စစ်တွေမြို့ သဲချောင်းရွာက ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် နှစ်ဆယ်ကျော် ဖမ်းဆီးခံရ
2023.11.26

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သဲချောင်းရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံရွာသားတချို့နဲ့ သဲချောင်းဒုက္ခသည် စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် နှစ်ဆယ်ကျော်ကို နိုဝင်ဘာလ ၂၅ ရက်မနေ့ညနေပိုင်းမှာ အင်အားသုံးဆယ်လောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ ကားသုံးစီးနဲ့ရောက်လာပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသွားခံရသူတွေထဲမှာ သဲချောင်းရခိုင်ရွာက ရခိုင်လူမျိုး ငါးဦး၊ မာရမာကြီးလူမျိုး ခြောက်ဦးနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦးပါဝင်ပြီး ဘာကြောင့်ဖမ်းဆီး သွားလဲဆိုတာကို တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
"သူတို့ဘက်ကလည်း မလုံခြုံသလို ခံစားရပြီးတော့မှ အခုလိုပဲ ဖမ်းတာဆီးတာ လုပ်တယ်လို့ပဲ ကျွန်တော်ကတော့ နားလည်ပါတယ်”
အဲဒီအထဲမှာ ဆွဒ်ဇာလန်နိုင်ငံ အခြေစိုက် The Lutheran World Federation (NGO) အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ဝန်ထမ်းတစ်ဦးလည်း ပါဝင်တယ်လို့ ဒေသခံတွေပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို အဲဒီအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးဘက်ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီရွာခံ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက အများစုဟာ သဲချောင်းဆိပ်ကမ်းမှာရှိတဲ့ ငါးလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းခွင် သွားတဲ့လမ်းမှာ အဖမ်းခံရတာဖြစ်ပြီး ရိုဟင်ဂျာအများစုဟာ ကျောက်ဖြူမြို့နယ်ကနေ ခိုလှုံလာကြတဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“သဲချောင်းဆိပ်ကမ်းမှာ ငါးစင်ရှိတယ်၊ လယ်တွေရှိတယ် ဒီရခိုင်ရွာကသွားတဲ့ လမ်းကြောင်းရှိတယ်ဆိုတော့ အဲဒီဘက်က အသွားအလာလုပ်ကြတယ်လို့ပြောတယ်။ နောက်ပြီးရင် ဒီအရက်သောက်တဲ့ အနေအထားတွေ တွေ့လို့ အဲဒီမှာလူတွေစုနေလို့ အဲလိုပုံစံမျိုးလည်း ကြားရတယ်။ များသောအားဖြင့်တော့ ဒီကျောက်ဖြူ ဒုက္ခသည်တွေ လည်းပါတယ်။ ကျောက်ဖြူဒုက္ခသည်တွေက သဲချောင်းမှာနေတာကိုး။ နောက်ပြီးတော့ သဲချောင်း Camp မှာနေတဲ့လူတွေလည်း ပါတာပေါ့။ အဲဒါတွေကို ဖမ်းသွားပြီးတော့ အမှတ် (၁) ရဲစခန်းကို ပို့ထားတယ်လို့ ကျွန်တော်တို့ သိရတယ်ခင်ဗျာ”
