တိုက်ပွဲဖြစ်နေတဲ့ တနင်္သာရီမှာ စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ ရိက္ခာလိုအပ်မှု မြင့်နေ

RFA Burmese
2025.01.09
တိုက်ပွဲဖြစ်နေတဲ့ တနင်္သာရီမှာ စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ ရိက္ခာလိုအပ်မှု မြင့်နေ တနင်္သာရီတိုင်းတွင် စစ်ဘေးဒုက္ခသည်များကို ဆေးဝါးများ လှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဥ်။
Facebook/ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

တောင်ပိုင်းစစ်ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးနဲ့ ရိက္ခာရှားပါးမှုတွေ ကြုံနေရသလို အခြေခံကျန်းမာရေး စောင့်ရှောက်မှုရဖို့ ခက်ခဲနေပြီလို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်တာနဲ့ စစ်ကောင်စီရဲ့ဂိတ်တွေကနေ စစ်ဆေးတင်းကျပ်မှုတွေကြောင့် ဆေးဝါးနဲ့ ရိက္ခာသယ်ယူရေး ခက်ခဲပြီး နောက်ဆက်တွဲအနေနဲ့ ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ပစ္စည်းကလည်း ရှိတယ်။ ဝယ်လို့ လွယ်တယ်။ ပို့လို့ လွယ်တယ်။ အခု ပိုခက်ခဲလာတယ်ပေါ့နော်။ ပိုက်ဆံရှိရင်တောင်မှ ပို့ဖို့မလွယ်ဘူး။ ပိတ်တယ်ပေါ့။ ဖြတ်လေးဖြတ် လုပ်တယ်။ ကြုံသလိုပဲ ကုကြရတာပဲ။ သဗ္ဗေသတ္တာ ကမ္မသကာပဲ။ မြို့ပေါ်တွေလည်း ကျွန်တော်တို့ သွားလို့မရဘူး။ ဆေးရုံ၊ ဆေးခန်းကလည်း ရှားတယ်”

သာမန်ဖျားနာတာမျိုး ဖြစ်ရင်တောင် ကုဖို့ အခြေခံဆေးဝါးတွေ မရှိတာကြောင့် တိုင်းရင်းဆေးဖော်ပြီး ကုသနေရတယ်လို့ သူက ပြောပါတယ်။

ထားဝယ်ခရိုင် လေးမြို့နယ်ဖြစ်တဲ့ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တို့မှာ ကူညီရေးတွေလုပ်ပေးနေတဲ့ ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ကိုယောနသံက ဆေးဝါးလိုအပ်ချက်ဟာ အရေးအကြီးဆုံး ဖြစ်တယ်လို့ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ပြီဆိုရင် ဆေးဝါးလိုအပ်ချက်က အရမ်း မြင့်တက်သွားတယ်။ အဲဒီလို မြင့်တက်တာကို အချိန်မီပြန်ပြီး မဖြည့်နိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်”

တိုက်ပွဲပြင်းထန်နေတဲ့ ထားဝယ်ခရိုင်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာက ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ပြီး ဒီဇင်ဘာလမှ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာပါ။

ထားဝယ်ခရိုင် တပ်ပေါင်းစုက ဦးဆောင်တဲ့ ပထမဆုံးတိုက်ပွဲအနေနဲ့ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာက စစ်ကောင်စီ တပ်စခန်းတွေကို ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ ငါးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား လေးဆယ်ခန့် သေဆုံးကြောင်း လောင်းလုံးမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောထားပေမဲ့ သီးသန့်အတည်မပြုနိုင်သေးပါဘူး။

“မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်”

ထားဝယ်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က မြို့ပေါ်တွေကိုပဲ ထိန်းချုပ်နိုင်တော့ပြီး မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတယ်လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီ ၂၀၂၅ ကတော့ စစ်ရေးပိုလာမဲ့ အခြေအနေမှာပဲ ရှိနေတယ်။ ပြည်သူတွေကိုတော့ ကိုယ့်ရဲ့ စားနပ်ရိက္ခာတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းထားပါ။ ဆေးဝါးတွေကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းထားပါ။ စစ်ကောင်စီနဲ့ အဝေးဆုံးနေရာမှာ နေကြဖို့၊ အဲဒါလေးပဲ မှတ်ချက်ပေးချင်တယ်ဗျ”

တနင်္သာရီတိုင်းကို ကုန်ပစ္စည်းပို့ဆောင်ဖို့ အဓိကလမ်းကြောင်း နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ရန်ကုန်ကနေ ကော့သောင်းအထိ ဖောက်လုပ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဖြစ်ပြီး ဒီလမ်းကြောင်းမှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေရှိသလို စစ်ကောင်စီတပ်ရဲ့ ဂိတ်စခန်း အနည်းဆုံး ဆယ်ခုကို ဖြတ်သန်းရတာပါ။

အဲဒီဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ပမာဏများရင် သိမ်းဆည်းသလို လုံးဝသယ်ခွင့်မပေးတဲ့ အချိန်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းတွင် စစ်ဘေးဒုက္ခသည်များကို ဆန်အချို့ လှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဥ်။
တနင်္သာရီတိုင်းတွင် စစ်ဘေးဒုက္ခသည်များကို ဆန်အချို့ လှူဒါန်းပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဥ်။

