ထိုင်းရောက်မြန်မာလူငယ်အဖွဲ့ စွန့်ပစ်ပစ္စည်းကောက်ပြီး ဒီမိုကရေစီရေး ရန်ပုံငွေရှာ

ခင်ခင်အိ
2023.11.20
ထိုင်းရောက်မြန်မာလူငယ်အဖွဲ့ စွန့်ပစ်ပစ္စည်းကောက်ပြီး ဒီမိုကရေစီရေး ရန်ပုံငွေရှာ စစ်အာဏာရှင်တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ကူညီနေကြသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လူငယ်များအဖွဲ့အား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
RFA

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နဲ့ မိုင် ၃၀ လောက်အကွာမှာရှိတဲ့ မဟာချိုင်မြို့က မြန်မာရွှေ့ပြောင်းလူငယ်တစ်စုဟာ လမ်းဘေးက စွန့်ပစ်ပစ္စည်းတွေ ကောက်၊ ချောင်းတွေ မြောင်းတွေထဲက ရေသန့်ဘူးခွံတွေကို ဆယ်ယူ၊ ချောင်းတွေထဲ ကိုယ်တိုင်ငါးဖမ်း၊ အခြောက်လှန်း ကြော်လှော်ပြီး မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီတိုက်ပွဲဝင်နေသူတွေကို ထောက်ပို့ကူညီနေပါတယ်။

“ကျွန်တော်က တောထဲက တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်ပေါ့၊ တချို့ အစားအသောက်မရောက်တဲ့နေရာ မရောက်ဘူးဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်တော်တို့လည်း ဒီလိုလုပ်ရင်ကောင်းမယ်ပေါ့၊ ဘလာချောင်ကြော် ကြော်ရင်ကောင်းမယ်ပေါ့။ ဘာလချောင်ကြော်က အကြာကြီးထားလို့ ရတယ်လေ”

သူတို့အဖွဲ့မှာ အမျိုးသမီး ငါးယောက်နဲ့ အမျိုးသားသုံးယောက် ပါဝင်ပါတယ်။ အမျိုးသားတွေက ကွန်ပစ်ငါးဖမ်းကြပြီး အမျိုးသမီးတွေက ငါးတွေကို ခုတ်ထစ်အခြောက်လှန်း၊ လမ်းဘေးက ဘူးခွံတွေ စွန့်ပစ်ပစ္စည်းတွေ ကောက်ထားတာထဲက ပြန်သုံးလို့ရတာတွေကို စုဆောင်းရောင်းချ၊ ရလာတဲ့ငွေနဲ့ ဆီ ဆား ငရုတ် ကြက်သွန်ဝယ်၊ ဘာလချောင်ကြော် ကြော်ပြီး သူတို့ နိုင်သလောက် ပံ့ပိုးကူညီပါဝင်နေကြတာပါ။

သူတို့တွေအားလုံး တာဝန်ကိုယ်စီခွဲဝေယူရင်း အလှူဖြစ်မြောက်လာခဲ့တာလို့ ဒီအဖွဲ့က မဖြူဖြူဝင်းက ပြောပါတယ်။

“ ဒီငါးတွေရလာရင် သူတို့က ဝိုင်းလုပ် ဝိုင်းကိုင်ပြီဆိုရင် ကျန်တာ ဆားထည့် နေလှန်းက ညီမတာဝန်ပဲ၊ ဘာလချောင်ကြော် ကြော်ဖို့ ငါးတွေ ခုတ်ထစ်ရမယ်ဆိုရင် သူတို့ကို ဖုန်းဆက်ပြီး ခေါ်တယ် ငါးတွေ ခုတ်တယ်၊ ကြက်သွန်နီ ကြက်သွန်ဖြူတွေ လုပ်ပြီး ဟိုးအပင်အောက်မှာ သွားကြော်တယ်၊ ဒီထဲမှာ နေတဲ့သူတွေ မထိခိုက်စေချင်လို့၊ ဘူးခွံတွေကောက်ထားတာ ရောင်းတော့မယ်ဆိုရင် ဝယ်တဲ့သူကို ဖုန်းနံပါတ် ယူထားတာရှိတယ်။ ကိုယ် ဘာလချောင်ကြော် ကြော်တော့မယ်ဆိုရင် သူ့ကို ခေါ်လိုက်တယ်၊ သူက တခြားလူတွေနဲ့ မတူဘူး။ ဈေးပေး နည်းနည်းတော်တယ် ဆိုလို့ ကိုယ့်မှာလည်း ရသလောက်စုနေတာဆိုတော့ တစ်ကျပ်ပိုပေးတဲ့သူဘက်ကိုပဲ လိုက်ပြီး ညီမတို့က သူ့ဖုန်းနံပါတ် ယူထားတာ ”

ဘူးခွံကောက်ရင်း ထိခိုက်ဒဏ်ရာရတာရှိပေမယ့် မနားဘဲ နေ့စဉ်လုပ်နေတယ်လို့ ဒီအဖွဲ့မှာပါတဲ့ မခိုင်မာစိုးကလည်း ပြောပါတယ်။

