မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်က ငါးနေရာကို ပေးနေတဲ့ လျှပ်စစ်မီး ထိုင်းဖြတ်တောက်မည်

RFA Burmese
2025.02.04
မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်က ငါးနေရာကို ပေးနေတဲ့ လျှပ်စစ်မီး ထိုင်းဖြတ်တောက်မည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်ရှိ ဆောက်လုပ်ဆဲ အဆောက်အဦးတချို့အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က မြင်တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက် မြန်မာပြည်တွင်း နေရာ ငါးနေရာကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေ ဖြတ်တောက်သွားမယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phutham Wechayachai က ပြောလိုက်တာပါ။

ကရင်ပြည်နယ် မြဝတီမြို့က နှစ်နေရာ၊ ဘုရားသုံးဆူက တစ်နေရာနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က နှစ်နေရာ စုစုပေါင်း ငါးနေရာကို မနက် ၉ နာရီကနေစပြီး ဖြတ်တောက်သွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီအစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဒုတိယဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် ဇွန်လကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ နှစ်နှစ်အတွင်း ထိုင်းလူမျိုး ၅၀၀,၀၀၀ ကျော်ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင်တွေဖြစ်ခဲ့ရပြီး ဘတ်ငွေ ၆၀ ဘီလီယံကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က တုံ့ဆိုင်းမနေဘဲ နယ်စပ်ကို ချက်ချင်းလျှပ်စစ်မီးဖြတ်တောက်ဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားလိုက်တာပါ။

ထင်ရှားသူတချို့ လူကုန်ကူးခံရတဲ့ကိစ္စတွေကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်တဲ့အခြေအနေကို ရည်ညွှန်းပြီး ထိုင်းဝန်ကြီးချုပ်က.."ဖြစ်ပျက်ခဲ့တာတွေက ထိုင်းပြည်သူတွေနဲ့ နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်မှုကြီးမားတယ်" လို့ ပြောပါတယ်။ ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာ တရားရေးကိစ္စတွေကို ရှောင်လွှဲလို့မရကြောင်းနဲ့ ဒါဟာ နိုင်ငံအားလုံးနဲ့ သက်ဆိုင်တဲ့ စိုးရိမ်စရာပြဿနာဖြစ်တာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ခွင့်ပြုလို့မရကြောင်း၊ ဖမ်းဆီးအရေးယူတာတွေမလုပ်ရင် ထိုင်းနိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ထည့်ပြောခဲ့ကြောင်း RFA ရဲ့ ညီနောင်သတင်းဌာန BenarNews က ဖော်ပြပါတယ်။


ဆက်နွှယ်သော သတင်းများ

“မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ထွက်ခွာဖို့ BGF သတိပေး”

အင်တာနက်ဖြတ်လိုက်ပေမဲ့ မြဝတီမှာ ငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းဆက်လုပ်နေ

မြဝတီက နိုင်ငံခြားသားတွေ ထိုင်းကို လွှဲပြောင်းမယ်လို့ BGF ပြော


ထိုင်းအစိုးရဘက်က အခုလိုဆုံးဖြတ်လိုက်တဲ့တစ်ချိန်တည်းမှာပဲ ထိုင်းကနေတစ်ဆင့် ကိုယ်စားလှယ်ယူပြီး မြဝတီမြို့က ငွေလိမ်လုပ်ငန်းတချို့ကို လျှပ်စစ်မီးဖြန့်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးစောတင်ဝင်းပိုင်တဲ့ မြစ်ရွှေသောင်ရင်းကုမ္ပဏီဘက်က ဖေဖော်ဝါရီ ၄ ရက်နေ့ည ခုနစ် နာရီလောက်မှာ မီးဖြတ်လိုက်တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

တစ်ဂိတ်လို့ခေါ်တဲ့ ကာစီနိုလုပ်ငန်းတွေရှိရာနေရာတစ်ဝိုက်ကနေ မယ်ထော်သလေး ကျေးရွာအနီးက KK Park နေရာအထိ မီးဖြတ်တောက်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြဝတီမြို့ အမှတ် ၅ ကျွန်းတောရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခု ဗိုလ်တင်ဝင်းလိုင်းတော့ တစ်ဂိတ်ဘက်ကနေအကုန်ဖြတ်လိုက်ပြီ။ သူတို့ BGF မီးရုံး က ပိတ်လိုက်တာလို့ အသိကပြောလာတယ်။ ၁၃ ဂိတ်တို့ ကိုးသုံးလုံးတို့ ကုက္ကိုတို့ဘက်တော့ ပြတ်လား မပြတ်လား မသိဘူး၊ လိုင်းတွေကမတူဘူး"

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Photo : RFA)
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Photo : RFA)

