စစ်တွေတိုက်ပွဲ ပြင်းထန်လာမှာကို မြို့ခံတွေ စိုးရိမ်နေ
2025.02.18
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာတာကြောင့် တိုက်ပွဲ ဆက်ပြင်းထန်လာမှာကို မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ စစ်တွေမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနေ့ညနေပိုင်းမှာ အာရက္ခတပ်တော် (AA) က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပါဒလိတ်၊ ရေချမ်းပြင်နဲ့ အမြင့်ကျွန်းမှာရှိတဲ့ စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အောက်က တပ်ရင်းတွေအပြင် ရွှေမင်းဂံ ရေတပ်နဲ့ မြစ်ထဲမှာရှိတဲ့ စစ်ရေယာဥ်တွေကိုပါ ပစ်ခဲ့တာလို့ ဆိုပါတယ်။
“ဒေသခံတွေဟာ တိုက်ပွဲပိုပြင်းထန်လာမှာ စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်”
စစ်ကောင်စီတပ်ကလည်း AA တပ်ဖွဲ့တွေ ရှိနိုင်တယ်လို့ ယူဆတဲ့ စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နေရာတချို့ကို လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်တွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညနေ ငါးနာရီ၊ ခြောက်နာရီလောက်ကတည်းက AA ပစ်နေတာ။ စနိုက်ပါနဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ ညကိုးနာရီလောက်မှာတော့ ဗုံးချတယ်။ ဂျက်လေယာဥ်နဲ့ လာချတယ်။ ပေါက်ကွဲအား အတော်ပြင်းတယ်။ ကျွန်တော်တောင် ကိုယ့်အနားမှာကျသလို ခံစားလိုက်ရတယ်။ အဲဒီလို ဗုံးကြီး သုံးလုံးလောက် ကြဲခဲ့တယ်။ ပြီးရင် အတွဲလိုက် ဒုံးတွေနဲ့လည်း ပစ်တယ်”
AA ဟာ စစ်တွေနဲ့ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို သိမ်းပိုက်ပြီးကတည်းက စစ်တွေမြို့ကိုပါ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ထားတာပါ။
တိုက်ပွဲဖြစ်ခဲ့တဲ့ ပတ်ဝန်းကျင်က ဒေသခံတွေဟာ တိုက်ပွဲ ပိုပြင်းထန်လာမှာ စိုးရိမ်တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
ဒါပေမဲ့ စစ်တွေမြို့ပေါ်က ဒေသခံတွေကတော့ အဝင်အထွက် အားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ထွက်ပြေးလို့ မရကြပါဘူး။
ပြီးခဲ့တဲ့လအထိ စနိုက်ပါ၊ လက်နက်ကြီးတွေနဲ့ မကြာခဏ အပြန်အလှန် ပစ်ခတ်ခဲ့ပေမဲ့ အခု ပိုပြင်းထန်လာတာလို့ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားတာတော့ ကြာပြီဗျ။ ဝိုင်းဝန်းပိတ်ဆို့တာကနေ ဘယ်လိုအဆင့်ကို ရောက်လာလဲဆိုရင် အပြန်အလှန် ပစ်ခတ်တဲ့အဆင့်ပေါ့။ အာရက္ခတပ်တော် (AA) ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အခုရက်ပိုင်းမှာတော့ အပြန်အလှန် ပစ်ခတ်တဲ့အဆင့်ကနေ လက်နက်ကြီး ပစ်အားပြိုင်တာ တော်တော်လေး ပြင်းထန်လာတယ်လို့ သုံးသပ်မိတယ်”
လက်ရှိ စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြည့်တင်းထားသလို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကိုလည်း စစ်သင်တန်းတွေ ပေးထားတယ်လို့ ဆိုပါတယ်။
“စစ်တွေ မြို့ပေါ်ရပ်ကွက်တွေကို ဧည့်စာရင်းစစ်တာနဲ့ မသင်္ကာရင် ဖမ်းဆီးတာတွေပါ ခပ်စိပ်စိပ် လုပ်နေတာကြောင့် စိုးရိမ်နေကြရပါတယ်”
ဒါ့အပြင် စစ်တွေ မြို့ပေါ်ရပ်ကွက်တွေကို ဧည့်စာရင်းစစ်တာနဲ့ မသင်္ကာရင် ဖမ်းဆီးတာတွေပါ ခပ်စိပ်စိပ် လုပ်နေတာကြောင့် စိုးရိမ်နေကြရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ကို AA ရော စစ်ကောင်စီတပ်ကပါ လက်လွှတ်ပေးမဲ့အခြေအနေ မရှိဘူးလို့ ရခိုင်စစ်ရေးလေ့လာသူ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပစ်အားနဲ့ ခြိမ်းခြောက်ပြီးတော့ ULA/AA ဘက်က လုပ်တာလည်း ရှိမယ်။ စစ်တပ်ကလည်း ပစ်အားနဲ့ ပြန်ပြီးတော့ ခုခံပြီးတော့ ဆွေးနွေးတဲ့အနေအထား တစ်ရပ် ရောက်လာအောင် အဲဒီမျိုး စဥ်းစားကောင်း စဥ်းစားမယ်။ စစ်တွေကို AA အနေနဲ့လည်း လက်လွှတ်ပေးလို့ မရဘူး။ စစ်တပ်အနေနဲ့လည်း စစ်တွေကို လက်လွှတ်ပေးဖို့ဆိုတာ စဥ်းစားလိမ့်မယ်လို့ မထင်ဘူး။ အဲဒီတော့ ရင်ဆိုင်တိုက်ခိုက်ရမဲ့ အခြေအနေတစ်ရပ် ရောက်မလာဘူးလို့တော့ ပြောလို့မရဘူး”
AA အနေနဲ့ အနီးကပ် ထိုးစစ်ဆင် တိုက်ခိုက်တာမဟုတ်ဘဲ စစ်ရေးအရ ဖိအားပေးတဲ့ အခြေအနေမျိုးသာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း AA သိမ်းထားတဲ့ မြို့နယ်တွေကိုဗုံးကြဲပြီး နိုင်ငံရေးဆွေးနွေးဖို့ ဖိအားပေးနေတဲ့သဘောလို့ ရခိုင်စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်တွေမြို့နယ်မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်
စစ်တွေမြို့က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ AA ပစ်ခတ်
လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေမြို့နယ်အနီးဝန်းကျင်က ဒေသခံတွေ ထွက်ပြေးရ
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ထဲက အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စစ်ကောင်စီနဲ့ ဆွေးနွေးသလို အာရက္ခတပ်တော် (AA) နဲ့လည်း ဆွေးနွေးပွဲ ဖြစ်လာမလားဆိုတာ စောင့်ကြရမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
စစ်တွေမြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ထဲက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်ကလွဲပြီး ကျန်တဲ့ ၁၄ မြို့နယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုပါ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။