“အခက်အခဲတွေက အများကြီးပေါ့၊ ချောင်းထဲဆင်းရင် ကျောက်တွေ ဘာတွေနဲ့ ခြေထောက်တွေလည်း ရှတယ်၊ ဒါပေမယ့် ကိုယ်နာတာထက် တောထဲက ကလေးတွေက စွန့်ထားရတာလေ၊ ကိုယ်က ဒီလောက်နာတာ ဘာမှမဖြစ်ဘူးလေ၊ အဲဒါကြောင့်လည်း ကိုယ်နာတာ နာပါစေပေါ့နော်၊ နေ့တိုင်း ချောင်းထဲမှာ ဒီမိန်းကလေး ငါးယောက်က ခရုကောက်တယ်၊ ဘူးခွံကောက်တယ်၊ ငါးပစ်တယ်၊ ငါးကိုင်တယ်၊ အဲလိုပဲ နေ့တိုင်း လုပ်နေရတာ”

ဒီလို ခက်ခဲပင်ပန်းတဲ့ကြားက အကူအညီပေးရတာကို ဝမ်းသာပီတိဖြစ်ရတယ်လို့ မတင်မိုးသွယ်ကလည်း ဆိုပါတယ်။

“ကိုယ့်အဖွဲ့တွေအကုန် တညီတညွတ်တည်းလုပ်ရတာမို့ ဝမ်းသာတယ်။ ညဘက်လည်း အားရင် အားတဲ့အချိန် အမှိုက်ပုံးတွေမှာ ဘူးတွေ လိုက်ကောက်တယ်။ နေ့ခင်းဘက်ဆိုရင်လည်း ငါးပစ်တယ်။ ဘူးခွံကောက်တယ်၊ ရေတက်တဲ့အချိန်ဆို ခရုကောက်ရတယ်၊ ပုလင်းကွဲတွေရှတယ်၊ ဆူးတွေ ဆူးတယ်၊ ဖြစ်ပါစေ၊ ဘယ်လောက်ပဲဖြစ်ဖြစ် ဒီလိုကူညီရတာ ဝမ်းသာတယ်"

thailand-002.jpg
မဟာချိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း လူငယ်များအဖွဲ့က ဖမ်းယူရရှိသည့် ငါးများအား သန့်စင်ပြီး နေလှန်းထားစဉ်။ (Photo: RFA)

အဖွဲ့ဝင်နောက်တစ်ဦးကတော့ မမြင့်ရီ ပါ။ သူ့မှာ ကျောင်းနေအရွယ် ကလေးငယ်နှစ်ဦး ရှိပြီး အချိန်ရရင်ရသလို ဒီအဖွဲ့မှာ ပါဝင်ကူညီနေတာပါ။ နိုင်ငံ့အကျိုးအတွက် တစ်ဖက်တစ်လမ်းက အခုလို ကူညီရတာ ဝမ်းမြောက်မိတယ်လို့ သူက ပြောပါတယ်။

“ကျွန်မက သူတို့နောက်ကို အမြဲမလိုက်နိုင်ဘူး၊ ကျွန်မမှာ ကလေး နှစ်ယောက်ရှိတယ်၊ ကလေးတွေကို ကျောင်းပို့ ကျောင်းကြိုလုပ်ပြီးမှပဲ လိုက်နိုင်တယ်။ နောက်ကျွန်မက ရေထဲ မဆင်းရဲတော့ ကုန်းပေါ်မှာပဲ ကူညီတယ်၊ ခရုတွေကောက်လာတာတွေကို ကူတယ်၊ ငါးတွေကို ခုတ်ဖြတ် နေလှန်းတယ်။ ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ဝိုင်းကူတယ် ကျွန်မတို့နိုင်ငံ လွတ်လပ်ဖို့ နိုင်ငံလွတ်လပ်မှ ပျော်ရွှင်ရမှာ”

ကျန်းမာရေးမကောင်းတဲ့ကြားက ဒုက္ခရောက်တဲ့သူတွေကို ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိသလို နိုင်ငံ့အကျိုးအတွက် သူတို့လို ကူညီနိုင်မယ့်သူတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်လို့ အဖွဲ့ဝင်နောက်တစ်ဦးဖြစ်တဲ့ မလွမ်းပိုကလည်း ပြောပါတယ်။

”ဘူးလေးတွေ ကောက်ရင် တစ်ခါတလေကျရင် ထမင်းတောင်မစားနိုင်ဘူး။ အနံ့အသက်တွေ အရမ်းပြင်းတယ်။ ပြင်းရင် ပြင်းပါစေ ကျွန်မတို့ရအောင် ကောက်တယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ပင်ပန်းပါစေ၊ ပျော်သလိုနေတယ် ပျော်လဲ ပျော်တယ်၊ ကိုယ့်ကိုယ်ကိုယ်လဲ ဂုဏ်ယူတယ်။ နောက်လူတွေ ကျွန်မတို့ ငါးယောက်ကိုကြည့်ပြီး အတုယူလုပ်ဆောင်နိုင်ပါစေလို့ ကျွန်မတို့ ဆုတောင်းတယ်”

သူတို့ထဲမှာ တချို့က ထိုင်းနိုင်ငံကို ရောက်တာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သလို တချို့ကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်မှ ရောက်လာခဲ့တာပါ။ သူတို့အားလုံး ဝင်ငွေရတဲ့အလုပ် မလုပ်ဘဲ မြန်မာစစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေသူတွေကို သူတို့လုပ်အားနဲ့ ကူညီဖို့ ကြိုးစားနေကြတာပါ။ သူတို့အကူအညီကို လက်ခံရရှိသူတွေဆီက ပီတိစကားတွေကို ကြားရတဲ့အခါ အတိုင်းမသိ ဝမ်းသာရသလို ပင်ပန်းပေမဲ့လည်း ဒီထက်ကူညီနိုင်ဖို့ ကြိုးစားလိုစိတ်တွေ ပိုပြီးခိုင်မာလာတယ်လို့ သူတို့အားလုံးက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။