နောက်လမ်းကြောင်းတစ်ခုကတော့ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်ရေး အချက်အခြာဖြစ်တဲ့ ထားဝယ်-ထီးခီးလမ်းပိုင်း ဖြစ်ပါတယ်။

ဒီဇင်ဘာလထဲမှာ မေတ္တာ-ထီးခီးလမ်းပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU/ KNLA) နဲ့ ကော်သူးလေ တပ်မတော် (KTLA) တို့ တိုက်ပွဲဖြစ်ပြီးတဲ့နောက် တပ်နှစ်ခုစလုံးဘက်က သွားလာခွင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလို လမ်းကြောင်းအခက်အခဲနဲ့ စစ်တပ်ရဲ့ ဂိတ်တွေကနေ စစ်ဆေးဖမ်းဆီးနေတာတွေကြောင့် ဒေသခံတွေဟာ နာမကျန်းဖြစ်ရင်တောင် ဆေးရုံ၊ ဆေးခန်းကို မသွားလာရဲကြတော့ဘူးလို့ ကိုယောနသံက ပြောပါတယ်။

ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှာတင် တစ်လကို လူဦးရေ လေးရာနဲ့ ခြောက်ရာကြားကို အခြေခံကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတာလို့ ဆိုပါတယ်။

ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်မှာ စစ်ဘေးဒုက္ခသည်တွေ များပြီး အခုအချိန်မှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားအဖြစ် များနေသလို ကလေးတွေမှာလည်း အရေပြားယားနာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် ဆေးစွဲသောက်ရတဲ့ ဆီးချို၊ သွေးတိုးသမားလိုမျိုး နာတာရှည် ရောဂါသည်တွေအတွက်လည်း ဆေးဝါးတွေ လိုအပ်နေပြီး စစ်ဘေးဒုက္ခသည်တွေ ရှိတဲ့နေရာအထိ ကျန်းမာရေး စောင့်ရှောက်မှုတွေ သွားပေးတဲ့အခါမှာလည်း အခက်အခဲများစွာ ရှိနေတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ CDM သူနာပြုကျောင်းသူက RFA ကို ပြောပါတယ်။

“ကျွန်မတို့ သွားတဲ့နေရာတွေက ကုန်းလမ်းလည်းရှိသလို ရေလမ်းလည်း ရှိတယ်လေ။ သူတို့ဘက်က ရေလမ်းဆိုရင် ကြိုက်တဲ့အချိန် သူတို့လှေနဲ့ထိုးပြီး လာနိုင်ခြေရှိတယ်။ ရေလမ်းဆိုရင် ပြေးဖို့က ခက်ခဲတယ်လေ။ ကုန်းလမ်းကျတော့ သူတို့ရှိရင်တောင်မှ ပတ်ပြီးတော့ သွားလို့ရတယ်။ ရေလမ်းကျတော့ ပြေးလို့လည်း မရဘူး။ ရေလမ်းကသွားရင် သူတို့နဲ့ ထိပ်တိုက် တွေ့မလားဆိုပြီး ကြောက်နေရတယ်။ တစ်နေရာနဲ့ တစ်နေရာသွားဖို့ တော်တော်လေးကို ခက်ခဲတယ်။ တော်တော်နဲ့ မရောက်ဘူး”

တိုက်ပွဲဖြစ်တာ ကြာလေ ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်က မြင့်လာလေ ဖြစ်ပါတယ်။ ကူညီရေးအဖွဲ့တွေဆီမှာ ဆေးဝါးရှိရင်တောင် တကယ်လိုအပ်တဲ့ နေရာတွေဆီကို ရောက်အောင်သွားဖို့က စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ပုလောက စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် အကူအညီလိုအပ်နေ

တနင်္သာရီမှာ တစ်လအတွင်း အရပ်သား ၃၆၀ ခန့် ဖမ်းဆီးခံရ

လောင်းလုံးက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် နေရပ်မပြန်နိုင်သေး


စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအပြင် ဆောင်းရာသီဖြစ်လို့ အနွေးထည်နဲ့ ခြုံစောင်တွေ၊ အမိုးအကာနဲ့ နေရာထိုင်ခင်းတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီအတိုင်းဆက်သွားရင် ကျွန်တော်တို့က ပိုပြီးတော့ ငတ်လာနိုင်တယ်။ ဒီမှာရှိတဲ့ လူထုက ယိုးဒယားလည်း ပြေးမှာများတယ်။ ရွာတွေ ပိုပျက်မယ်ပေါ့နော်။ ကျိန်းသေတယ်။ ခုဏလိုမျိုး ရောဂါတစ်ခုဖြစ်ရင်တောင် ဘာမှလုပ်နိုင်မဲ့ အနေအထားမျိုး မရှိဘူး”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ တနင်္သာရီတိုင်းမှာ ပထမဆုံးအနေနဲ့ စခန်းသိမ်းနိုင်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ပြောက်ကျားပုံစံ တိုက်ပွဲဖော်တာမျိုး မဟုတ်တော့ဘဲ တပ်စခန်းတွေအထိ ဝင်ရောက်စီးနင်း တိုက်ခိုက်တဲ့ပုံစံမျိုးတွေ ဖြစ်လာပါတယ်။

တနင်္သာရီတိုင်းမှာ လက်ရှိအချိန်အထိ စစ်ရှောင်ဦးရေ ခြောက်သောင်းဝန်းကျင် ရှိနေတယ်လို့ ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။