စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု ဆန့်ကျင်ခံနေရကြောင်း လေ့လာသူတွေပြော

RFA Burmese
2023.10.24
စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူမှု ဆန့်ကျင်ခံနေရကြောင်း လေ့လာသူတွေပြော ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက သန်းခေါင်စာရင်း စမ်းသပ်ကောက်နေတာကို ပြည်သူတွေ စိတ်မဝင်စားကြသလို၊ ဆန့်ကျင်တာတွေ၊ တိုက်ခိုက်ခံရတာတွေ ရှိတဲ့အတွက် မအောင်မြင်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

နေပြည်တော်နဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ်ပေါင်း ၂၀ မှာ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကို ကောက်ယူနေတဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ အောက်တိုဘာ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ကိုထွန်းမြင့်ကတော့ စစ်ကောင်စီရဲ့ စမ်းသပ်သန်းခေါင်စာရင်း ကောက်တဲ့အပေါ် ပြည်သူတွေ စိတ်ဝင်စားတာ မတွေ့ရဘူးလို့ ပြောပါတယ်။

"ပြည်သူတွေက စိတ်မဝင်စားဘူး၊ ဘာလို့ဆိုရင် စစ်ကောင်စီ ကောက်တာမို့လို့ကို စိတ်မဝင်စားတာဗျ။ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဒီကာလမှာ ရွေးကောက်ပွဲလည်း စိတ်မဝင်စားသလို၊ သန်းခေါင်စာရင်းလည်း စိတ်မဝင်စားကြဘူး။ သူတို့ဘက်ကတော့ အိမ်ထောင်ဦးစီးနာမည်၊ မိသားစုဝင်တွေ အိမ်မှာ အမှန်တကယ် နေထိုင်၊ မထိုင်နဲ့ လူဦးရေစာရင်း ကောက်နေတာတော့ ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်တာ မတွေ့ရဘူး"

ဒီ့အပြင် အခုတစ်ခေါက် သန်းခေါင်စာရင်း ကောက်ယူရာမှာ အရင်ကလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မပါဘဲ၊ သန်းခေါင်စာရင်း ကောက်တဲ့ဌာနဆိုင်ရာ ဝန်ထမ်းသုံးဦးနဲ့ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေ ပါလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

"စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဒီကာလမှာ ရွေးကောက်ပွဲလည်း စိတ်မဝင်စားသလို၊ သန်းခေါင်စာရင်းလည်း စိတ်မဝင်စားကြဘူး"

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာတော့ စမ်းသပ် သန်းခေါင်စာရင်း ကောက်မယ့်စာရင်းထဲမှာပါပေမယ့် မနှစ်က ကောက်တာပဲတွေ့ရပြီး၊ ဒီနှစ် မတွေ့ရဘူးလို့ လုံခြုံရေးကြောင့် အမည်လွှဲထားတဲ့ ကိုစန်းဦးက RFA ကို ပြောပါတယ်။

"ကြေညာတာက သူတို့ရဲ့မူပေါ့၊ သေချာတာကတော့ ၂၀၂၂ ခုနှစ်က အဲဒီစာရင်းတွေက ကောက်ပြီးပြီ၊ အဲဒါကို အခုမှ ကောက်တဲ့ပုံစံနဲ့ လုပ်နေတာ။ ဘာလို့လဲဆိုတော့ အစ်ကိုက လက်တွေ့ သိထားတာလေ။ အဲဒီတုန်းက မကောက်ရဲ ကောက်ရဲနဲ့ ဆယ်အိမ်မှူးတွေက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်တာ။ အဲဒါတွေက မနှစ်ကတည်းက ရှိပြီးသား။ ဒီနှစ်ဒီရက် ဒီလထဲမှာ ကောက်တာ မရှိသေးဘူး။ သူတို့ကြေညာချက်က ဒီလထဲမှာ ကောက်နေပြီဆိုတာ မဟုတ်သေးဘူး။ မတွေ့ သေးဘူး။ ပြည်ကြီးတံခွန် အနေအထားနဲ့ ပြောတာ"

နေ့တိုင်းလိုလို လက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း ကောက်တာတွေ ခွင့်မပြုတဲ့အကြောင်း တော်လှန်ရေး အင်အားစုတွေက မကြာခဏ ဆိုသလို ထုတ်ဖော်ပြောဆိုထားပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ကဆိုရင် မုံရွာမြို့၊ သပြေတောရွာမှာတော့ စမ်းသပ် သန်းခေါင်စာရင်း ကောက်ဖို့လာတဲ့အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးပြီး တစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ် ၂၀ မှာ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို RFA က တယ်လီ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုရင် ခိုင်မာတဲ့ လူဦးရေ သန်းခေါင်စာရင်း လိုအပ်တာကြောင့် အခုစမ်းသပ်ကောက်ယူနေတာက သဘာဝကျတယ်လို့ သုံးသပ်ပါတယ်။

"သန်းခေါင်စာရင်းက တစ်နှစ်တစ်ကြိမ် ကောက်မယ်လို့ ပုံမှန်လုပ်ငန်းစဉ် ရှိတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် သန်းခေါင်စာရင်းအနေနဲ့ တိတိကျကျ ရှိဖို့လိုတယ်။ အဓိကကတော့ အကြောင်းနှစ်ချက်ပေါ်မှာ မူတည်ပြီး လုပ်သွားတာ။ ပုံမှန်လုပ်ငန်းစဉ်နဲ့ ရွေးကောက်ပွဲက ကပ်နေတာဆိုတော့ ပြောစရာတော့ ဖြစ်သွားတာပေါ့"

စမ်းသပ် သန်းခေါင်စာရင်း ကောက်နေတဲ့အဖွဲ့တွေကို တိုက်ခိုက်တာက နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မလိုလားသူတွေလို့ သူကဆိုပါတယ်။

၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင် လူဦးရေစာရင်းလိုက်လံကောက်ယူနေသည်ကို တွေ့ရစဉ်။ (Photo: RFA)
၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင် လူဦးရေစာရင်းလိုက်လံကောက်ယူနေသည်ကို တွေ့ရစဉ်။ (Photo: RFA)

ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့ ဗိုလ်ဂဠုန်ကတော့ စစ်ကောင်စီက စမ်းသပ်သန်းခေါင် စာရင်းကောက်ယူနေတာတွေကို နည်းလမ်းမျိုးစုံသုံးပြီး တားမြစ်သွားမယ်လို့ ပြောပါတယ်။

"မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင် ကျွန်တော်တို့ကတားမှာ။ ပထမတစ်ကြိမ်က ပုလဲမြို့ပေါ်မှာ ကောက်ခံတာ လုပ်သေးတယ်။ အဲဒီတုန်းက ကျွန်တော်တို့အဖွဲ့က ဝင်ပြီးတော့ သူတို့ကောက်ခံတဲ့အချိန်မှာ ပွဲဖြစ်လိုက်သေးတယ်ဗျ။ အဲဒီနောက်ပိုင်းကတည်းက မကောက်တော့ဘူး။ ကျွန်တော်တို့ကတော့ တတ်နိုင်တဲ့နည်းနဲ့ တားဆီးရမှာပဲ"

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားတယ်ဆိုပြီး စစ်ကောင်စီက အကြောင်းပြထားသလို၊ နောက်ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။