှစ်ထောင်ကျော်ဟာ နှစ်နှစ်နီးပါးကြာတဲ့ ဒီနေ့အထိ နေရပ်မပြန်နိုင်သေးသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
တည်သီးတော၊ မတောင်၊ မန်ကျဉ်းကုန်း၊ ဆင်ညှပ်ကုန်း၊ ငါးဆူကုန်း၊ ဝင်းစီကုန်း၊ ဇီးဖြူကုန်း၊ ကြာညှပ်၊ ငါးလုံးပြွန်၊ ဥဒိန်၊ ရှားတော၊ ပေါက်ချိုင်၊ ဆိပ်ခွန်၊ ကျောက်မြင့်၊ ဒင်တဲ၊ ရေတော်မူ၊ မဲတော၊ မုတ်စီ၊ ပလိုင်း၊ ရွာသာ၊ ထူးကြီး၊ ကန်သာနဲ့ ဂုံနန် စတဲ့ ရွာပေါင်းနှစ်ဆယ်ကျော်က ဒေသခံ နှစ်ထောင်ကျော်ဟာ ၂၀၂၂ ခုနှစ် မေလကတည်းက ထွက်ပြေးနေရတာပါ။
"စားဝတ်နေရေးကတော့ တော်တော်လေး ကျပ်တည်းတာ။ ရွာလုံးကျွတ် ထွက်ပြေးနေရတာပဲ"
သူတို့ရဲ့ ရွာတွေဟာ ရွာလုံးကျွတ်မီးရှို့ခံခဲ့ရသလို လက်ရှိအထိ စစ်ကောင်စီတပ်က စခန်းချထားတယ်လို့ ဆိုပါတယ်။
ထွက်ပြေးနေရတဲ့ တည်သီးတောရွာခံတစ်ဦးက အလုပ်မရှိဘဲ စစ်ရှောင်နေရတာ နှစ်နှစ်နီးပါးကြာလာတာကြောင့် နေရေးထိုင်ရေးထက် စားဝတ်နေရေး ပိုကျပ်တည်းနေပြီလို့ RFA ကို ပြောပါတယ်။
“အလုပ်မရှိဘဲ မိသားစုလိုက် ပြေးနေကြရတာဆိုတော့ လောလောဆယ်တော့ စားဝတ်နေရေးပါပဲ၊ နေစရာကတော့ ဘုန်းကြီးကျောင်းတွေ ကပ်နေပါတယ်။ စားဝတ်နေရေးကတော့ တော်တော်လေး ကျပ်တည်းတာ။ ရွာလုံးကျွတ် ထွက်ပြေးနေရတာပဲ။ အခုလည်း တောထဲနေ နေရတာပဲ။ ဖြစ်သလိုနေပြီး လုပ်စားနေကြရတာပါပဲ ”
စစ်ဘေးဒုက္ခသည်တွေထဲက ကျန်းမာရေးမကောင်းသူတွေနဲ့ အသက်အရွယ်ကြီးသူတွေလည်း ရာသီတုပ်ကွေး ဖြစ်နေတာကြောင့် အရေးပေါ်သုံးဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ရှားတောရွာခံတစ်ဦးက ဘာမှသယ်ချိန်မရဘဲ ထွက်ပြေးခဲ့ရတာကြောင့် အလှူရှင်တွေရဲ့ အကူအညီနဲ့ နေနေရပြီး လက်ရှိမှာ အခက်အခဲမျိုးစုံနဲ့ ဒုက္ခရောက်နေကြရတယ်လို့ RFA ကို ပြောပါတယ်။
"လောလောဆယ်တော့ သူများကျွေးတာမွေးတာစားပြီး မှီခိုစရာရှိတဲ့ နေရာလေးတွေမှာ မှီခိုနေကြရတာပေါ့။ ရွာပြန်လို့ကတော့ သိပ်အဆင်မပြေသေးဘူး။ နောက်ဆုံး ခါးအဝတ်အစားက သူများပေးလို့ ဝတ်နေရတယ်။ ခြုံစရာစောင်၊ ချက်စားစရာ ဒန်အိုးဒန်ခွက်လည်း မရှိတော့ဘူး။ ခါတိုင်းလည်း စစ်ကြောင်းက ဒီလိုဝင်ထွက် ဝင်ထွက်ဆိုတော့ အေးအေးဆေးဆေးဆိုပြီး ထွက်ပြေးကြတာ။ ဘာမှလည်း သယ်ချိန်မရဘူး "
စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ပြန်ပြီး လုပ်ကိုင်စားသောက်ချင်ပေမဲ့ လုံခြုံမှုမရှိတာကြောင့် ဒီနေ့အထိ နေရပ်မပြန်နိုင်ကြတာလို့ ရွှေဘိုဒေသခံ ကိုဥဩက RFA ကို ပြောပါတယ်။
“နေရပ်ပြန်ဖို့ဆို သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရှင်းလင်းနေတာဆိုတော့ အသက်စွန့်ပြီးပြန်ဖို့ဆိုတာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ တော်တော်အခက်အခဲရှိတယ်။ မပြန်နိုင်ပါဘူးဗျ။ ပြန်ရင်လည်း အသက်အာမခံချက် မရှိတော့ဘူးလေ၊ လုံး၀မလုံခြုံတော့ဘူးပေါ့”
စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးကတော့ စားရေးသောက်ရေးအတွက် အခြေခံစားသောက်ကုန်တွေကို ရသလောက် ကူညီပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“စားရေးသောက်ရေးကတော့ ဆန်၊ ဆီ၊ ဆေးဝါး စသဖြင့် တတ်နိုင်သလောက်ပေါ့ မလောက်ငဘူးဆိုရင်တောင်မှ အရေးပေါ်ဖြစ်နေတဲ့ နေရာလေးတွေကို ကူညီဆောင်ရွက်ပေးထားတယ်။ မိုးတွင်းလည်းဝင်ပြီဆိုတော့ ပေနှစ်ဆယ်ပတ်လည် မိုးကာလေးတွေလည်း ကူညီပေးနေတယ်။ လူသားစာနာ အဖွဲ့အစည်းတွေကလည်း ရသလောက်တော့ရတယ်”
စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ခင်မေနုကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်မှာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူ ၁၈ ဒသမ ၆ သန်းရှိနေပြီး အဲဒီအထဲက ပြည်သူ ၁၂ ဒသမ ၉ သန်းဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။