ဒီလိုလျှပ်စစ်မီး ဖြတ်တောက်တာနဲ့ ပတ်သက်လို့ မြဝတီမြို့ BGF နယ်ခြားစောင့်တပ် လုံခြုံရေး နဲ့ စည်းကမ်းထိမ်းသိမ်းရေးတာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ… “ထိုင်းကဖြတ်ထားတာကြာလှပြီ၊ လျှပ်စစ်မီးကလေ လေး၊ ငါးလလောက်ရှိပြီထင်တယ်၊ အင်တာနက်ရော ဖြတ်ထားတယ်၊ မီးစက်တွေနဲ့ပဲသုံးရတယ်၊ မီးစက်တွေသုံးတယ်၊ ဆိုလာတွေသုံးတယ်၊ ကျွန်တော်တို့ ယူဆတာကတော့ အဓိကကတော့ Pressure (ဖိအား) ပေါ့နော်၊ Pressure (ဖိအား) တွေ ရှိလာတဲ့အခါကျတော့ အခုဝန်ကြီးချုပ်ကလည်း အသစ်ဆိုတော့ ဒီအပေါ်မှာလည်း ဒီထက်ပိုတဲ့ဆောင်ရွက်မှုတွေ လုပ်လာတယ်လို့ ဒီလိုပဲ သုံးသပ်ပါတယ်၊ လက်ရှိအနေအထားတစ်ခုအရပေါ့နော်၊ ဒါကို အကြောင်းပြုပြီးတော့ ဖြတ်တောက် လိုက်တဲ့အပေါ်မှာ ဘာမှအပြစ်မရှိတဲ့ပြည်သူတွေ ထိခိုက်တာမျိုး အဲတစ်ခုတော့ စိုးရိမ်မိတယ်၊ ဖြတ်တောက်မှုက ပြည်သူတွေ မထိခိုက်စေချင်ဘူးပေါ့နော်၊ ဒါလေးတစ်ခုတော့ မေတ္တာရပ်ခံချင်တာပေါ့” လို့ပြောပါတယ်။

မြဝတီမြို့ အမှတ် ၅ ကျွန်းတောရပ်ကွက်မှာနေထိုင်တဲ့ မြို့ခံတစ်ဦးကတော့ ထိုင်းအစိုးရ အခုလိုမီးဖြတ်လိုက်တာဟာ မြို့ခံတွေအပေါ် မထိခိုက်ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့ကျွန်းတောမှာက ဆိုလာတို့၊ မီးစက်တို့ပဲ သုံးပြီးနေတာကြာပြီလေ မြန်မာမီးမှ မလာတာ၊ တရုတ် နေရာတွေ BGF နေရာတွေဂိမ်းရုံတွေပဲ ထိုင်းမီးရနေတာဆိုတော့ အခုမီးပျက်လည်း ကျွန်မတို့ ဘာမှမထူးဘူး”

မြို့တွင်းက စစ်ကောင်စီအုပ်ချုပ်ရေးရုံးတွေ၊ မြဝတီ ဆေးရုံကြီး၊ အမှတ် ၁ ချစ်ကြည်ရေး တံတား ၁ နဲ့ ၂ တို့မှာတော့ မီးမဖြတ်သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းကတည်းက စစ်ကောင်စီတပ်နေရာတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲကြောင့် မြန်မာဘက်က လျှပ်စစ်မီးလိုင်းအပါအဝင် တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်တောက်နေတာလို့ ပြောကြပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာတော့ လျှပ်စစ်မီးအတွက် ဆိုလာနဲ့ မီးစက်တွေကို အားထားနေကြတာဖြစ်ပါတယ်။ ဆက်သွယ်ရေးအတွက် ထိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ အသုံးပြုနေတာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဆန်ခလဘူရီ၊ ဘုရားသုံးဆူမြို့အား ၂ဝ၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ထိုင်း-မြန်မာနယ်စပ် ဆန်ခလဘူရီ၊ ဘုရားသုံးဆူမြို့အား ၂ဝ၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

ထိုင်းအစိုးရ မီးဖြတ်တာဟာ မြဝတီမြို့တောင်ဘက်အခြမ်းက ငွေလိမ်လုပ်ငန်းတွေကိုသာ ထိခိုက်မှာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်ခေါင်းဆောင်က ဒီလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေဆီက လျှပ်စစ်မီး၊ အင်တာနက်အပါအဝင် အခြေခံလိုအပ်ချက်တွေကို ရရှိသုံးစွဲနေတာဖြစ်တယ်လို့ ပြီးခဲ့တဲ့လက ပြောထားပါတယ်။

ဒီလိုမီးဖြတ်တောက်ပြီးနောက်ဆက်တွဲထိခိုက်နိုင်တဲ့ ဆေးရုံတွေနဲ့ လူမှုအသိုက်အဝန်းအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာတာဝန်ရှိသူတွေဆီ အသိပေး အကြောင်းကြားထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဒီအွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ မပတ်သက်တဲ့ လျှပ်စစ်မီးသုံးစွဲနေသူ ဘယ်လောက် ထိခိုက်နိုင်တယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ထိုင်းဝန်ကြီးချုပ်ဟာ ဖေဖော်ဝါရီ ၅ရက်နေ့မှာ တရုတ်နိုင်ငံကို လေးရက်ကြာ သွားရောက်ဖို့ရှိပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဒီငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။