စစ်ကောင်စီတပ်သားနဲ့ ရဲအင်အားသုံးဆယ်ခန့်ဟာ နိုဝင်ဘာ ၂၅ ရက်မနေ့နေ့လယ်ပိုင်းက ကားသုံးစီးနဲ့ သဲချောင်းရွာကို ရောက်လာပြီး ရွာဘုန်းတော်ကြီးကျောင်းမှာ ကထိန်အလှူ လုပ်ပြီးနောက် စစ်တွေဘက်ကို ပြန်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်း ၃ နာရီခန့်မှာတော့ အဲဒီအဖွဲ့တွေ သဲချောင်းရွာကို ပြန်ရောက်လာပြီး နေအိမ်တချို့ကို သန်းခေါင်စာရင်း စစ်ဆေးခဲ့သလို သေနတ်ပစ်ဖောက်ခဲ့တာကြောင့် ဒေသခံရွာသားတွေက ကြောက်လန့်ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သဲချောင်းရွာခံ မာရမာကြီးလူမျိုးတစ်ဦးက စစ်ကောင်စီတပ်သားတွေ သေနတ် ပစ်ဖောက်ချိန် ကြောက်လန့်ပြီးထွက်ပြေးတဲ့ ဒေသခံတွေကို လိုက်လံဖမ်းဆီးခဲ့တာလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ရွာမှာတော့ ခြောက်ယောက်လား မသိဘူး ပါသွားတယ်။ မာရမာကြီး လူမျိုးကတော့ ဇော်ထွန်း နောက်ပြီးတော့ အတုရယ်၊ နောက်ပြီးတော့ အောင်နိုင်ဦးရယ်၊ နောက်ပြီးတော့ အောင်နိုင်ဝင်းရယ် နောက်ပြီးတော့ ပုဏ္ဏားကျွန်းက ဘယ်လိုပြောမလဲ မနေ့ကမနက်မှရောက်လာတာ အဲမှာပုဏ္ဏားကျွန်းမှာ နည်းနည်းဆူသံကြားတယ်ဆိုပြီး သူ့မိသားစုနဲ့ သူလာတာပေါ့။ သူလည်းကြောက်အားတကြီး ရေချိုးကန်နားမှာ သွားပြီးပုန်းနေကြတာမှာ အဲဒါသူလည်း ကြောက်ပြီးပါသွားတယ်။ နောက်တစ်ယောက် က ဘယ်လိုပြောမလဲ ဆိုင်ကနေထွက်ပြီး ပြေးတဲ့အချိန်မှာပါသွားတယ်၊ အဲဒါက ကျွန်တော်တို့ရွာက ရခိုင်သား”
စစ်တွေမြို့ခံ လူမှုရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အကြောက်တရား ဖြစ်ပေါ်လာစေဖို့နဲ့ သူတို့ကို အန္တရာယ်ပြုလာနိုင်တယ် ဆိုတဲ့ စိုးရိမ် စိတ်တွေကြောင့် အခုလို ဖမ်းဆီးနေတာလို့ RFA ကို ပြောပါတယ်။
“ဘာကြောင့်ဖမ်းတယ်ဆိုတာကတော့ အကြောင်းပြချက်ကတော့ သူတို့ဆီမှာ ဘယ်လိုမျိုးရှိတယ်လို့တော့ မသိဘူးပေါ့လေနော်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နားလည်လိုက်တာကတော့ ဒါက ပြည်သူလူထုကို နေပြီးတော့မှ ပိုပြီးတော့ ကြောက်အောင်လန့်အောင် လုပ်နေတဲ့သဘောလို့ပဲ၊ ပြီးလို့ရှိရင်တော့ ဒီသူတို့ကိုယ်တိုင် ကြောက်နေတဲ့ပုံ ပေါက်တယ်ပေါ့နော်။ အဓိကတော့ စစ်တွေလို မြို့ပြနေရာတွေမှာ သူတို့ကို အန္တရာယ်ပြုလာနိုင်တဲ့ အနေအထားမျိုးတွေနဲ့ ဆက်စပ်ပြီးတော့ သူတို့ဘက်ကလည်း မလုံခြုံသလို ခံစားရပြီးတော့မှ အခုလိုပဲ ဖမ်းတာဆီးတာ လုပ်တယ်လို့ပဲ ကျွန်တော်ကတော့ နားလည်ပါတယ်”
အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ဖမ်းဆီးခံရသူတွေအားလုံးကို စစ်တွေမြို့မှာရှိတဲ့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးသလို မိသားစုတွေနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ သဲချောင်းရွာခံတွေက ပြောပါတယ်။